အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) အနေဖြင့် မြန်မာနိုင်ငံအတွင်း စစ်ဘေးသင့် ဒေသများနှင့် လူမှုရေး အကူအညီများ ပြုလုပ်ရန် ယခုနှစ်အတွက် ဘတ်ဂျတ်ငွေ အမေရိကန် ဒေါ်လာ ၂၄ ဒသမ ၄၁ သန်းခန့် လျာထားသည်ဟု ဆိုသည်။
ICRC လုပ်ငန်းစဉ်များအနေဖြင့် လူသားချင်း စာနာမှုဆိုင်ရာ ကူညီဆောင်ရွက်မှု၊ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု၊ အကျဉ်းသား များ၏ အခြေအနေများကို လေ့လာခြင်းများအပြင် သဘာဝဘေးအန္တရာယ် ဖြစ်ပွားသည့် နေရာများသို့ သက်ဆိုင်ရာ ဒေသ အစိုးရ အဖွဲ့၏ ခွင့်ပြုချက်ဖြင့် လိုအပ်သော အကူအညီများ ပေးအပ်လျက်ရှိသည်ဟု ICRC ၏ ပြန်ကြားရေးနှင့် ညှိနှိုင်းရေးမှူး Mr. Michael O’Brien က ယနေ့ ရန်ကုန်မြို့ မီကာဆာ ဟိုတယ်၌ သတင်း မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခြင်း ဖြစ်သည်။
“ပြည်ထဲရေး၊ ကျန်းမာရေး စတဲ့ ဝန်ကြီးဌာနတို့ရဲ့ ခွင့်ပြုချက်တွေအပြင် သက်ဆိုင်ရာ ဒေသ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်တွေနဲ့ ICRC က ကူညီမှုတွေ လုပ်ပါတယ်။ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ပါတယ်။ သက်ဆိုင်ရာက သဘောမတူရင် ကိုယ့်ဆန္ဒနဲ့ကိုယ် ဝင်ရောက်ခြင်း မပြုပါဘူး”ဟု Mr. Michael O’Brien က ပြောသည်။
ICRC အနေဖြင့် ဒေသတွင်းစစ်ပွဲနှင့် ပဋိပက္ခဖြစ်ပွားရာ နေရာများ၊ အကြမ်းဖက်မှု ဒေသများတွင် ကြုံတွေ့နေရသည့် အပြစ်မဲ့ ပြည် သူ များအား ကာကွယ်စောင့်ရှောက်ရန်၊ ထိုကဲ့သို့ ကိစ္စရပ်များတွင် အရပ်သားများ ထိခိုက်မှုမရှိစေရန် နှစ်ဘက်ခေါင်းဆောင်များဖြင့် ဆွေးနွေးတိုင်ပင်၍ အကူအညီပေးအပ်မှုများ ပြုလုပ်လျက်ရှိ သည်ဟု သိရသည်။
ထို့အပြင် ဒေသတွင်း အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ နိုင်ငံတွင်းရှိ ကြက်ခြေနီ အဖွဲ့အစည်းများဖြင့် ပူးပေါင်းကာ ဒေ သတွင်း ကျန်းမာရေး ကူညီမှုများ၊ ရေရရှိမှု အခြေအနေ၊ မိလ္လာစနစ်များ အပြင် စစ်ဘေးကြောင့် ကွဲကွာနေရသော မိသားစုများ ပြန်လည်ပေါင်းစည်းရေး များကို ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
ICRC အနေဖြင့် ယခုနှစ်တွင် ဘတ်ဂျတ်လျာထားချက် တိုးလာသောကြောင့် လူမှုရေးဆိုင်ရာ ကူညီမှုများ ပိုမိုပြုလုပ်မည့် အပြင် ကချင်ပြည်နယ် ကချင် လွတ်လပ်ရေး တပ်မတော်(KIA) ဗဟို ထိန်းချုပ်နယ်မြေအတွင်းရှိ လိုင်ဇာဆေးရုံနှင့် မိုင်ဂျာယန် ဆေးရုံများကို အကူအညီများ ပေးအပ်သွားမည်ဟု ICRC မှ ဆက်သွယ် ညှိနှိုင်းရေးမှူး ဦးမိုးမြင့်အောင်က ဧရာဝတီသို့ ပြောသည်။
“အဲ့ဒီဆေးရုံတွေမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အဆောက်အအုံတွေ မွမ်းမံ ပြင်ဆင်ပေးတာမျိုးကို ကူညီပေးဖို့ရှိတယ်၊ ပြီးတော့ စစ် လက်နက် အကြောင်းပြုပြီး ရရှိခဲ့တဲ့ ဒဏ်ရာတွေကို ခွဲစိတ် ကုသတဲ့အပိုင်းမှာ ဆရာဝန် သူနာပြုတွေကို ကျန်းမာရေးပိုင်း ဆိုင် ရာတွေ အသိပညာပေးသွားတာမျိုး လုပ်သွားပါမယ်”ဟုလည်း ဦးမိုးမြင့်အောင်က ဆိုသည်။
ထို့အပြင် စစ်ပွဲဖြစ်ပွားရာ ဒေသများရှိ လက်နက်ကိုင်စစ်ပွဲများကြောင့် ဒုက္ခရောက်နေသူများအား အသက်မွေးမှု လုပ်ငန်းများ ပြန် လည်လုပ်ကိုင်နိုင်ရေးနှင့် လယ်ယာသုံး ပစ္စည်းကိရိယာများ၊ မွေးမြူရေး လုပ်ငန်းဆိုင်ရာများ စသည်တို့ကို ကူညီပေးသွားမည်ဟု သိရသည်။
“ဒေသနဲ့ ကိုက်ညီတဲ့ အရာတွေကို ကူညီ ပေးအပ်သွားပါမယ်။ တိုက်ပွဲတွေ၊ အကြမ်းဖက်မှုတွေ ဖြစ်ပွားခြင်းကြောင့် မိသားစု စားဝတ်နေရေးတွေ အဆင်မပြေတာကို ပြန်လည် ဖြည့်ဆည်းပေးခြင်း ဖြစ်ပါတယ်”ဟုလည်း ဦးမိုးမြင့်အောင်က ပြောဆိုသည်။
ထို့အပြင် အကျဉ်းထောင်များသို့ ဝင်ရောက်ကူညီပေးမှုနှင့် ပတ်သက်၍ ဂျနီဗာ သဘောတူညီချက်အရ နိုင်ငံအစိုးရ၏ ခွင့်ပြုချက် ရရှိမှသာ ဝင်ရောက်နိုင်သည် ဖြစ်ခြင်းကြောင့် အကျဉ်းထောင်၊ အကျဉ်းသား ကိစ္စရပ်များအား ၎င်းတို့အနေဖြင့် အတွင်းရေးသဖွယ် ထားရှိရသည်ဟု ဆိုသည်။
ICRC အနေဖြင့် အကျဉ်းထောင်များသို့ ဝင်ရောက်ကာ အကျဉ်းသားများနှင့် တွေ့ဆုံမှုကို ၁၉၉၉ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၀၅ ခုနှစ် တွင် ရပ်ဆိုင်းခဲ့ကာ ၂၀၁၃ ခုနှစ်၌ ထိုလုပ်ငန်းစဉ်အား ပြန်လည် စတင်ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ် အတွင်း အကျဉ်းထောင်၊ အလုပ် စခန်း ၁၇ ခုအား အကြိမ်ရေ ၂၀ခန့် သွားရောက်ခဲ့ကြောင်း သိရသည်။
“ထောင်ထဲရှိရှိသမျှ နေရာအားလုံးကို ဝင်ရောက်သွားလာခွင့် ရှိရမယ်။ ထောင်ကျသူတိုင်းနဲ့ တွေ့ဆုံနိုင်ရမယ်။ လွတ်လွတ်လပ်လပ် သီးခြားတွေ့ဆုံ စကားပြောဆိုနိုင်ရမယ်၊ လိုအပ်တဲ့ စာရင်းကို ပြုစုခွင့် ရှိရမယ်၊ လိုအပ်ရင် စာရင်း ပြသပေးနိုင်ရမယ်၊ အကျဉ်းသား တွေနဲ့ ထပ်မံ တွေ့ဆုံပေးခွင့် ပြုရပါလိမ့်မယ်၊ ဒါတွေ သဘောတူညီမှ အကျဉ်းထောင်တွေကို ဝင်ရောက်နိုင်ပါတယ်”ဟု ဦးမိုးမြင့်အောင် က ပြောဆိုသည်။
ထိုအချက်များသည် နိုင်ငံတကာ သဘော တူညီချက်များဖြစ်ပြီး အစိုးရက လိုက်နာနိုင်လျှင် ICRC အနေဖြင့် အကျဉ်းထောင်များအတွင်း ဝင်ရောက်နိုင်သည်ဟု ဆိုသည်။
အကျဉ်းစခန်းများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံ တင်ပြကာ အစိုးရအနေဖြင့် လိုအပ်ချက်များအား ပြုပြင်လိုက်နာခြင်း မရှိမှသာ ICRC အနေဖြင့် ထုတ်ဖော် ပြောကြားခြင်းဖြစ်သည်ဟု သိရသည်။
ယခင်နှစ် ဘတ်ဂျက် လျာထားငွေ ပမာဏသည် ကန်ဒေါ်လာ ၁၇ ဒသမ ၂၂ သန်းဖြစ်ပြီး ယခုနှစ် ဘတ်ဂျက် လျာထားငွေသည် ကန်ဒေါ်လာ ၂၄ ဒသမ ၄၁ သန်း ဖြစ်ခြင်းကြောင့် ပိုမို တိုးလာသည့် ဘတ်ဂျက်ငွေ ပမာဏအရ မြန်မာအစိုးရနှင့် သဘောတူညီပြီး လုပ်ငန်းများအပြင် စစ်ဘေးဒဏ် ခံနေရသော ဒေသရှိ မိသားစုများသို့ ပိုမို ကူညီမှုများပြုလုပ်သွားမည် ဖြစ်ကြောင်း ICRC က ပြော ဆို သည်။