ပင်လယ်ပြင်တွင် တနိုင်တပိုင် ငါးဖမ်းလုပ်ငန်း သွားရောက် လုပ်ကိုင်သည့် ရေလုပ်သားများမှာ ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ သေဆုံး၊ ပျောက်ဆုံးမှုများ မြင့်တက်လျက် ရှိပြီး ယင်းဖြစ်စဉ်များကို ဒေသခံ အာဏာပိုင်များက အရေးယူ ဆောင်ရွက်မှုမှာလည်း အားနည်းလျက် ရှိကြောင်း သိရသည်။
ပင်လယ်ပြင်တွင် ငါးဖမ်း ရေလုပ်သားများ ပျောက်ဆုံးလျက် ရှိပြီး အမှုမှန် ပေါ်ပေါက်ခြင်း မရှိကြောင်း အမျိုးသား လွှတ်တော်၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီသို့ ပြည်သူလူထု၏ တိုင်ကြားမှုများ ရှိလာသည့် အတွက် ကော်မတီက ပြည်ထောင်စု အစိုးရအဖွဲ့ထံသို့ ကြယ်ပွင့်ပြ မေးခွန်း မေးမြန်းခဲ့ကြောင်း အမျိုးသား လွှတ်တော်၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီ၊ အတွင်းရေးမှူး ဦးမှတ်ကြီးက ဧရာဝတီသို့ ပြောကြားသည်။
ပင်လယ်ပြင် ရေလုပ်သား ပျောက်ဆုံးမှု ဖြစ်စဉ် တခုတွင် ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့နယ် အမာမြို့နယ်ခွဲ ဒေါ်ငြိမ်းကျေးရွာတွင် နေထိုင်သူ ဦးစံမြင့် ဆိုသူသည် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၃ ရက်က ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ခွာသွားပြီးနောက် ပျောက်ဆုံးသွားခဲ့ကြောင်း၊ ယနေ့ အချိန်ထိ ပြန်မလာတော့ဘဲ ဦးစံမြင့်နှင့် အတူ ငါးဖမ်းလိုက်ပါသွားခဲ့သူများကို မေးမြန်းခဲ့ရာတွင်လည်း ခိုင်လုံသော အကြောင်းပြချက် မရရှိခဲ့ဟု လွှတ်တော်သို့ တိုင်ကြားစာတွင် ဖော်ပြထားသည်ဟု သိရသည်။
“ဒေါ်မြင့်လွင်ရဲ့ ယောင်္ကျား ဦးစံမြင့်က အလုပ်ရှင်က ခိုင်းတဲ့ အတွက် ပင်လယ်ထဲကို ငါးသွားဖမ်းတယ်။ အဲဒီမှာ ပြန်မလာတော့ဘူး။ ဒေါ်မြင့်လွင်က အလုပ်ရှင်ကို ပြောပေမယ့် သေချာ ပြန်လုပ်ပေးတာ မရှိဘူး။ ပြီးတော့
ဒေါ်ငြိမ်းကျေးရွာရဲ့ ရဲကင်းကို သွားပြီးတော့ အမှုဖွင့်ပေးဖို့ တိုင်တန်းခဲ့တယ်။ ဒါပေမယ့် ရဲကလည်း အမှုဖွင့်ပေးပြီး သေချာ ဖော်ထုတ် မပေးခဲ့ဘူး။ နောက်တခါ လျော်ကြေးနဲ့ ပတ်သက်လို့လည်း ဖျာပုံမြို့နယ်က အလုပ်သမားရုံးကို သွားပြောတဲ့အခါမှာလည်း ရုံးက သိပ်ဂရုမစိုက်တဲ့ သဘောလုပ်လိုက်တယ်။ အဲဒါနဲ့ ကျနော်တို့ ကော်မတီကို တိုင်ကြားလာတယ်” ဟု ဦးမှတ်ကြီးက ပြောသည်။
ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီက ယင်းတိုင်ကြားမှုကို ပြည်ထောင်စု အစိုးရအဖွဲ့သို့ ကြယ်ပွင့်ပြ မေးခွန်း အဖြစ် မေးမြန်းခဲ့ရာ ပြည်ထဲရေး ဝန်ကြီးဌာနမှ ရဲချုပ်ကျော်ကျော်ထွန်းက ယင်းဖြစ်စဉ်ကို စုံစမ်း စစ်ဆေးရန် တာဝန် ပျက်ကွက်မှုဖြင့် ဒေါ်ငြိမ်းကျေးရွာ ရဲကင်းမှ ရဲနှစ်ဦးကို အရေးယူခဲ့ပြီး ဖျာပုံမြို့နယ် အလုပ်သမား ဦးစီးမှူးကို တနသာၤရီ တိုင်းဒေသကြီးရှိ နယ်တခုသို့ ပြောင်းရွှေ့လိုက်ကြောင်း ပြန်လည်
ဖြေကြားသည်ဟု ၎င်းက ဆိုသည်။
ဖျာပုံမြို့နယ် တခုတည်းတွင် ပင်လယ်ပြင် ရေလုပ်သား ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ၂၀၁၁ ခုနှစ်တွင် အမှု၂ မှု ရှိခဲ့ရာ ၁ မှု ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် အမှု ၁၀ မှု ဖြစ်ပွားခဲ့ရာ ၄ မှု ဖော်ထုတ် နိုင်ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် အမှု ၂၆ မှုအထိ ဖြစ်ပွားရာ ၅ မှုသာ ဖော်ထုတ် နိုင်သောကြောင့် အမှု၂၁ မှုမှာ လုံး၀ ရှာမတွေ့သဖြင့် ပင်လယ်ပြင်တွင် ငါးဖမ်း လုပ်သားများ ပျောက်ဆုံးမှုမှာ ပိုမို မြင့်တက် လာခဲ့သည်ဟု ရဲချုပ်ကျော်ကျော်ထွန်းက လွှတ်တော်တွင် ဖြေကြားခဲ့သည်။
ယင်းအပြင် ရဲချုပ် ကျော်ကျော်ထွန်းက ပင်လယ်ပြင်သို့ ငါးဖမ်း ထွက်ခွာမည့် တံငါသည်များ အနေဖြင့် အသက် အာမခံထားရန်နှင့် ဖြစ်စဉ်များကို မြန်မြန်ဆန်ဆန် တိုင်ကြားရန် အကြံပြုခဲ့သည်။
ပင်လယ်ပြင်တွင် ပျောက်ဆုံးမှု ဖြစ်စဉ်များမှာ ငါးဖမ်း စက်လှေကြီးများတွင် ဖြစ်လေ့ဖြစ်ထ မရှိဘဲ တနိုင်တပိုင် တရုတ်စက်တပ် လှေငယ်လေးများတွင် အဖြစ်များကြောင်း၊ ပင်လယ်ပြင်တွင် ရာသီဥတု ဆိုးဝါးခြင်း၊ စက်ပျက်ခြင်းနှင့် အခြား အကြောင်း အမျိုးမျိုးဖြင့် ပျောက်ဆုံးမှုများ ရှိနေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။
“ဒါမျိုးက တနိုင်တပိုင် တရုတ်စက်တပ် လှေလေးတွေနဲ့ ငါးထွက်ဖမ်းတာမှာ အဖြစ် များတယ်။ စက်ပျက်ပြီးတော့ အိန္ဒိယဘက်ကို မျောတယ်။ သီရိလကာၤကို မျောတယ်။ နောက်ပြီးတော့ ရာသီဥတုဆိုးလို့ လှိုင်းကြီးတဲ့အခါ လှေမှောက်သွားပြီးတော့ အသက်ဆုံးတာ။ ပျောက်သွားတာတွေ ရှိတယ်။ နောက်တခုက မြန်မာ ရေလုပ်သားတွေ အိန္ဒိယ ဘက်ကို သွားပြီးတော့ မျော့ငုတ်တာ။ ကိုကိုးကျွန်းရဲ့ အောက်ဖက်ခြမ်းမှာ သွားငုတ်ကြတာ။ အဖမ်းခံရပြီးတော့ အိန္ဒိယ အကျဉ်းထောင်ထဲမှာ မြန်မာ တစ်ထောင်လောက် ရှိတယ် ” ဟု ဦးဝင်းကြိုင်က ပြောသည်။