ရခိုင်ပြည်နယ်၊ မောင်တောမြို့ ဒုချီးရားတန်းရွာတွင် ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး အငြင်းပွားဖွယ် ဖြစ်နေချိန်၌ မြန်မာအစိုးရနှင့် လက်တွဲ ဆောင်ရွက်နေသည့် ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ အခြေစိုက် နိုင်ငံတကာ ပဋိပက္ခများ လေ့လာစောင့်ကြည့်ရေး အဖွဲ့ (ICG) က ပွင့်လင်းမြင်သာသည့် စုံစမ်းမှု တခု အမြန်ဆုံး လုပ်ဆောင်ရန် တိုက်တွန်းလိုက်သည်။
ဒုချီးရားတန်းရွာ၌ ရဲတပ်ကြပ်ကြီး တဦး သေဆုံးမှု အပါအဝင် မွတ်စလင် ၄၀ ဦးကျော် သေဆုံးမှုတွင် ရာဇဝတ်မှု ကျူးလွန်သူ အားလုံးကို မြန်မာ အစိုးရ အနေဖြင့် ထိထိရောက်ရောက် စုံစမ်း အရေးယူပေးရန် ICG က တိုက်တွန်းခြင်း ဖြစ်သည်။
ICG ၏ ယခု သတင်းထုတ်ပြန်ချက်သည် အကြမ်းဖက်မှု ဖြစ်ပွားခဲ့ရာ ဒေသသို့ သွားရောက်ခဲ့သူများ အပါအဝင် ယင်းအဖြစ်အပျက်နှင့် ပတ်သက်ပြီး မျက်မြင်သက်သေများနှင့် မေးမြန်း ပြောဆိုမှုပြီးနောက် မှတ်တမ်းဓာတ်ပုံ တချို့ပါ ရရှိခဲ့သောကြောင့် ဇန်နဝါရီလ ၉ ရက်က ၁၃ ရက်အတွင်း အကြမ်းဖက်မှု ဖြစ်ရပ်တွင် လူပေါင်း ၄၉ ဦး ဝန်းကျင် အသတ်ခံခဲ့သည်ကို ယုံကြည်ရကြောင်းကို ယမန်နေ့ ရက်စွဲဖြင့် ထပ်မံ ထုတ်ဖော် ပြောဆိုခြင်း ဖြစ်သည်။
ICG ၏ စုံစမ်းမှုများ အရ သေဆုံးသူများထဲတွင် အမျိုးသမီးနှင့် ကလေးငယ်များ ပါဝင်ပြီး ရဲတပ်ဖွဲ့က အဆိုပါ လူသတ်မှု တချို့ကို ကျူးလွန်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။
ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများက အဆိုပါ အကြမ်းဖက်မှု အပေါ် အမှုမှန် ပေါ်လာရေး အမြန်ဆုံး ဆောင်ရွက်မှု ပြုရန် တိုက်တွန်းထားသော်လည်း မြန်မာ အစိုးရက ယင်းဖြစ်ရပ်သည် ဟုတ်မှန်ခြင်း မရှိကြောင်း ငြင်းဆိုဆဲ ဖြစ်သည်။
ဒုချီးရားတန်းရွာ ကိစ္စနှင့် ပတ်သက်ပြီး မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ၂၄ ရက် နေ့စွဲဖြင့် ထုတ်ပြန် ကြေညာချက်မှာ အောက်ပါ အတိုင်း ဖြစ်သည်။
“၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်၊ ညပိုင်းတွင် အဖွဲ့ဝင် ၅ ဦးပါသည့် ရဲလှည့်ကင်း အဖွဲ့သည် ပုံမှန်လှည့်ကင်း တာဝန် ထမ်းဆောင်စဉ် မောင်တောမြို့နယ်၊ ဒုချီးရားတန်း (အလယ်) ရွာအရောက်၌ တုတ်၊ ဓါး ကိုင်ဆောင်ထားသည့် ဘင်္ဂါလီအုပ်စုအင်အား (၁၀၀) ခန့်မှ ဝိုင်းဝန်းရန်မူ မှုကို ခံရသဖြင့် လူစုခွဲ ရှောင်ပေးခဲ့သည်။”
“ယင်းသို့ လူစုခွဲ တိမ်းရှောင်စဉ် ရဲလှည့်ကင်း အဖွဲ့ခေါင်းဆောင်မှာ လူစုကွဲ၍ ကျန်ရစ်ခဲ့ပြီး ၎င်းကိုင်ဆောင်သော လက် နက်နှင့်အတူ ယနေ့တိုင် ပျောက်ဆုံးလျက် ရှိပါသည်။
နယ်မြေခံ ရဲတပ်ဖွဲ့နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် အင်အားစု စည်းပြီး ယင်းလူစုကွဲ ပျောက်ဆုံး ကျန်ရစ်ခဲ့သူအား ပြန်လည် ရှာဖွေရန် ၎င်းကျေးရွာသို့ ထပ်မံ သွားရောက်ခဲ့ရာတွင် တုတ်၊ ဓါး ကိုင်ဆောင်ထားသည့် ဘင်္ဂါလီ အုပ်စု အင်အား ၅၀၀ ကျော်၏ ဝိုင်းဝန်းရန်မူ မှုကို ခံခဲ့ရသည်။ အကြမ်းဖက် အုပ်စုသည် အန္တရာယ်ပြုရန် ချန်းကပ်လာသည့် အတွက် မိမိဘက်မှ သေနတ် ၈ ချက်ဖောက်၍ သတိပေးခဲ့သည်”
“ယင်းသို့ သတိပေး ပစ်ဖောက်ခဲ့ခြင်းကြောင့် အရပ်ဘက် ပြည်သူ တစုံတဦး တယောက်မျှ ထိခိုက် သေဆုံးခြင်း မရှိခဲ့ ပါ” ဟု မြန်မာအစိုးရက ကြေညာခဲ့သည်။
မြန်မာအစိုးရ၏ ယင်းကြေညာချက် ထွက်ပေါ်လာပြီး ၂ ရက် အကြာတွင် ICG က ဒုချီးရားတန်းရွာ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ယခုကဲ့သို့ ထပ်မံ ဖော်ပြလာခြင်း ဖြစ်သည်။
ICG ၏ သတင်းထုတ်ပြန်ချက်တွင် ပထမဆုံး ပြဿနာ ဖြစ်ပွားခဲ့သည့် ဇန်နဝါရီလ ၉ ရက်တွင် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ဖြတ်ကူးရန် ကြိုးစားနေသည့် မွတ်ဆလင် ၈ ဦး အုပ်စု တစုကို ရခိုင်ဗုဒ္ဓဘာသာ ရွာလူကြီးက ဖမ်းဆီး သတ်ပစ်ပြီး ကျင်းတူး မြှုပ်နှံခဲ့သည်မှာ အထင်အရှား ဖြစ်သော်လည်း မည်သည့်အတွက် ယင်းသို့ သတ်ဖြတ်ရသည်ကို ရှင်းလင်း သဲကွဲမှု မရှိကြောင်း ICG က ဆိုသည်။
ဒုချီးရားတန်းရွာရှိ မွတ်ဆလင်တဦးက သေဆုံးသူတွေကို မြှုပ်နှံထားသည့် သချၤိုင်းကို ဖြတ်သွားစဉ် အလောင်းများကို စမတ်ဖုန်းနှင့် ဓာတ်ပုံရိုက်ခဲ့သည်ဟု ICG က ရေးသားထားသည်။ အဆိုပါ ဓာတ်ပုံ အထောက်အထားရှိနေသည့် အတွက် ရဲတပ်ဖွဲ့က သတင်းမပေါက်ကြားအောင် ကာကွယ် ကြိုးစားခဲ့သည်ဟု ICG က ဆိုသည်။
၎င်းကြိုးပမ်းမှုတွင် ရဲတပ်ကြပ်ကြီး တဦးအား မွတ်ဆလင် ရွာသားများက ဖမ်းဆီး သတ်ဖြတ်လိုက်သောကြောင့် ပြဿနာ မီးပွား စတင် ဖြစ်ပွားကာ လူသတ်မှုများကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ICG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ICG ၏ ထုတ်ပြန်ချက် အရ အဆိုဒေသရှိ ရဲဝန်ထမ်းများသည် ရခိုင်လူမျိုးများ ဖြစ်ပြီး ပြီးခဲ့သည့် သတ်ဖြတ်မှုတွင် ပါဝင်ကျူးလွန်ခဲ့သည်ဟု ယုံကြည်ရသဖြင့် ယင်းဒေသခံ ရခိုင်လူမျိုး ရဲတပ်ဖွဲ့ဝင်များကို ရုပ်သိမ်းသင့်ကြောင်း ထောက်ပြ ထားသည်။
အခင်းဖြစ်ရပ်အပေါ် စုံစမ်းမှုနှင့် နယ်မြေ လုံခြုံရေး ကိစ္စများ အတွက် ရခိုင်ပြည်နယ် ပြင်ပက ရဲတပ်ဖွဲ့များဖြင့်သာ ဖော်ဆောင် သင့်ကြောင်း ဖြစ်နိုင်ပါက စစ်တပ်က အကူအညီပေးသင့်ကြောင်း ICG က ထောက်ပြသည်။
မြန်မာနိုင်ငံ အစိုးရ အနေဖြင့် ဆက်တိုက်ဖြစ်ပေါ်ခဲ့သည့် မွတ်ဆလင် ဆန့်ကျင်ရေး အကြမ်းဖက် ရာဇဝတ်မှုများကို ကျူးလွန်နေသူများ အပေါ် အပြစ်ပေး အရေးယူမှု လုပ်မည် ဆိုပါလျှင် အစွန်းရောက် လှုပ်ရှားမှုများ အဆုံးသတ်သွားနိုင်ကြောင်း ICG က ဆက်လက် ဖော်ပြထားသည်။
ICG က မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် The Dark Side of Transition: Violence against Muslims in Myanmar “အသွင်ကူး ပြောင်းရေး၏ အမှောင်ဘက်ခြမ်း- မြန်မာနိုင်ငံတွင် မွတ်စလင်များအပေါ် အကြမ်းဖက်မှု” အစီရင်ခံစာတွင် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ပွင့်လင်းလာသည့် ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် အကြံပြုထားသည်။
ICG ၏ စာမျက်နှာ ၃၆ မျက်နှာရှိပါ ယင်းအစီရင်ခံစာတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ အတွင်း အစိုးရ၏ ထိရောက်သော ဖြေရှင်းမှု မရှိခြင်း၊ လူ့အဖွဲ့အစည်း အတွင်း ခံယူချက် သဘောထားများ ပြောင်းလဲ မပစ်နိုင်ခြင်း များသည် ဒေသတွင်းနှင့် ပြင်ပ ကမ္ဘာအထိပါ သက်ရောက်နိုင်ကြောင်း ICG က ထောက်ပြ ထားသည်။
ယင်းအပြင် ရဲတပ်ဖွဲ့ဝင်များအား တရားဥပဒေ စိုးမိုးရေးကို လေးစားရန်၊ လူစုလူဝေးဖြင့် ဖြစ်ပေါ်လာသည့် ကိစ္စများကို နိုင်ငံတကာ စံချိန်စံနှုန်းမီ ကိုင်တွယ် ဖြေရှင်းရန်နှင့် လူနည်းစုများကို အကာအကွယ် ပေးနိုင်ရေး စသည့် ကိစ္စရပ်များကို လေ့ကျင့် သင်ကြားပေးရန် လိုအပ်ကြောင်း အကြံပြု ထားသည်။