ကရင်ပြည်နယ် လောခီးလာ၌ ကျင်းပနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ညီလာခံတွင် အစိုးရ တောင်းဆိုထားသော အပစ်အခတ် ရပ်စဲပြီးမှ နိုင်ငံရေး မူဘောင် ဆွေးနွေးမည်ဆိုသည့် လုပ်ငန်းစဉ်ကို သဘောတူ လက်ခံလိုက်ကြကြောင်း သိရသည်။
“တိုင်းရင်းသားတွေ အကုန်လုံးကတော့ ဒါကိုလက်ခံသွားပါပြီ။ အားလုံးက ဒီကိစ္စကို လက်ခံသွားပြီဖြစ်လို့ ဒီနေ့နောက်ဆုံးရက်မှာ စာချုပ်ပါ အချက်တွေကို အတည်ပြုသွားမှာပါ”ဟု တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်ရေး အဖွဲ့(NCCT)မှ ဒေါက်တာ ဆလိုင်း လျန်မုန်းဆာခေါင်းက ပြောသည်။
ယနေ့ ကျင်းပနေသည့် ကရင်အမျိုးသား အစည်းအရုံး(KNU)ဌာနချုပ် လောခီးလာ ညီလာခံ နောက်ဆုံးနေ့ ဆွေးနွေးပွဲ မစတင်မီ ဧရာဝတီက မေးမြန်းစဉ် ထိုသို့ ပြောကြားခြင်း ဖြစ်သည်။
“ဒီဟာက အစိုးရဘက်ကလည်း လိုချင်တဲ့ပုံစံပေါ့။ ဘောင်ဝင်အောင် အရင်လုပ်လိုက်တာပေါ့။ တကယ့်စာချုပ်မှာက အပစ်အခတ် ရပ်စဲရေးကနေ နိုင်ငံရေး ဆွေးနွေးပွဲ ဆက်တက်နိုင်အောင်တော့ နိုင်ငံရေးမူဘောင်ထဲက တချို့ကို ဒီအပစ်ခတ်ရပ်စဲရေး စာချုပ်ထဲ မှာ ထည့်ထား ပါတယ်။ ဒီ ဟာကို အစိုးရက လက်ခံ မခံဘဲ ရှိတော့တာပေါ့”ဟု NCCT အဖွဲ့ဝင်တဦး ဖြစ်သော ဦးခွန်ဥက္ကာ ကလည်း ပြောသည်။
လက်မှတ်ရေးထိုးရေးနှင့် ပတ်သက်၍ အဖွဲ့စည်းပေါင်းစုံ တပြိုင်နက် လက်မှတ်ထိုးရေးဟူသည့် စကားလုံးကိုလည်း အတူတကွရေး ထိုးမည်ဟူသည့် စကားလုံးကို ပြင်ဆင်လိုက်ကြောင်း၊ ရေးထိုးရာတွင် လက်နက်ကိုင် တိုင်းရင်းသားများ ထိုးမည့်အချိန် သတ်မှတ်ချက် ကို ယနေ့ဆွေးနွေးပွဲတွင် အတည်ပြုသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အစိုးရပြောသလို Opening Book လုပ်မှာတော့ မဟုတ်ဘူး။ ဒါပေမယ့် တပြိုင်နက်ကတော့ ထိုးမရဘူးလေ။ ဒီတော့ တရက် တည်းမှာ ဘယ်အချိန် ထိုးမလဲ။ ၃ ရက်အတွင်း ထိုးမလား။ အဲဒီလိုတွေ ရှိတယ်။ ကျန်နေတာတော့ မရှိစေရဘူးပေါ့”ဟုလည်း
ဦးခွန်ဥက္ကာ က ပြောသည်။
အစိုးရ တင်ပြထားသကဲ့သို့ အချိန်သတ်မှတ်ချက်မရှိဘဲ ထိုးချင်မှထိုးမည်ဆိုသည့် အစီအစဉ်မျိုး လုပ်ဆောင်ရန် မရှိကြောင်း၊ ထိုသို့စီစဉ် ထားသည့် အဖွဲ့လည်း မရှိပါကြောင်း၊ မည်သည့်အဖွဲ့မှ မည်သို့ ပုံစံထိုးမည်ကို ယနေ့ အတည်ပြုဆွေးနွေးမည် ဖြစ်ကြောင်း သိရ သည်။
“ဒီနေ့အစည်းဝေးမှာ ထိုးမယ့်အဖွဲ့ ဘယ်နှစ်ဖွဲ့ရှိလဲ ဆိုတာကို ညှိမယ်။ ဦးအောင်မင်းကတော့ ၁၆ ဖွဲ့ ပြောပေမယ့် ၁၆ ဖွဲ့ ဟုတ်ချင်မှဟုတ် မယ်။ ထိုးရမယ့် လူစာရင်းကို ကိုင်ထားမယ်။ အခုတော့ လိုင်ဇာမှာ လာဆွေးနွေးတဲ့ အဖွဲ့တိုင်းကတော့ ပါဝင်သင့် ပါဝင်ထိုက် သော အဖွဲ့တွေ ဖြစ်တယ်။ နောက် ပါဝင်သင့်ပါဝင်ထိုက်သော အဖွဲ့တွေကိုလည်း ထပ်မံထည့်သွားဖို့ စာချုပ်မှာ ထည့်ထားပါတယ်”ဟု ဦးခွန်ဥက္ကာက ပြောသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာ၊ နိုဝင်ဘာလက ကျင်းပသည့် လိုင်ဇာညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၈ဖွဲ့ တက် ရောက်ခဲ့ပြီး အဆိုပါ တက်ရောက်လာသည့် အဖွဲ့များမှ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) မှ လွဲ၍ လက်နက်ကိုင် အဖွဲ့ ၁၇ ဖွဲ့မှ NCCT ကို ဖွဲ့စည်း ပါဝင်ကာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ မူကြမ်း (NCA)ကို ရေးဆွဲခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စာရင်းကို တိုင်းရင်းသားများက ပြန်လည်ပြုစုလျက်ရှိပြီး အတည်ပြုချက် မယူရ သေးသည့် စာရင်းအရ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ပေါင်း ၁၇ ဖွဲ့၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) အပါအဝင် အဖွဲပေါင်း ၁၈ ဖွဲ့ ရှိနေကြောင်း သိရသော်လည်း အစိုးရက အဖွဲ့ ၁၆ ဖွဲ့ ဟုသာ အသိမှတ် ပြုထားသေး သဖြင့် ဆွေးနွေးရန် ရှိနေသေးကြောင်း NCCT က ပြောသည်။
တချို့သော တိုင်းရင်းသား လူမျိုး တမျိုးတွင် လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့၊ ၃ ဖွဲ့အထိ ရှိနေသည့် အပေါ်တွင် မည်သို့ စီစဉ်သွားမည် ကိုမူ မသိရှိရသေးပေ။
“ဒါကိုတော့ စီစဉ်ရဦးမှာပါ။ အဖွဲ့တွေက တိုင်းရင်းသားပဲ ကိုယ်စားပြုမလား၊ အဖွဲ့ကိုပဲ ကိုယ်စားပြုမလား မသိသေးဘူး။ အဲဒါကို ဆွေးနွေးမယ်”ဟု ဒေါက်တာ ဆလိုင်းလျံမုန်း ဆာခေါင်း က ပြောဆိုသည်။
ရခိုင်ပြည် တပ်မတော်(AA)မှ စစ်ဦးစီးချုပ် ထွန်းမြတ်နိုင် ကလည်း“မြန်မာတွေမှာလည်း အဖွဲ့ များတာပဲလေ။ ရှိကြပါတယ်။ ကျနော် တို့ရခိုင်မှာဆို ၃ ဖွဲ့ပေါ့။ ဒီတော့ ဒီမှာလူမျိုးလိုက် ထိုးမှာလား။ အဖွဲ့စည်းကို ထိုးမလား ပေါ့။ အဖွဲ့စည်းတွေနဲ့ အစိုးရနဲ့ထိုးတဲ့ ပဋိညာဉ် စာချုပ်လား။ အဖွဲ့စည်းတွေဆို သီးခြားထိုးရတယ်။ ရခိုင်လူမျိုးတွေ ဆိုရင်တော့ ကျနော်တို့ ပူးပေါင်းထိုးဖို့တော့ လုပ်မှာပါ”ဟု ပြော သည်။
အဆိုပါ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို မည်သို့တပြေးညီ လက်မှတ်ထိုးမည်နှင့် မည်သည့် အဖွဲ့စည်းများ ပါဝင်မည်ကိုမူ ယနေ့ဆွေးနွေးပွဲပြီးမှသာ တရားဝင်ပြောနိုင်မည် ဖြစ်ကြောင်း၊ ထို့အပြင် တိုင်းရင်းသား အဖွဲ့မဟုတ်သည့် ABSDF အဖွဲ့ကိုလည်း အပစ် အခတ် ရပ်စဲရေး စာချုပ်တွင် ပါဝင်နိုင်ရန် စီစဉ်ထားကြောင်း၊ မည်သို့ပါဝင် မည်ကိုမူ ဆွေးနွေးနေဆဲဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ အဖွဲ့ကလည်း တိုင်းရင်းသားအဖွဲ့ မဟုတ်ပေမယ့် တိုင်းရင်းသား ဒေသတွေမှာ ရှင်သန်နေခဲ့ရသူတွေပါ။ ဖက်ဒရယ် ပြည်ထောင်စုကို လိုချင်သူပါ။ ဒီမိုကရေစီကို တောင်းဆိုရင်း လက်နက်ကိုင်တဲ့လူတွေ ဖြစ်ပေမယ့် တိုင်းရင်းသား အရေးမှာလည်း ပါတယ်။ ကျနော်တို့ ကြေညာစာတမ်းတွေ မှာလည်း တိုင်းရင်းသားအရေးတွေ ပါပါတယ်။ နောက်အခုလည်း အစိုးရနဲ့ အပစ်အခတ် ရပ်စဲ ထားပါတယ်။ ဒီလို တနိုင်ငံလုံး အပစ်အခတ် ရပ်တာမှာလည်း ပါဝင်ဖို့လိုပါတယ်”ဟု လောခီးလာ တိုင်းရင်းသား ညီလာခံတွင် လေ့လာသူ အဖြစ် တက်ရောက်နေသည့် ABSDFမှ ရဲဘော် သံခဲက ပြောကြားထားသည်။
ထိုသို့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်မထိုးမီ စာချုပ်ပါအချက်များကို လူထုကိုချပြရန် အစိုးရနှင့် ညှိုနှိုင်းသွားရန် ရှိကြောင်း လည်း သိရသည်။
လောခီးလာ ညီလာခံကို မူလက ဇန်နဝါရီ ၂၀ ရက်မှ ၂၂ ရက်အထိကျင်းပရန် စီစဉ်ထားသော်လည်း အဓိက ဆွေးနွေးချက်များ မပြီး ပြတ်သောကြောင့် ရက် ထပ်တိုးထားခြင်း ဖြစ်သည်။