ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆန္ဒပြပွဲများကြောင့် ၄ နှစ် ဗီဇာ သက်တမ်း ကျော်လွန်နေသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ် သမားများ အရေး ဆောင်ရွက်ပေးရန် ထိုင်းအစိုးရတွင် အခက်အခက်ခဲများ ရှိနေကြောင်း သိရသည်။
“နိုင်ငံရေး ဆန္ဒပြပွဲတွေကြောင့် ၄ နှစ်ပြည့်ပြီး ဗီဇာသက်တမ်း လွန်နေတဲ့ အလုပ်သမားတွေအတွက် လုပ်ပေးဖို့၊ နှစ်နိုင်ငံ အစိုးရ တွေ အကြား ညှိနှိုင်းပေးဖို့ ခက်နေတယ်”ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့် က ပြောသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလဆန်းမှစတင်၍ လက်ရှိဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ် အစိုးရကို ဆန့်ကျင် သည့် ဆန္ဒပြပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
ထို ၄ နှစ် ဗီဇာသက်တမ်း ကျော်လွန်သည့် အလုပ်သမားများနှင့် ပတ်သက်၍ အစိုးရက တစုံတရာ ဆောင်ရွက်ပေးခြင်းမရှိဟု ပြော ဆို နေကြခြင်းသည် မဟုတ်မှန်ကြောင်း၊ နှစ်နိုင်ငံ အစိုးရများ အကြား ဆွေးနွေးမှုများ ရှိခဲ့ကြောင်း၊ လက်ရှိ အခြေအနေများကို လည်း နားလည်ပေးရန် လိုကြောင်း အလုပ်သမား ဝန်ကြီးက ပြောဆိုချက်ကို ပြည်ထောင်စု နေ့စဉ် သတင်းစာ ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
“နှစ်နိုင်ငံ အစိုးရချင်း ညှိနှိုင်းထားပေမယ့်လည်း လူမိုက်ဂိုဏ်းတွေ၊ ငွေညှစ်နေတဲ့သူတွေ ရှိတာတွေကိုလည်း ကျနော်တို့ ခံနေ ရ တယ်”ဟု အလုပ်သမား ဝန်ကြီး ဦးအေးမြင့် ပြောဆိုကြောင်းလည်း ဖော်ပြထားသည်။
မြန်မာ- ထိုင်း နှစ်နိုင်ငံ အစိုးရများ ၂၀၀၉ ခုနှစ်အတွင်း သဘောတူခဲ့သည့် နားလည်မှု စာချွန်လွှာ စာချုပ် အရ ၄ နှစ် ဗီဇာ သက်တမ်း ပြည့်သွားသည့် ရွှေ့ပြောင်း အလုပ်သမားများသည် မိခင်နိုင်ငံသို့ ၃ နှစ် ပြန်လည် နေထိုင်ပြီးမှသာ နောက် တ ကြိမ် ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက် အလုပ်လုပ်ပိုင်ခွင့် ရှိသည်ဟု ပါရှိသည်။ သို့သော် ယခုအခါ ပြန်စရာ မလိုဘဲ ထိုင်းနိုင်ငံအတွင်း၌ပင် ဆက်လက် နေထိုင် လုပ်ကိုင်နိုင်ရန် စီစဉ်နေခြင်း ဖြစ်သည်။
လက်ရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ကိုင်ဆောင်ထားသည့် ယာယီနိုင်ငံကူး လက်မှတ် သက်တမ်းသည် ယခင် ထုတ်ပေး ခဲ့သည့် စာအုပ် သက်တမ်းအရ ၅ နှစ်ပြီး၊ အလုပ် လုပ်ကိုင်ခွင့် ဗီဇာ သက်တမ်းမှာ ၄ နှစ် ဖြစ်သည်။ ဦးသိန်းစိန် အစိုးရ လက်ထက် ထုတ်ပေးသည့် စာအုပ်သည် ၆ နှစ် သက်တမ်း ဖြစ်ပြီး၊ အလုပ် လုပ်ကိုင်ခွင့် ဗီဇာ သက်တမ်း ၄ နှစ် ဖြစ်သည်။
မြန်မာအစိုးရသည် ထိုအစီအစဉ်အား ပြီးခဲ့သည့်နှစ် နှောင်းပိုင်းမှစ၍ စီစဉ်ထားသည့်တိုင် ယနေ့အထိ အကောင်အထည် ဖော်ဆောင် နိုင်ခြင်း မရှိသေးသည့်အတွက်လည်း ဝေဖန်မှုများ ရှိနေသည်။
လက်ရှိတွင် ထိုင်းနိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ဗီဇာလွန်နေသူများအား ဖမ်းဆီးမှု မရှိစေရန် မြန်မာအစိုးရက ထိုင်းအစိုး ရကို ပြောဆို ထားသည်ဟု ဆိုသော်လည်း လက်တွေ့တွင် ဖမ်းဆီးခံနေရကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင် ငံသားများ က ဧရာဝတီ သို့ ပြောသည်။
“ဗီဇာကုန်တဲ့သူတွေ အတော်များနေပါပြီ၊ တချို့ဆို ၄ လ ကျော် ၅ လ ဖြစ်နေပြီ၊ ဘန်ကောက်ဝန်းကျင်မှာ အဖမ်းခံရသူ တွေ ရှိတယ်၊ တချို့ကလည်း ရှောင်တိမ်းနေကြရတယ်။ အစိုးရကလည်း ဒါတွေနဲ့ပတ်သက်ပြီး သေသေချာချာ ရှင်းပြတာ၊ ဆောင်ရွက်ပေးတာ ဘာမှ မရှိသေးဘူး ဖြစ်နေတယ်”ဟု ထိုင်းရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (BAT ) မှ အလုပ်သမားများ အရေး ကူညီပေးနေသူ မဦး က ဧရာဝတီသို့ ပြောသည်။
၄ နှစ် ဗီဇာကျော်လွန် သွားခြင်းကြောင့် တရားမဝင် တိမ်းရှောင် နေရသည့် မြန်မာနိုင်ငံသား ဦးရေသည် ဘန်ကောက်ဒေသ တဝိုက်၌ ၁ သိန်းကျော် ရှိကြောင်း၊ တခြားဒေသများတွင်လည်း အများအပြား ရှိသေးကြောင်း၊ တိမ်းရှောင်နေကြသည့် တိုင် ထိုင်းရဲများ၏ ဖမ်းဆီးမှု ခံရသူများလည်း ရှိကြောင်း၊ အလုပ်ရှင်များကလည်း တရားဝင် နေထိုင်ခွင့် လက်မှတ် မရှိသူများ ကို တာဝန်မယူကြောင်း သိရသည်။
“ပထမ လုပ်နေတဲ့ အလုပ်ရုံက လက်မခံတော့ အလုပ်ထွက်လိုက်ရတယ်၊ တခြားနေရာမှာ ပြောင်းလုပ်ဖို့ အတွက်ကျပြန်တော့ လည်း ဗီဇာ သက်တမ်းလွန်နေပြီဆိုတော့ မရဘူး၊ အခုတော့ ကြုံသလို တိမ်းရှောင်ပြီး ရဲမရှိတဲ့ နေရာတွေမှာ ဈေးရောင်းစား နေရတယ်၊ ဘယ်နေ့ အဖမ်းခံရမလဲတော့ မသိဘူး”ဟု ဘန်ကောက်ရှိ အလုပ်သမ တဦး က ဆိုသည်။
ဘန်ကောက်ရှိ ရွှေ့ပြောင်း အလုပ်သမားများအား ဖမ်းဆီးမှု ရှိသော်လည်း ချင်းမိုင်ဒေသ၌ လုပ်ကိုင်နေသည့် ၄ နှစ် ဗီဇာ သက် တမ်း လွန် မြန်မာ အလုပ်သမားများကိုမူ အလုပ် လုပ်ကိုင်နိုင်ရန် သက်ဆိုင်ရာ ထိုင်းအလုပ် သမားအရာရှိများက ဆောင်ရွက်ပေး ထားကြောင်း၊ သို့သော် ချင်းမိုင်ဒေသမှ တခြား ဒေသသို့ ပြောင်းရွှေ့လုပ်ကိုင်ခွင့် မပြုကြောင်း မြန်မာအလုပ်သမား တချို့က ပြော သည်။
“ထိုင်းနိုင်ငံရေး အခြေအနေက မကောင်းတော့ အလုပ်သမားတွေကို မဖမ်းဆီးဖို့ ရဲတွေကို ပြောထားတဲ့အကြောင်း ထိုင်း အ လုပ်သမား ဒု ဝန်ကြီးက ပြောပါတယ်၊ နိုင်ငံရေး တည်ငြိမ်သွားတဲ့အခါမှ ဗီဇာ အသစ်လုပ်ရမှာပေါ့၊ ဒါပေမယ့် တခြား နေရာ ပြောင်းပြီး အလုပ် လုပ်ရင်တော့ အဖမ်းခံရမယ်လို့ ပြောပါတယ်”ဟု ချင်းမိုင်ရှိ မြန်မာ နိုင်ငံသား အလုပ်သမား တဦး က ဧရာဝတီ သို့ ပြောသည်။
ဗီဇာ သက်တမ်း ကုန်တော့မည့် ရွှေ့ပြောင်း အလုပ်သမား တချို့သည် ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် မြန်မာနိုင်ငံသို့ ဗီဇာ သက်တမ်း တိုးရန် ပြန်သွားကြကြောင်း၊ သို့သော် ထိုင်းနိုင်ငံ၌ လုပ်ကိုင်ခဲ့သည့် အထောက်အထားများအား ရန်ကုန်ရှိ သက် ဆိုင်ရာ ရုံးများသို့ ပို့ဆောင်ထားခြင်း မရှိ၍ အခက်အခဲများ ကြုံနေရ ကြောင်း သိရသည်။
“အဖမ်းခံရမှာ ကြောက်တော့ ငွေကုန်ခံပြီး ရန်ကုန်ပြန်ကြတယ်၊ အထောက်အထားတွေ မပို့သေးတော့ မြန်မာနိုင်ငံ တွင်းမှာပဲ သောင်တင်နေသူတွေလည်း အများကြီးရှိတယ်၊ တချို့ကလည်း မပြန်ဘဲ ဘန်ကောက်တခွင်မှာပဲ ဟိုရှောင်တိမ်း၊ ဒီရှောင် တိမ်း လုပ်နေရတယ်၊ တရားဝင် အလုပ် မလုပ်နိုင်တော့ဘူး၊ အစိုးရ ရဲ့ လုပ်ဆောင်မှုတွေက နည်းလမ်းမမှန် ဖြစ်နေတယ်” ဟု BAT တာ ဝန်ခံ က ပြောသည်။
ဘန်ကောက်ရှိ မြန်မာသံရုံးမှ အလုပ်သမား အရေး ဖြေရှင်းပေးနေသည့် တာဝန်ရှိသူ တဦးက ပြောဆိုရာတွင် ၎င်းတို့ အနေ ဖြင့် ၄ နှစ် ဗီဇာသက်တမ်း ကျော်လွန်သူများအတွက် ဆက်လက် နေထိုင်ခွင့်ရရေးကို ပုံမှန် လုပ်ဆောင်ပေးနေသည် ဟု ဧရာဝတီသို့ ပြောသည်။
ဗီဇာ ၄ နှစ် ကျော်သူများ အတွက် ဆက်လက် နေထိုင်ခွင့် ရရေး ဆောင်ရွက်မည့် အစီအစဉ်ကို ထိုင်း-မြန်မာ နယ်စပ်ဂိတ်များ ဖြစ် သည့် မြဝတီ၊ ရနောင်းနှင့် တာချီလိတ် ဂိတ်များ၌ ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ထားကြောင်း သိရ သည်။
ထိုင်းနိုင်ငံ၌ ဗီဇာ သက်တမ်း ၄ နှစ်ကျော်နေသော မြန်မာ အလုပ်သမား ၄ သိန်းခန့်ရှိပြီး မြန်မာရွှေ့ပြောင်း အလုပ်သမား ၃ သန်း ခန့် ရှိကြောင်း အလုပ်သမား အရေး ကူညီနေသူများက ပြောသည်။
မြန်မာ အလုပ်သမား အများစုသည် ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ ပင်လယ်စာ စက်ရုံ၊ အထည်ချုပ် စက်ရုံ၊ စားသောက် ဆိုင် အစရှိသည့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်ကြရခြင်း ဖြစ်သည်။