နာဂတောင်တန်း ဒေသတွင် အမျိုးသမီး အခွင့်အရေး ဆိုင်ရာ အသိပညာ ပေးမှုများနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာများ ပြုလုပ်ပေးရန် လိုအပ် နေကြောင်း သိရှိရသည်။
နာဂ အမျိုးသမီးများအတွက် လူနေမှု အဆင့်အတန်း၊ အမျိုးသမီးဆိုင်ရာ အခွင့်အရေး ၊ လူ့အခွင့်အရေး စသည်တို့နှင့် သက်ဆိုင် သည့် ပညာပေးမှုများ ပြုလုပ်ပေးသင့်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး လဟယ်မြို့နယ် နာဂတောင်တန်းတွင် နေထိုင်သည့် နာဂ တိုင်းရင်းသူ ဒေါ်အလင်းသေး က ဧရာဝတီသို့ ပြောသည်။
“နာဂ ရွာတွေမှာဆိုရင် အမျိုးသမီးတွေအတွက် ဖွံ့ဖြိုးမှု လုပ်ငန်းတွေ ဘာမှ မရှိဘူး။ ပညာပေးမှုတွေ၊ ကျန်းမာရေးတွေ အတွက် လည်း သူတို့ နားမလည်ကြဘူး”ဟု ဒေါ်အလင်းသေးက ဆိုသည်။
စစ်ကိုင်းတိုင်း ဒေသကြီး နာဂတောင်တန်း ဒုံဟီးမြို့နယ် ကြူယန်းလောင်ပ ကျေးရွာမှ မူလတန်းပြ ဆရာမ ဒေါ်ထားငွေကလည်း “နာဂမှာ အမျိုးသမီးတွေကို အမျိုးသားတွေက နှိမ်ပြီး ဆက်ဆံတယ်။ နေရာ မပေးဘူး။ အလုပ်ဆိုရင်လည်း မိန်းကလေးတွေကပဲ လုပ်နေရတယ်။ ပြီးတော့ သူတို့မှာ ဘာဖွံ့ဖြိုးမှုမှ မရှိဘူး။ ကျန်းမာရေးတွေကလည်း ဆိုးရွားတယ်။ မိန်းမတွေဟာ ယောက်ျားတွေရဲ့ အခိုင်း အစေ တယောက်လို နေထိုင်ရတယ်”ဟု ပြောသည်။
အမျိုးသမီး အခန်းကဏ္ဍ အားနည်းနေသည့်အပြင် ပညာရေး၊ ဖွံ့ဖြိုးရေး အစစအရာရာ နှောင့်နှေးနေသေးကြောင်း၊ အမျိုးသမီး နှင့် ကလေးငယ်များ ပညာသင်ကြားသည်ကို အမျိုးသားများက မလိုလားကြောင်း၊ အမျိုးသမီးနှင့် ပတ်သက်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် လူမှုရေး အဖွဲ့အစည်းလည်း မရှိကြောင်း သိရသည်။
“ကိုယ်ဝန်ဆောင် နေတာတောင် ရေခပ်ရတာတွေ၊ ဆန်ဖွတ်ရတာတွေ လုပ်ရတယ်။ မီးဖွားပြီးရင်လည်း နောက်ရက်ဆို အလုပ်ခွင် စဝင်ရပြီ။ ကျမက မနေနိုင်လို့ ဝင်ပြောတာတောင် မမြင်မတော်ရင် ဝင်လုပ်လိုက်လေ ဆိုပြီး သူတို့ အမျိုးသားက ပြောတယ်”ဟု မူလတန်းပြ ဆရာမ တဦးဖြစ်သည့် ဒေါ်မိတုတ်က ပြောပြသည်။
နာဂဒေသတွင် အမျိုးသမီး ကဏ္ဍနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများ၊ အမျိုးသမီး အခွင့်အရေး ဆိုင်ရာများ၊ လူနေမှု မြင့်မားစေရန် ပညာပေး လုပ်ဆောင်မှုများ လိုအပ်ကြောင်း၊ လက်ရှိတွင် နာဂလူမျိုးများအတွက် အသိဉာဏ် ဖွံ့ဖြိုးရေးဆိုင်ရာ ပညာပေး လုပ်ငန်း များလည်း မရှိသေးကြောင်း ဒုံဟီးမြို့နယ် ဟရှိတ်လုံခက် ကျေးရွာမှ ဆရာမ ဒေါ်မူမူဝင်းကလည်း ဧရာဝတီသို့ ပြောသည်။
“နာဂမှာက အမျိုးသားဆိုရင် တောင်ယာခုတ်တာ တခုပဲ လုပ်တယ်။ တောင်ယာရှင်းတာ၊ သိမ်းတာ၊ ရေခပ် ဆန်ဖွတ် အစစအရာ ရာ က အမျိုးသမီးတွေပဲ။ ပြီးတော့ အမျိုးသားတွေက အိမ်မှာနေ ဘိန်းရှူနေကြတာပဲ”ဟု ၎င်းက ပြောဆိုသည်။
ယခင် စစ်အစိုးရများ လက်ထက်ကတည်းက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းကို ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။ ယင်း အသင်းအဖွဲ့ကို အစိုးရ ထိပ်ပိုင်းခေါင်းဆောင် များ၏ ဇနီးများက ဦးဆောင်ခဲ့ရာ လက်ရှိတွင် သမ္မတ ဦးသိန်းစိန်၏ဇနီး ဒေါ်ခင်ခင်ဝင်း က ဂုဏ်ထူးဆောင် နာယက အဖြစ် ဆောင် ရွက်လျက် ရှိသည်။
သို့သော် မြန်မာနိုင်ငံ အနေဖြင့် ၁၉၉၇ ခုနှစ်က ကုလသမဂ္ဂ ၏ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူ စာချုပ် (CEDAW) တွင် လက်မှတ်ရေးထိုး ထားသော်လည်း အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးခြင်းနှင့် ပတ်သက် ၍ ဆောင်ရွက်မှုများသည် ထိရောက်မှုမရှိကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ဝေဖန် ပြောဆိုကြသည်။
လက်ရှိ နာဂဒေသတွင် လမ်းပန်းဆက်သွယ်မှု ခက်ခဲခြင်းကြောင့်လည်း လူမှုရေးအဖွဲ့အစည်းများက လာရောက်အကူအညီ ပေးနိုင် ခြင်းများ မရှိကြောင်း၊ ပညာရေး ကဏ္ဍပိုင်းတွင်လည်း လိုအပ်ချက်များ ရှိကြောင်း နာဂ တိုင်းရင်းသားလူငယ် ကိုချင်းမောင်က လည်း ပြောသည်။
“လူငယ်တွေ အသိဉာဏ် ဖွံ့ဖြိုးလာအောင် ပညာပေးမှုတွေ အများကြီး လိုအပ်တယ်။ ကျနော်တို့ဒေသမှာ အစစအရာရာ နှောင့်နှေးနေတော့ တဖြည်းဖြည်းနဲ့ လုပ်သွားရမှာပေါ့။ အဓိက ပညာရေးနဲ့ အမျိုးသမီးကိစ္စကို ဦးစားပေး လုပ်သွားမှာပါ”ဟု ၎င်းက ဧရာဝတီ သို့ ပြောပြသည်။
ထို့အပြင် နာဂတောင်တန်းတွင် နေထိုင်သည့် တိုင်းရင်းသား အများစု၏ အိမ်ထောင်ရေး အဆင်မပြေမှု ပြဿနာ၊ အိမ်ထောင် ပြိုကွဲမှုများကြောင့် အမျိုးသမီး အများစု နစ်နာနေကြောင်း၊ တရားစီရင်ရေးတွင်လည်း နာဂ ရိုးရာဥပဒေ အတိုင်း စီရင်ဆုံးဖြတ် ကြ သည် ဟုလည်း ဆိုသည်။
နာဂတောင်တန်း ဒေသတွင် နာဂတိုင်းရင်းသား ဦးရေ ၂ သိန်းနီးပါး ရှိပြီး နာဂလူမျိုး အများစုသည် စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်၊ နန်းယွန်းမြို့နယ် တို့တွင် နေထိုင် ကြသည်။