မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း ကဏ္ဍတွင် အနောက်နိုင်ငံများ၏ ဝင်ရောက် ရင်းနှီးမြှုပ်နှံမှုမှာ မရှိသလောက်ပင် ဖြစ်နေကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးမြင့်စိုးက ဧရာဝတီသို့ ပြောသည်။
“Investment (ရင်းနှီးမြှုပ်နှံမှု)အနေနဲ့ဆိုရင် အနောက်နိုင်ငံ ဘယ်နိုင်ငံမှ မလာသေးဘူး၊ အော်ဒါအနေနဲ့ပဲ လာတယ်”ဟု ၎င်းက ပြော ပြသည်။
လက်ရှိအနေအထားတွင် အထည်ချုပ်လုပ်ငန်းအပိုင်း၌ စက်ရုံ အများဆုံးနှင့် လုပ်ကိုင်နေကြသည်မှာ ဂျပန်နှင့် တောင် ကိုရီးယား နိုင်ငံတို့ဖြစ်ပြီး တရုတ်နှင့် ဟောင်ကောင်တို့လည်း ဝင်ရောက်လုပ်ကိုင်မှု များလျက်ရှိကြောင်း အထည်ချုပ်လုပ်ငန်းရှင်များက ပြော သည်။
အနောက်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ ဖြတ်တောက်၊ ပြုလုပ်၊ ထုပ်ပိုး(CMP) လက်ခစား စနစ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုအဖြစ် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ကုန် အထိ ဝင်ရောက်မှုများ ရှိခဲ့သော်လည်း အထည်ချုပ်လုပ်ငန်းတွင် ဗြိတိန်နိုင်ငံမှ တခုသာ ဝင်ရောက်ခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္မဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ပြောဆိုသည်။
“အထည်ချုပ်အပိုင်းမှာ ပြီးခဲ့တဲ့နှစ် ၁၁ လ ပိုင်းက ခွင့်ပြု့ခဲ့တဲ့ ဗြိတိန်က တခုပဲရှိပါတယ်”ဟုလည်း အထက်ပါ တာဝန်ရှိသူက ပြော သည်။
ဥရောပ သမဂ္ဂ(EU) နိုင်ငံများမှ လုပ်ငန်းရှင်များအနေဖြင့် အထည်ချုပ် လုပ်ငန်းအပိုင်းတွင် လာရောက်လေ့လာမှုများ ရှိသော် လည်း တချို့သော ၎င်းတို့ ၏ ကုန်အမှတ်တံဆိပ်(Brand) များကို မြန်မာနိုင်ငံဈေးကွက်တွင် အတုလုပ် ရောင်းချနေခြင်းကို တွေ့ရ၍ ထိုအခြေအနများနှင့်ပတ်သက်သည့် အကာအကွယ်ပေးမှုအပိုင်းများကို ဆွေးနွေးလေ့ရှိကြောင်း မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒု ဥက္ကဌ ဒေါက်တာ မောင်မောင်လေး က ပြောပြသည်။
“သူတို့က စိုးရိမ်တာ တခုတော့ရှိတာပေါ့၊ သူတို့ကို တုတဲ့ဟာတွေ အတုတွေပေါ့၊ အခုဈေးကွက်မှာ Mark & Spencer ကို အတု တွေ ရောင်းနေတာ အများကြီးတွေ့တယ် ပြောတယ်၊ ဒါတွေကို ဘယ်လို ကာကွယ်ပေးမလဲပေါ့၊ ဒါတွေကို မေးပါတယ်၊ ဒီအပိုင်းတွေကို အမေရိကန်တွေကလည်း မေးပါတယ်၊ အမေရိကန်တွေ တော်တော်များများ မလာရဲတာ ဒါကြောင့်လည်း ပါတယ်”ဟု ၎င်းက ပြောသည်။
ဗြိတိန်အခြေစိုက် နာမည်ကျော် အဝတ်အထည်လုပ်ငန်း အမှတ်တံဆိပ်တခုဖြစ်သည့် Mark & Spencer မှတာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ပြေားကြားသော အတုများ ရောင်းချမှုရှိနေသည့် ဈေးကွက်အခြေအနေနှင့် ပတ်သက်၍၎င်းက ပြောခြင်းဖြစ်သည်။
ထိုသို့သော အခြေအနေများနှင့် ပြည်တွင်း အထည်ချုပ် လုပ်ငန်းများသို့ ရင်းနှီးမြှုပ်နှံမှု အပိုင်းတွင် စဉ်းစားတွေဝေနေကြသော် လည်း အမှာ ရရှိမှု အပိုင်းတွင် ပိုမိုတိုးတက်လာကြောင်း သိရသည်။
မြန်မာနိုင်ငံမှ အထည်ချုပ်စက်ရုံများ အမှာ အများဆုံး ရရှိကြသည့် အပိုင်းတွင် ယခုအခြေအနေ၌ ဂျပန်နိုင်ငံသာဖြစ်နေပြီး EU နိုင်ငံ များမှလည်း အမှာတက်လာလျက် ရှိသည်ကိုတွေ့ရကြောင်း ဦးမြင့်စိုးက ပြောသည်။
“EUက အခုတက်လာပြီ၊ အရင်က ဂျပန်များတယ်၊ EUက တဖြည်းဖြည်း တက်လာတယ်၊ နောက်တော့ ကျော်တက်သွားမှာ”ဟု ၎င်းက ဆိုသည်။
ထိုသို့ နိုင်ငံတကာမှ အမှာ အော်ဒါ ရရှိမှုအပိုင်း မြင့်တက်လာနေသောအချိန်တွင် မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းခွင် စက်ရုံများ၌ ကျွမ်းကျင်လုပ်သား ရှားပါးမှု အခြေအနေကို ရင်ဆိုင်နေရကြောင်းလည်း ဦးမြင့်စိုးက ပြောဆိုသည်။
မြန်မာ့ အထည်ချုပ်လုပ်ငန်းများအနေဖြင့် ယခင်ကကိုရီးယားနှင့် ဂျပန်နိုင်ငံများမှ အမှာအော်ဒါများကိုသာ အားထားချုပ်လုပ်သူများပြီး ယခုအချိန်တွင် အနောက်နိုင်ငံများမှ စီးပွားရေး အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်း ပေးခဲ့ခြင်းကြောင့် အမှာအော်ဒါ သိသာစွာ များပြား လာလျက်ရှိသည်ဟု အထည်ချုပ် လုပ်ငန်း အသိုင်းအဝိုင်းက ပြောသည်။
မြန်မာနိုင်ငံ၏ အထည်ချုပ်တင်ပို့မှုတွင် ယခင် အမေရိကန်နိုင်ငံသို့ များစွာတင်ပို့ခဲ့ရပြီး ယခုအခြေအနေတွင် ယခင်ဈေးကွက် အနေ အထားကို ပြန်လည်ရောက်ရှိရန်မှာ များစွားလိုနေသေးကြောင်းလည်း သိရသည်။