အစိုးရနှင့်ဆွေးနွေးနိုင်ရန် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့(NCCT)က ဦးဆောင်ပြီး တိုင်းရင်းသားများ သဘော တူ ရေးဆွဲသည့် အပစ်အခတ် ရပ်စဲရေး မူကြမ်းကို လောခီးလာ တိုင်းရင်းသား ညီလာခံသို့ တက်ရောက်လာသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက လက်ခံ သဘောတူကြောင်း သိရသည်။
ယင်းမူကြမ်းတွင် ပါဝင်သည့် အသေးစိတ် အချက်အလက်ကို ထုတ်ပြန် ပြောကြားခြင်း မရှိသေးဘဲ ပါဝင်သည့် ခေါင်းစဉ်နှင့် ပတ်သက်ပြီး မေးမြန်းရာတွင် အကြမ်းဖျဉ်း ပါဝင်သည့် အချက်များသာ ပြောသည်။
ပြောကြားချက် အရ မူကြမ်းတွင် အခြေခံမူများ၊ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးမည့် အဖွဲ့များကို သတ်မှတ်ပါဝင် လက်မှတ် ထိုးရေး၊ အပစ်အခတ် ရပ်စဲပြီး ကြားကာလ အစီစဉ်များ၊ စောင့်ကြည့် လေ့လာရေး အဖွဲ့များ ဖွဲ့စည်းရေး၊ နိုင်ငံရေးမူ ရေးဆွဲရေး၊ ဖက်ဒရယ် တပ်မတော်ဆိုင်ရာ အချက်များ ဆွေးနွေးရေး စသည့် အချက်များ ပါဝင်ကြောင်း သိရသည်။
“မူကြမ်းထဲမှာ အစိုးရနဲ့ လက်မှတ်ထိုးစဉ်မှာ ပါသင့်တဲ့ အဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့ စံချိန်စံညွှန်း သတ်မှတ်ပေးထားတယ်၊ အကြမ်း အားဖြင့်ဆို လိုင်ဇာ သဘောတူညီချက်ကို သဘောတူတဲ့ တိုင်းရင်းသားအားလုံး၊ နောက် လောခီးလာကို တက်ရောက်တဲ့သူ အားလုံး၊ အပစ်အခတ် ရပ်စဲရေး စာချုပ် အစိုးရနဲ့ ချုပ်ထားသူတွေ ပါတယ်၊ တိုင်းရင်းသား တော်လှန်ရေး ကြန်အင်လက္ခဏာ ပြည့် စုံသူတွေ ပါတယ်၊ ဒီလို သတ်မှတ်ထား ပါတယ်”ဟု NCCT အဖွဲ့ဝင် တဦးဖြစ်သည့် ဦးခွန်ဥက္ကာက ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်ဟု မသတ်မှတ်သည့် အဖွဲ့များကိုလည်း အတိအကျ သတ်မှတ်ပေးထားကြောင်း၊ အစိုးရသော် လည်း ကောင်း၊ တပ်မတော် လက်အောက်ခံ အဖွဲ့သော် လည်းကောင်း၊ ယင်းအပြင် အစိုးရ သာမက အိမ်နီးချင်း တိုင်းပြည်များကိုပါ ဆန့်ကျင်နေသည့် အဖွဲ့များကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဟု မသတ်မှတ် ထားကြောင်း ၎င်းက ပြောဆိုသည်။
“တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဆိုရင် နိုင်ငံရေး ဦးဆောင်သူ ရှိရမယ်။ အဖွဲ့ ဖွဲ့စည်းပုံ ရှိရမယ်။ လက်နက်ကိုင်တပ် ရှိရမယ်။ အုပ်ချုပ်တဲ့ နယ်မြေ ရှိရမယ်။ အုပ်ချုပ်ရေး နယ်မြေထဲမှာ စောင့်ရှောက်မယ့် ပြည်သူ ရှိရမယ်။ ဒီလို သတ်မှတ်ချက်တွေ ရှိမှ လက်ခံ မယ်လို့ လက်ခံထားတယ်”ဟု ဦးခွန်ဥက္ကာက ပြောသည်။
လက်မှတ်ရေးထိုး နိုင်မည့် တိုင်းရင်းသား အဖွဲ့များကို စိစစ်ထည့်သွင်းမည့် အစီအစဉ်ကို အစိုးရနှင့် ဘားအံတွင် မတွေ့ဆုံမီ အချိန် တွင် စိစစ် သွားမည် ဖြစ်ကြောင်း၊ ထို့အပြင် လက်မှတ် ရေးထိုးရာ၌ အတူတကွ မည်သို့မည်ပုံ လက်မှတ် ရေးထိုးမည်ကိုလည်း အသေးစိတ် ထပ်မံ ညှိနှိုင်းသွားမည် ဖြစ်ကြောင်း သိရသည်။
“ပထမ လက်မှတ်ထိုးရန် ပါဝင်မယ့် သူတွေကို စိစစ်ပြီးမှ သူတို့ရဲ့သဘောထားတွေ ရမယ်၊ ဒီတော့မှ ဆွေးနွေးရမှာပေါ့၊ ဘယ်လို ပုံစံ လုပ်ချင်မလဲ၊ နောက် ထိုးပြီးသူတွေ ဘယ်လိုပါတာ သင့်တော်မလဲ ဆိုတာကို အဲဒီကျမှ ဆုံးဖြတ်ပါမယ်”ဟု ဦးခွန်ဥက္ကာက ပြော ဆိုသည်။
ထို့အပြင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရာတွင် လက်မှတ်ရေးထိုးရာ၌ လူမျိုးစု ကိုယ်စားပြုအနေဖြင့် ရေးထိုးမည် မဟုတ်ဘဲ တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့်သာ လက်မှတ် ထိုးသွားမည် ဖြစ်ကြောင်း ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်ကလည်း ပြောသည်။
“အခြေခံကတော့ အဖွဲ့အစည်းကိုပဲ ကိုယ်စားပြုထိုးဖို့ လုပ်ရမှာပါ၊ ဒီကိစ္စကတော့ အသေးစိတ် မဆွေးနွေးရသေးဘူး၊ ဒီမှာက ညီ လာခံတက်တာ ၁၇ ဖွဲ့ တက်တယ်၊ အစိုးရက ၁၆ ဖွဲ့ ပြောတယ်၊ လူမျိုးကိုယ်စားပြု ထိုးတာတော့ ပိုကောင်းတာပေါ့၊ ဒါပေမယ့် ဒါက အဖွဲ့တွေရဲ့သဘောထား ရှိသေးတယ်၊ ဒီတော့ ဒီကိစ္စက အစိုးရနဲ့မတွေ့ခင် ကျနော်တို့ ထပ်အသေးစိတ် ဆွေးနွေးမှာပါ”ဟု ဗိုလ်ချုပ် ဂွန်မော်က ဆိုသည်။
အစိုးရနှင့် ဆွေးနွေးနိုင်မည့် အပစ်အခတ် ရပ်စဲရေး မူကြမ်းကို လောခီးလာ တိုင်းရင်းသား ညီလာခံသို့ တက်ရောက်လာသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ လက်ခံ သဘောတူ သွားပြီ ဖြစ်သောကြောင့် ရှေ့လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မူချမှတ်ကာ အဆိုပါ ချမှတ်မူများကို ညီလာခံ တက်ရောက်လာသည့် တိုင်းရင်းသား အဖွဲများက အတည်ပြု လက်မှတ် ရေးထိုးသွားရန် စီစဉ်ထားကြောင်း သိရသည်။
“တက်ရောက်တဲ့ အဖွဲ့ အကုန်လုံးက အပစ်အခတ် ရပ်စဲရေး မူကြမ်းကို အတည်ပြု ပေးလိုက်ပါပြီ၊ ဒီမူက အစိုးရနဲ့ တွေ့ပြီး ညှိရမယ့် မူလို့ ပြောလို့ ရပြီပေါ့၊ တက်ရောက်တဲ့ အဖွဲ့တွေက ဒီမူကို လက်ခံတဲ့ အပြင် ဒီညီလာခံမှာ ချမှတ်တဲ့ ဆုံးဖြတ်ချက် ၉ ချက် နဲ့ မှတ် တမ်းတင်ချက် ၂ ချက် ရှိတယ်၊ ဒါကို အကုန် သဘောတူကြောင်း လက်မှတ်ထိုး ပါမယ်”ဟု ဦးခွန်ဥက္ကာက ပြောသည်။
ယင်း သဘောတူညီချက်များကို ဇန်နဝါရီ ၂၅ ရက်တွင် တက်ရောက်လာသည့် တိုင်းရင်းသား အဖွဲ့များက လက်မှတ်ထိုး အတည်ပြုမည် ဆိုသော်လည်း လိုင်ဇာ ညီလာခံတွင် သဘောတူ လက်မှတ်ထိုးခြင်း မရှိခဲ့သည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA) က ယခု ညီလာခံတွင်လည်း လက်မှတ် ရေးထိုးခြင်း မရှိကြောင်း သိရသည်။
“သူတို့က သဘောမတူတာတော့ မဟုတ်ဘူး၊ သဘောတူတယ်၊ သူတို့မှာ လုပ်စရာ ကိစ္စလေးတွေရှိတော့ ပြန်သွားရလို့ လက်မှတ် မထိုးသွားတာပါ၊ နောက် ဒီ လက်မှတ်ထိုးမယ့် ကိစ္စကိုလည်း သူတို့ မသိသွားဘူး၊ ဒီတော့ သူတို့ သဘောက အခုတိုင်းရင်းသား တွေ သဘောပါပဲ”ဟု NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မုန်း ဆာခေါင်း က ပြောသည်။
အဆိုပါ ဆုံးဖြတ်ချက် ၉ ချက်တွင် အပစ်အခတ် ရပ်စဲရေး မူကြမ်းကို တက်ရောက်သည့် တိုင်းရင်းသား အဖွဲ့များက သဘောတူ လက်ခံကြောင်း၊ လိုင်ဇာညီလာခံမှ စတင် ဖွဲ့စည်းလိုက်သည့် NCCTအဖွဲ့ကို ဆက်လက် ထားရှိ တာဝန်ပေးရေး ပါဝင်ကြောင်း၊ ရှေ့လုပ်ငန်းစဉ်များ ပါဝင်ကြောင်း သိရသည်။
လောခီးလာ ညီလာခံကို မူလက ဇန်နဝါရီ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပရန် စီစဉ်ထားသော်လည်း အဓိက ဆွေးနွေးချက်များ မပြီး ပြတ်သောကြောင့် ရက်ထပ်တိုးကာ ဇန်နဝါရီ ၂၄ ရက် အထိ ကျင်းပခြင်း ဖြစ်သည်။
လောခီးလာ တိုင်းရင်းသား ညီလာခံသို့ KIA ၊ RCSS/SSA ၊ ပလောင်(တအာင်း)အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ရခိုင် အမျိုးသား ကောင်စီ (ANC)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ (LDU)၊ ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO)၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ရှမ်းပြည် တိုးတက်ရေးပါတီ / ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA)၊ ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ မွန်အမျိုးသား ကာကွယ်ရေး တပ်မတော် (MNDA) နှင့် ရခိုင်ပြည် တပ်မတော် (AA)တို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) က လေ့လာသူ အဖြစ် တက်ရောက်ကြောင်း သိရသည်။
ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)နှင့် မိုင်းလား အခြေစိုက် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် တို့က တက်ရောက်နိုင်ခြင်း မရှိကြောင်း သတင်းများ၌ ဖော်ပြထားသည်။