ထိုင်းနှင့် မြန်မာ ဒီမိုကရေစီ အရွေ့များကို လေ့လာခြင်း

ညီစောလွင်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၁၉၈၀ အလွန်မှာ ဒီမိုကရေစီရေး နိုးကြားခဲ့ကြသည့် ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မြန်မာတို့တွင် လောလောဆယ် ပထမ ၃ နိုင်ငံ က ပိုမိုရင့်ကျက် ခိုင်မာသော ဒီမိုကရေစီ အဆင့်ဆီကို ချီတက်နေချိန်၌ ၃ နှစ်ဝန်းကျင် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပြန်လှည့်သွားမည်ကို စိုးရိမ်နေရဆဲ ဖြစ်သည်။

လက်ရှိ ထိုင်းအကျပ်အတည်းသည် ပို၍ ရင့်ကျက်ခိုင်မာသော ဒီမိုကရေစီ နောက်တဆင့်ကို တက်လှမ်းရန် အားယူနေသော ဒီမိုကရေစီ လှိုင်းဂယက်များ ဖြစ်သည်။ ၁၉၉၂ လူထုအုံကြွမှုက အရှိန်မြှင့် ပေးလိုက်သော ဒီမိုကရေစီလှိုင်း၏ အဆက် ဟု ဆိုရပါမည်။ သက်ဆင်ရှင်နာဝပ် အာဏာရသည့် ၂၀၀၁ ခုနှစ် နောက်ပိုင်း လမ်းကြောင်းလွဲသွားသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကို မြို့ပေါ် လူလတ်တန်းစားက ဦးဆောင်ပြီး ပြန်လည် တည့်မတ်နေခြင်း ဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် တောနေ ဆင်းရဲသားများကို လျစ်လျူရှုထားလျှင် ပေါ်ပြူလစ် နိုင်ငံရေး သမား၏ အသုံးချခံ ဖြစ်သွားနိုင်သည် ဆိုသည့် အချက်ကိုလည်း မြို့ပေါ် နိုင်ငံရေး အသိုင်းအဝိုင်းကို လှလှပပ သင်ခန်းစာ ပေးလိုက်သည်။ လောလောဆယ် အတိုက်အခံရော၊ အာဏာရအုပ်စုတွေပါ ကြွေးကြော် နေ သည်မှာ “ပြုပြင်ပြောင်းလဲရေး (Reform)” ဖြစ်သည်။

၂၀၁၂ ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံသို့ သွားရောက် ခဲ့သည်။ နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်လည်း ဖြစ်သည်။ ဘန်ကောက်မြို့ အစွန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို နားထောင်ရန် စုရုံးလာကြသည့် မြန်မာများထဲတွင် “အိမ်ပြန်ချင်တယ်” ဟု ရေးထားသော ဆိုင်း ဘုတ် ကိုင်ထားသူများ ကိုလည်း တွေ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်က “အားမငယ်ကြနဲ့၊ သမိုင်းဆိုတာ အမြဲတမ်း ပြောင်းလဲ နေ တာပဲ၊ အတတ်နိုင်ဆုံး ကြိုးစားပေးမယ်”ဟု ကတိပေး ပြောကြားခဲ့သည်။ ထိုရက်ပိုင်းတွင် ထိုင်းမိတ်ဆွေများနှင့် ဆုံသောအခါ သူတို့က “ မြန်မာတွေ အိမ်ပြန်ရဖို့ အချိန်နီးပြီပေါ့”ဟု မေးကြသည်။

ထိုင်းနိုင်ငံတွင် နေထိုင်ခဲ့သည့် ဆယ်နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို မလေးစားသည့် ထိုင်းဟူ၍ တယောက်တလေ မျှ မတွေ့ဆုံဘူးပါ။ ဒေါ်အောင်ဆန်းစုကြည်၏ အနစ်နာခံမှု၊ ဂုဏ်သိက္ခာ သာမက ပညာတတ်တာကို လေးစား အထင်ကြီး ကြသည်။ ချင်းမိုင်သား တချို့က ဆိုလျှင် သူတို့ ချစ်ခင်သော လက်ရှိ ဝန်ကြီးချုပ် ယင့်လတ်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် ဂုဏ်ယူစွာ နှိုင်း သည် ကိုလည်း ကြုံဖူးပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင် အထင်ကြီးကြသည့်အလျောက် မြန်မာပြည်ကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်လျှင် မြန်မာတွေ အိမ်ပြန်ရမည့်အချိန်သည် မဝေးတော့ဟု သူတို့ တကယ်ထင်နေသည်ဟု ထင်ပါသည်။

ယခုလပိုင်းများ အတွင်း ထိုင်းနိုင်ငံတွင် ဆန္ဒပြပွဲများ အရှိန်မြင့်နေပြန်ရာ ထိုင်း မိတ်ဆွေများက“တို့နိုင်ငံမှာ ပြဿနာတွေ မပြီးတော့ ဘူး၊ မင်းတို့နိုင်ငံတော့ အဆင်ပြေသွားပြီးနော်”ဟု စိတ် မသက်မသာစွာ ပြောတတ်ကြသည်။ ဥရောပသား မိတ်ဆွေများ ကလည်း ထိုနည်းလည်းကောင်းပင်။ မြန်မာပြည် အပြောင်းအလဲကို အတော်လေး အကောင်းမြင် မျှော်လင့်နေကြသည်။

လောလောဆယ် အာရပ်နွေဦး နိုင်ငံများတွင် ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် ဒီမိုကရေစီ အတွက် ရုန်းကန်ရဆဲ၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ မလေးရှားနိုင်ငံ တို့တွင်လည်း ဆန္ဒပြပွဲများ ပေါ်ပေါက်နေချိန်တွင် မြန်မာပြည်တွင်လည်း အတိုက်အခံက ကြားဖြတ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရပြီး လွှတ်တော်ထဲဝင်သွားသည်။

 မြန်မာနိုင်ငံတွင် ဆန္ဒထုတ်ဖော်နေသည့်ပုံ (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)
မြန်မာနိုင်ငံတွင် ဆန္ဒထုတ်ဖော်နေသည့်ပုံ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး စကားပြောနေသည်။ နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေး သည်၊ မီဒီယာ ထိန်းချုပ်မှုကို ဖြေလျှော့ပေးသည်။ လူထုဆန္ဒပြပွဲများ၊ အလုပ်သမား ဆန္ဒပြပွဲများ အထိုက်အလျှောက် ရှိလာသည်။ နိုင်ငံတကာ အစိုးရတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်ဆံရေး လမ်းကြောင်း ပြန်ပွင့်လာသည်။ ပြည်ပရောက် သူများ ပြည်တော်ပြန်ခွင့် ရလာကြသည်။ ဆီးဂိမ်း ပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်သည်။ အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို လက်ခံလိုက်သည်။

မြန်မာပြည်သူများ အတွက် တောက်ပသော အနာဂတ်တခု ရှိနေသယောင် ထင်ရပါသည်။ သို့သော် တကယ့် အရှိတရားမှာ ဒီမိုကရေစီ မကျသော ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ငန်းစဉ်အစ၌ပင် အာဏာရအုပ်စုက အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်ကို ရှောင်နေကြသည်။ ထိုကဲ့သို့ ဆွေးနွေးညှိနှိုင်း၊ အပေးအယူ လုပ်လိုသည့် နိုင်ငံရေး ယဉ်ကျေးမှု မရှိခြင်းသည်ပင် လောလောဆယ် ထိုင်းနိုင်ငံအပါဝင် ကမ္ဘာ့အနှံ့တွင် ပေါ်ပေါက်နေသော နိုင်ငံရေး ပြဿနာ အားလုံး၏ အကြောင်းရင်း ဖြစ်သည်။ တခြား ပြဿနာများလည်း ရှိနေသည်။

ထိုင်းနိုင်ငံ လူဦးရေသည် ၆၆ သန်း ကျော်ရှိသည့်အတွက် မြန်မာပြည် လူဦးရေ (ခန့်မှန်းခြေ သန်း ၆၀ ဝန်းကျင်) နှင့် သိပ်မကွာခြား ပါ၊ သို့သော် ၂၀၁၂  ပြည်တွင်း အသားတင်ထုတ်လုပ်မှု တန်ဖိုးချင်း နှိုင်းယှဉ်လျှင် ထိုင်းက အမေရိကန် ဒေါ်လာ ၃၆၀ ဘီလီယံ ရှိပြီး မြန်မာက ၅၀ ဘီလီယံ ရှိသဖြင့် အလွန် ကွာဟနေသည်။ တဦးချင်း ဝင်ငွေကို ကြည့်လျှင် မြန်မာ တဦး ၁ နှစ်ပျမ်းမျှဝင်ငွေ ဒေါ်လာ ၈၀၀ နှင့် ၁၀၀၀ ဝန်းကျင်ကြားတွင် ရှိပြီး ဆင်းရဲမွဲတေမှုမျဉ်းအောက် လူဦးရေမှာ စုစုပေါင်း လူဦးရေ၏ လေးပုံတပုံ ကျော်ရှိနေ သည်။ ထိုင်းတဦးချင်း ဝင်ငွေ အမေရိကန် ဒေါ်လာ ၈၅၀၀ ကျော်ပြီး ဆင်းရဲမှု မျဉ်းအောက် လူဦးရေမှာ လူဦးရေ၏ ၁ ရာခိုင်နှုန်း ဝန်းကျင်သာ ရှိပါသည်။

လူ့သက်တမ်းတွင် ထိုင်းက ပျမ်းမျှ ၇၄ နှစ်၊ မြန်မာက ပျမ်းမျှ ၆၅ နှစ် ရှိသဖြင့် ၁၀ နှစ်ခန့် ကွာခြားသည်။ မြန်မာနိုင်ငံတွင် အသက် ငါးနှစ်အောက် ကလေး အယောက် ၁၀၀ မှာ ၃၂ ယောက်မှာ အဟာရ မပြည့်ဝကြပါ၊ မြန်မာပြည်မှာ လူဦးရေ၏ လေးပုံတပုံသာ လျှပ်စစ်မီးရရှိပြီး လူဦးရေ၏ ၁ ရာခိုင်နှုန်းသာ အင်တာနက် အသုံးပြုနိုင်သေးသည်။

နိုင်ငံတဝန်းက လမ်းများ၏ အခြေအနေကို ကြည့်လျှင် မိုးရာသီတွင် တဝက်လောက်မှာ အသုံးပြုလို့ မရပါ၊ ကျန်းမာရေး အတွက် အသုံးစရိတ်မှာ (ဂျီဒီပီ၏ ၁ ဒသမ ၇ ရာခိုင်နှုန်း) ဖြစ်၍ ဒေသတွင်းတွင် အနည်းဆုံး အသုံးပြုသည့် နိုင်ငံဖြစ်သည်။

ထိုင်းနှင့် မြန်မာယှဉ်လျှင် ထိုင်းမှာ ၈ နှစ်ကြာ နိုင်ငံရေးပဋိပက္ခတွေ အတွင်းမှာ အစိုးရပြုတ်ကျသွားတာ၊ လမ်းပေါ်မှာ ချောင်းမြောင်း လုပ်ကြံပစ်ခတ်တာ၊ ဈေးဝယ် ကုန်တိုက်ကြီးကို မီးရှို့တာ၊ လေဆိပ်ကို ပိတ်ပစ်တာ မျိုးစုံ ဖြစ်ခဲ့သည်၊ သို့သော် စီးပွားရေး အပေါ် ထိခိုက်မှု မဆိုစလောက်ပင်။ အဆိုးဆုံး သွေးထွက်သံယိုမှုတွေ ဖြစ်ခဲ့သည့် ၂၀၁၀ ပြည့်နှစ်တွင်လည်း ထိုနှစ်မှာပင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၂ ဆနီးပါး မြင့်တက်ခဲ့သည်။ စတော့ ဈေးကွက်ကလည်း ၄၀ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ စီးပွားရေး ၇ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၁၅ နှစ်အတွင်း စီးပွားရေးတိုးတက်နှုန်း အမြင့်မားဆုံးနှစ် ဖြစ်ခဲ့သည်။ ကမ္ဘာလှည့် ခရီးသွား အရေအတွက် လည်း ပဋိပက္ခတွေ ပြင်းထန်နေသည့် ၂၀၁၂ ခုနှစ်တွင် ၁၂ ရာခိုင်နှုန်း အထိ စံချိန်တင် မြင့်တက်ခဲ့ပါသည်။

ထိုင်းနိုင်ငံရေး ပဋိပက္ခကြောင့် စစ်တပ်က အာဏာသိမ်းတာ၊ ဒါမှမဟုတ် ပြည်တွင်းစစ် ဖြစ်တော့ မယောင် သတင်းများကို ဖတ်ပြီး နောက် ကျနော့် မိတ်ဆွေ ထိုင်း ဇနီးမောင်နှံကို ကျနော်က “ဘာမှ ပူမနေနဲ့၊ တခုခု ဖြစ်ရင် မြန်မာပြည်ကိုလာခဲ့”ဟု အရွှန်း ဖောက် တော့ သူတို့ ရယ်နေကြသည်။ ထိုင်းနှင့် မြန်မာပြည်တို့ အစစအရာရာတွင် ဘယ်လိုမှ နှိုင်းယှဉ်၍ မရသကဲ့သို့ ထိုင်း စစ်တပ် သည် လည်း မြန်မာ စစ်တပ် ကဲ့သို့ နှစ်ပေါင်းများစွာ အာဏာသိမ်းလေ့ မရှိမှန်း ကျနော်တို့ အားလုံး နားလည် နေကြသည်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading