မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အတွက် အမေရိကန်ဒေါ်လာ ၂ ဘီလျံ သုံးစွဲသွားမှာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ဇန်နဝါ ရီလ ၂၆ ရက်နေ့က ကြေညာလိုက်ပါတယ်။
အဲဒီ ရန်ပုံငွေတွေက လျှပ်စစ်စွမ်းအင်နဲ့ ကျန်းမာရေး ကဏ္ဍတွေ အတွက် အဓိက ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံကို ပထမဆုံး အလည်အပတ် ရောက်နေတဲ့ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ မစ္စတာ Jim Yong Kim က မြန်မာနိုင်ငံလူဦးရေ ရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဟာ လျှပ်စစ်မီး မသုံးစွဲနိုင်သေးတဲ့အတွက် ရန်ပုံငွေရဲ့ ထက်ဝက်ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု တိုးမြှင့်ဖို့ အတွက် သုံးမယ်လို့ ပြောပါတယ်။
“လက်ရှိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေရဲ့ အသီးအပွင့်တွေ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေဆီ မြန်မြန် ဆန်ဆန်ရောက် ရှိနိုင်ဖို့အတွက် အကူအညီတွေကို တိုးမြှင့် ဆောင်ရွက်သွားဖို့ ရည်ရွယ် ထားပါတယ်” လို့ မစ္စတာကင်မ် က ပြောထားတာကို ကမ္ဘာ့ဘဏ် ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒေါ်လာ သန်း ၂ ထောင် ပမာဏနဲ့ ဆောင်ရွက်သွားမယ့် နှစ်ရှည် ဖွံံ့ဖြိုးရေး အစီအစဉ်မှာ မြန်မာအစိုးရရဲ့ စီမံကိန်းတွေ ဖြစ်တဲ့ ဆင်းရဲချမ်းသာ မရွေး လူတိုင်း လက်လှမ်းမီနိုင်မယ့် ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို အကောင်အထည် ဖော်သွား နိုင်ဖို့နဲ့ ၂ဝ၃ဝ ပြည့်နှစ် မတိုင်ခင်မှာ နိုင်ငံဝန်းလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝ ရနိုင်ဖို့ ဆိုတဲ့ လုပ်ငန်းတွေလည်း ပါဝင်မှာဖြစ်တယ်လို့ မစ္စတာ ကင်မ်က ဆက်ပြောထားပါတယ်။
မြန်မာအစိုးရရဲ့ နှစ်ရှည် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို ကူညီဖို့အတွက် ကမ္ဘာ့ဘဏ်အုပ်စုဟာ သူ့ရဲ့ အဖွဲ့အစည်းတွေ ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA)၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC) နဲ့ နိုင်ငံစုံ အကျိုးတူ ရင်းနှီးမြှုပ်နှံမှု အာမခံရေး အေဂျင်စီ (MIGA)တို့ ထံကနေ ကျွမ်းကျင်မှုတွေ၊ အရင်းအမြစ်တွေကို ရယူ သုံးစွဲသွားမှာလည်း ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ် ကြေညာချက်က ဆိုပါတယ်။
လျှပ်စစ်မီး ရရှိရေး အမျိုးသား စီမံကိန်းကို ကူညီပေးသွားရုံသာမက ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်နိုင် ဖို့ လိုအပ်တဲ့ ဥပဒေ စည်းမျည်း၊ အခြေခံ မူဘောင်တွေ ပြုပြင်ဖို့လည်း ကူညီသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“လှျှပ်စစ်ဓာတ်အား ပိုမိုရရှိလာတာနဲ့ အမျှ လူမှုစီးပွား ဘဝတွေဟာလည်း တိုးတက်ပြောင်းလဲ လာမှာဖြစ်တယ်၊ ည မှောင်သွားပေမယ့် ကလေးတွေ စာကြည့်နိုင်မယ်၊ ဈေးဆိုင်တွေကို ဖွင့်ထားနိုင်မယ်၊ ဆေးခန်းတွေအတွက် မီးလင်းပြီး လူ့ အသက်ကယ်တင်ဖို့ အရေးကြီးတဲ့ ခေတ်မီ စက်ပစ္စည်းနဲ့ နည်းပညာတွေ သုံးနိုင်မယ်၊ လျှပ်စစ် ဓာတ်အားက ဆင်းရဲ နွမ်းပါးမှု တိုက်ဖျက်နိုင်ဖို့ အရေးကြီး ပါတယ်”လို့ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌက ပြောထားပါတယ်။
အခု ကမ္ဘာ့ဘဏ်ရဲ့ ရန်ပုံငွေတွေထဲက ဒေါ်လာ သန်း ၂ဝဝ ကို ၂ဝ၃ဝ မတိုင်မီ လူတိုင်း ကျန်မာရေး စောင့်ရှောက်မှု ရစေမယ့် စနစ် အကောင်အထည် ဖော်ရေးအတွက် အသုံးပြုသွားမှာ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။
တချိန်က အထီးကျန် ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ကျေးလက်ပြည်သူ အများစုရဲ့ ၇၅ ရာခိုင်နှုန်းဟာ အရည်အသွေး ပြည့်မီတဲ့ ကျန်းမာ ရေး စောင့်ရှောက်မှု မရရှိကြဘဲ အခု အစီအစဉ်ကြောင့် ဆင်းရဲ နွမ်းပါးသူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍမှာ အခက်အခဲ ဖြစ်နေတယ်၊ မိမိတို့ကိုယ်ပိုင်ငွေကြေးနဲ့ ကျခံသုံးစွဲရတဲ့ ကျန်းမာရေးအသုံးစရိတ် မြင့်မားမှုကိုလည်း ဖြေရှင်းဆောင်ရွက် မယ်လို့ ကမ္ဘာ့ဘဏ် ကြေညာချက်က ဖော်ပြထားပါတယ်။
ဝါရှင်တန် အခြေစိုက် ကမ္ဘာ့ဘဏ်အုပ်စုရဲ့ ရုံးခွဲဟာ ရန်ကုန်မြို့မှာ ရှိခဲ့ပေမယ့် ၁၉၈၇ ခုနှစ်က ပိတ်သိမ်းသွားခဲ့ပါတယ်။ ဒါက လည်း ပြီးခဲ့တဲ့ ကမ္ဘာ့ဘဏ် အစီအစဉ်တွေကနေ ဒေါ်လာသန်း ရာနဲ့ ချီပြီး မြန်မာနိုင်ငံက အကြွေးဆပ်ဖို့ ရှိခဲ့တာကြောင့် ကြွေးမြီ သစ်ပေးဖို့ ရပ်ဆိုင်းခဲ့ပြီးနောက်မှာ ဖြစ်ခဲ့တာပါ။
အခုတော့ ဖြေလျှော့မှု အသစ်တွေနဲ့ ချေးငွေ အသစ်တွေ ကမ္ဘာ့ဘဏ်က စီစဉ်လာတာ ဖြစ်ပြီး ရန်ကုန်ရုံးခွဲကိုလည်း ပြန်လည် ဖွင့် လှစ်ခဲ့ပါပြီ။
ပြီးခဲ့တဲ့ နှစ်ကတော့ ဂျပန်နိုင်ငံက ကြားဝင်ပြီး ပေါင်းကူး ကြွေးမြီ ဆပ်ပေးတဲ့ အတွက် မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေး ဘဏ်တွေကနေ ကြွေးမြီ ကင်းရှင်းကြောင်း ကြေညာခဲ့ပါတယ်။ ဂျပန်နိုင်ငံကိုတော့ မြန်မာနိုင်ငံက ပြန်ဆပ်ရမှာပါ။
ဒါကြောင့် မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အထောက်အပံ့တွေရဖို့ ကြွေးမြီသစ်တွေ ချေးယူခွင့် ရခဲ့တာပါ။
သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသား တွေလည်း ပြန်လွှတ်ပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဟာလည်း ကြားဖြတ်ရွေးကောက်ပွဲ ဝင်ခွင့်ရကာ အခုဆို ပါလီမန်ထဲ ရောက် လာခဲ့ပြီဖြစ်ပါတယ်။
ဒီလို ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာတဲ့အတွက် အနောက်နိုင်ငံတွေကလည်း တချိန်က စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် အရေးယူမှုတွေကို ပြန်လည် ဖြေလျှော့ ရုပ်သိမ်းလာပြီး သဘာဝ သယံဇာတ အရင်းအမြစ်တွေ ကြွယ်ဝ ချမ်းသာတဲ့ မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံလိုသူတွေ တိုးမြင့်လာခဲ့တာပါ။
မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေးအရ အင်အားကြီး တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့အကြား တည်ရှိပြီး မဟာဗျူဟာမြောက် နိုင်ငံလည်း ဖြစ်သလိုတချိန်က စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ ချမ်းသာတာကြောင့် အာရှရဲ့ စပါးကျီလို့တောင် လူသိများခဲ့ တာပါ။
နှစ်ပေါင်း ၅၀ လောက် စစ်အုပ်ချုပ်ရေး အောက်က မြန်မာနိုင်ငံဟာ စီးပွားရေး ဆိုင်ရာ မှားယွင်းညံ့ဖျင်းတဲ့ စီမံမှုတွေကြောင့် တိုင်းပြည်လည်း ဆင်းရဲတွင်း နက်ခဲ့ရတာပါ။
ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ မစ္စတာ ကင်မ်ဟာ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအရာရှိတွေ အပါအဝင် အတိုက်အခံ ခေါင်းဆောင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီး တွေနဲ့လည်း နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိသလို ဒီကနေ့ တနင်္လာနေ့မှာတော့ ဖွံ့ဖြိုး တိုးတက်ရေး ဖိုရမ်ကိုလည်း တက်ရောက်ဖို့ ရှိတယ်လို့ ကမ္ဘာ့ဘဏ် ကြေညာချက်မှာ ဖော်ပြပါတယ်။