ရခိုင်ပြည်နယ် မောင်တောမြို့ ဒုချီးရားတန်းကျေးရွာတွင် မကြာသေးခင်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ခံရမှု အပေါ် ကုလသမဂ္ဂက အဖြစ်မှန် အမြန်ဆုံး ပေါ်ပေါက်ရေး ချက်ချင်း စုံစမ်းဖော်ထုတ်မှု ဆောင်ရွက်ရန် တောင်းဆိုသည်ကို မြန်မာအစိုးရက “လက်ခံနိုင်ဖွယ် မရှိ”ဟု ပြောဆို ပယ်ချခဲ့သည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ လူသားချင်း စာနာထောက်ထားရေးဆိုင်ရာနှင့် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေးမှူး မစ္စ ဗလာရီအမော့စ်က ဇန်နဝါရီ ၂၂ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် မောင်တောမြို့နယ် ဒုချီးရားတန်းရွာတွင် မွတ်စလင် ၄၈ ဦး အသတ်ခံရကြောင်းကို ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး မစ္စ နဗီပေလေးက စုံစမ်းစစ်ဆေးရေး အမြန်ပြုလုပ်ရန် တောင်းဆိုထားသည်။
ယင်းအပြင် မောင်တောတွင် အကြမ်းဖက်မှု ဖြစ်ပွားခဲ့သော နေရာဒေသများတွင် အရေးပေါ် ကူညီ ကယ်ဆယ်ရေးများ လိုအပ်နေသဖြင့် ယင်းဒေသသို့ လူသားချင်း စာနာထောက်ထားရေး အကူအညီပေးသည့် ဝန်ထမ်းများကို ဝင်ရောက်ခွင့် ပေးရန်နှင့် လုံခြုံရေးကိစ္စ တာဝန်ယူပေးရန်၊ နိုင်ငံသားအားလုံးအား ထိရောက်သည့် အကာအကွယ်ပေးမှုများကို အလေးတယူ လုပ်ဆောင်ပေးပါရန် မြန်မာအစိုးရကို တိုက်တွန်း တောင်းဆိုကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ်ကမူ ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်သည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အခြေအနေကို ပိုဆိုးစေမည်ဖြစ်ပြီး ကုလသမဂ္ဂအား ယုံကြည်မှု ပျောက်ဆုံးသွားစေနိုင်သည်ဟု ဧရာဝတီသို့ သောြက်ာနေ့က ပြောကြားသည်။
ဦးရဲထွဋ်က ကုလသမဂ္ဂရုံးချုပ်သည် ၎င်း၏ ဌာနေကိုယ်စားလှယ်များထံမှ မဟုတ်ဘဲ စိတ်ချယုံကြည်မှု မရှိရသည့် သတင်းများကို ကိုးကားပြီး ထုတ်ပြန်ကြေညာခြင်းသည် လက်ခံနိုင်ဖွယ် မဟုတ်ဟုလည်း ဆိုသည်။
မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံးနှင့် လူ့အခွင့်အရေး မဟာမင်းကြီးရုံးမှ ကိုယ်စားလှယ်များကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဘာသာရေးခေါင်းဆောင်များနှင့်အတူ အခင်းဖြစ်ပွားခဲ့ရာ ဒုချီးရားတန်းရွာသို့ ဗုဒ္ဓဟူးနေ့က သွားရောက်လေ့လာစေခဲ့ကြောင်း အစိုးရသတင်းစာများတွင် ရေးသားဖော်ပြခဲ့ကြသည်။ လေ့လာရေးအဖွဲ့အနေဖြင့် မည်သည့်အမှားအယွင်းမျှ မတွေ့ဘဲ မွတ်ဆလင်ခေါင်းဆောင်များနှင့်လည်း လွတ်လပ်စွာ တွေ့ဆုံမေးမြန်းနိုင်ခဲ့ကြောင်း ဆိုသည်။
သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ေဋ္ဌးကလည်း အဆိုပါ ဖြစ်ရပ်နှင့် ပတ်သတ်ပြီး လွန်ခဲ့သည့် ရက်ကပင် နောက်ဆုံး သတင်း ထုတ်ပြန်ခဲ့ကြောင်း၊ UN ကိုယ်စားလှယ်များသည် အဆိုပါ ဒေသသို့ ရခိုင်အစိုးရ အဖွဲ့နှင့်အတူ သွားရောက်ပြီး ဖြစ်ကြောင်း၊ UN ၏ သတင်း ထုတ်ပြန်ချက်သည် သက်ဆိုင်ရာ အစိုးရများ၏ အတည်ပြုချက် ရယူရန်လိုကြောင်း၊ တဖက်သတ် သတင်းရင်းမြစ် တခုထဲအပေါ် အခြေခံပြီး မထုတ်ပြန်သင့်ကြောင်း ဧရာဝတီကို ပြောသည်။
“ဒီဘက်က ပြောတဲ့ Information အပေါ် မူတည်ပြီး ဟိုဘက်ကိုလည်း Pressure ပေးရမယ်။ ဟိုက်ဘက်က ပေးတဲ့ Information အပေါ် မူတည်ပြီး ကျနော်တို့ဘက်ကိုလည်း Pressure ပေးရမယ်။ ဒါတွေဟာ မျှတမှုရှိဖို့ လိုတယ်။ ဆိုလိုတာက ဘဂါၤလီ ကိစ္စ Pressure ပေးချင်တယ် ဆိုရင် ရတယ်၊ ပေးနိုင်တယ်။ သို့သော် ဟိုဘက်က ရဲတပ်ကြပ်ကြီးနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အပေါ် အုပ်စုဖွဲ့ပြီး လုပ်တဲ့ ကိစ္စကိုလည်း ပြောရမယ်” ဟု ဦးဇော်ေဋ္ဌးက ဆိုသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်တွင် စတင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူပေါင်း ၁ သိန်း ၄ သောင်းကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်။ ရခိုင်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာတွင် လူပေါင်း ၁၉၂ ဦး သေဆုံးခဲ့ပြီး ၂၆၅ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ်ပေါင်း ၈၆၁၄ ဆုံးရှုံးခဲ့ရသည်ဟု ဖော်ပြထားသည်။
ယခု နောက်ဆုံးဖြစ်ပွားသော သွေးထွက်သံယိုမှုသည် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ရဲများကို မွတ်ဆလင်ရွာသားများက ဝိုင်းဝန်းတိုက်ခိုက်ကြပြီး ရဲတပ်ကြပ်တစ်ဦး ပျောက်ဆုံးသွားရာမှ ဖြစ်ပွားခဲ့သည်။ ယင်းသို့ ရဲများကို ရွာသားများက တိုက်ခိုက်ခြင်းမှာလည်း နယ်မြေခံရခိုင်လူမျိုးများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မွတ်စလင်များကို သတ်ဖြတ်ခဲ့အပြီး ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် “ဇန်နဝါရီလ ၉ ရက်နေ့တွင် နယ်မြေခံ (ရခိုင်)များက ဒုချီးရားတန်းရွာတွင် ရိုဟင်ဂျာ ၈ ဦးကို တိုက်ခိုက်သတ်ဖြတ်ခဲ့ကြကြောင်း ခိုင်လုံသည့် သတင်းများ ကုလသမဂ္ဂက လက်ခံရရှိထားသည်” ဟု ရေးသားဖော်ပြခဲ့ပြီး “ယင်းနောက် ဇန်နဝါရီလ ၁၃ ရက်တွင် ရိုဟင်ဂျာ ရွာသားများက ရဲတပ်ကြပ်ကြီးတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြသည်။ ထိုဖြစ်ရပ်အပြီး တညတည်းတွင်ပင် ဒုချီးရားတန်းရှိ ကလေး၊ အမျိုးသမီးနှင့် အမျိုးသား ၄၀ ခန့်ကို ရဲနှင့် နယ်မြေခံ ရခိုင်လူမျိုးများက သတ်ဖြတ်ခဲ့သည်” ဟုလည်း ရေးသားခဲ့သည်။
အစိုးရ သတင်းစာများကမူ ရဲတပ်ကြပ်ကြီးနှင့် ၎င်း၏ လက်နက်များ ပျောက်ဆုံးမှုကို စုံစမ်းစစ်ဆေးနေသည်ဟု ရေးသားကာ မွတ်ဆလင်ရွာသား ၅၀၀ ခန့်မှ ဝိုင်းဝန်းဖမ်းဆီးသွားကြောင်း၊ ရဲတပ်ဖွဲ့က ရွာထဲဝင်၍ သက်ဆိုင်သူများကို ဖမ်းဆီးသော်လည်း လက်စားချေခြင်း မပြုကြောင်း ဆိုသည်။
သို့သော် မြန်မာအစိုးရသည် အမေရိကန်နှင့် ဗြိတိန်အစိုးရတို့ထံမှ နိုင်ငံရေးဖိအားများနှင့် တွေ့ကြုံနေရသည်။ ယင်းအစိုးရများကလည်း ကုလသမဂ္ဂကဲ့သို့ မြန်မာအစိုးရအနေဖြင့် အမြန်ဆုံး စုံစမ်းစစ်ဆေးမှုများ စတင်ရန် တောင်းဆိုခဲ့ကြသည်။
ရခိုင်ပြည်နယ်အတွင်း လူမှုရေးအထောက်အပံ့များ ပေးနေသည့် Médecins Sans Frontières (MSF) ကလည်း သောြက်ာနေ့တွင် ကြေညာချက်တစောင် ထုတ်ပြန်ရာ အဆိုပါ အရေးအခင်းတွင် ထိခိုက်ဒဏ်ရာရသူများ ရှိပြီး ၎င်းတို့က ဆေးကုသပေးခဲ့ရသည်ဟု ဆိုသည်။
“MSF အနေဖြင့် ဒဏ်ရာ အများအပြား ရသူများ အပါအဝင် လူ ၂၂ ယောက်ကို ဆေးဝါးကုသ ပေးခဲ့သည်။ ထိုသူတို့မှာ ဇန်နဝါရီလ ၁၄ ရက်နေ့ ဒုချီးရားတန်း သွေးထွက်သံယိုမှု၏ ဓားစာခံများဟု ယုံကြည်ရသည်” ဟု MSF မြန်မာ၏ တာဝန်ခံ Peter-Paul de Groote ၏ ပြောဆိုချက်ကို ကြေညာချက်တွင် ရေးသားထားသည်။ ထို့ပြင် ဆေးဝါးအပါအဝင် လူမှုထောက်ပံ့ကူညီမှုများ အမှန်တကယ် လိုအပ်နေသော နေရာများသို့ အကူအညီ လုံခြုံစွာ အမြန်ဆုံးရောက်ရှိရေး မြန်မာအစိုးရက တာဝန်ယူ ဆောင်ရွက်ပေး ရန်လည်း တောင်းဆိုထားသည်။
တချိန်တည်းတွင် အေပီ သတင်းဌာနက မောင်တောကိစ္စတွင် ၎င်းတို့၏ သတင်းပို့ချက်အပေါ် ခုခံ ကာကွယ်လိုက်ပြီး ၎င်းတို့သည် သတိကြီးစွာဖြင့် သတင်းပို့ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ သတင်းအချက်အလက် တိကျ မှန်ကန်စေရေး အတွက် မောင်တောက အခင်းဖြစ်ပွားခဲ့သည့် နေရာသို့ သွားရောက်လို၍ အစိုးရက ခွင့်ပြုပေးရန် တိုက်တွန်းကြောင်း ဒါရိုက်တာ Paula Colford က ဇန်နဝါရီ ၂၄ ရက်က ထုတ်ပြန်သည်။
မြန်မာအစိုးရ ပြန်ကြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးက ရန်ကုန်အခြေစိုက် အေပီသတင်း ဌာန၏ တာဝန်ရှိသူ တချို့ကို မောင်တောမြို့ ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ် သတင်းပို့ချက်နှင့် ပတ်သက်၍ ခေါ်ယူ တွေ့ဆုံခဲ့ပြီး အေပီ၏ သတင်း ပို့ချက်ကြောင့် တရားဥပဒေ စိုးမိုးရေး၊ နယ်မြေ တည်ငြိမ်ရေးကို ထိခိုက်စေကြောင်း ပြောဆိုထားသည့် အတွက် အေပီသတင်း ဌာနက အစည်းအဝေး ခေါ်ယူပြီး ၎င်းတို့ သတင်းအပေါ် တာဝန်ယူကြောင်း ယခုလို ပြန်လည် တုံ့ပြန်ခြင်း ဖြစ်သည်ဟု သိရသည်။
လင်းသန့်နှင့် လဝီဝမ် ပူးပေါင်းရေးသား သတင်းပို့သည်။