၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံ၏ စုစုပေါင်း ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှု တန်ဖိုး ဂျီဒီပီ (GDP) ကို ၉.၁ ရာခိုင်နှုန်း အထိ တိုးရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောသည်။
နေပြည်တော်၌ ယနေ့ကျင်းပသည့် ဒုတိယ အကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တွင် ၎င်းက အထက် ပါ အတိုင်း ပြောခြင်း ဖြစ်သည်။
“အကူအညီ၊ အထောက်အပံ့၊ အတိုးမဲ့ ချေးငွေ၊ အတိုးနှုန်းသက်သာတဲ့ ချေးငွေ၊ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ နည်း ပညာ အကူအညီတွေကို စနစ်တကျ စီမံခန့်ခွဲပြီး GDP တိုးတက်မှု ရရှိရန် စီမံထားခြင်း ဖြစ်ပါတယ်”ဟု သမ္မတ ဦးသိန်းစိန်က ဆို သည်။
ပြီးခဲ့သည့်၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် မူလ ခန့်မှန်းထားသော စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှုန်း ပမာဏမှာ ၆.၇ ရာခိုင်နှုန်း ဖြစ် သော်လည်း လက်တွေ့တွင် ၇.၃ ရာခိုင်နှုန်း အထိ ရောက်ရှိခဲ့ခြင်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် ရလဒ်တခု ဖြစ်ကြောင်း လည်း ဦးသိန်းစိန်က ဆက်ပြောသည်။
ပထမ အကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလအတွင်းက ကျင်းပခဲ့သည်။
အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့(IMF) ၏ ခန့်မှန်းထားချက်များ အရ မြန်မာနိုင်ငံ၏ GDP တန်ဖိုးမှာ ယခုနှစ်တွင် ၇.၈ ရာခိုင်နှုန်းနီးပါး အထိ မြင့်လာနိုင်သည်ဟု ပြောဆိုထားပြီး ယခုဘဏ္ဍာနှစ် အတွက် မျှော်မှန်းထားမှုမှာ ၈.၉ ရာခိုင်နှုန်း ဖြစ်သည်။
နှစ်အလိုက် GDP တိုးနှုန်း အနေအထားကို ကြည့်မည်ဆိုပါက မြန်မာနိုင်ငံတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၅.၆ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၇.၃ ရာခိုင်နှုန်း ဖြစ်ပြီး ယခုဘဏ္ဍာနှစ်တွင် ၇.၈ ရာခိုင်နှုန်း ခန့်မှန်းထားရာ လာမည့် ၂၀၁၄-၂၀၁၅ တွင် ၉.၁ ရာခိုင်နှုန်းအထိ ရောက်ရှိရန် လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
သမ္မတ၏ GDP တိုးနှုန်း ရည်မှန်းချက်သည် မြင့်မားသည်ဟု ပြောနိုင်သော်လည်း ဖြစ်နိုင်ခြေ ရှိကြောင်း သမ္မတ စီးပွားရေး အကြံ ပေး ဒေါက်တာ ဇော်ဦးက ပြောဆိုသည်။
“ဘာကြောင့်ဆို IMF က တွက်ထားတယ် ဆိုတဲ့ဟာမှာလည်း အစိုးရရဲ့ကိန်းဂဏန်းတွေကို အများဆုံး အချိန်ယူထားတာပေါ့နော်၊ အခုဟာက ပြည်တွင်းမှာ ရှိတဲ့ အစိုးရတွေရဲ့ စဉ်းစားချက်က GDP ကောက်တဲ့ အခါမှာ ပုဂ္ဂလိက ကဏ္ဍရဲ့ GDP စွမ်းဆောင်မှုတွေက ကိန်းကဏ္ဍန်းတွေ ပိုပြီးရလာတယ်၊ ဒီကဏ္ဍကနေပြီး အရင်တုန်းက မသိတဲ့ဟာတွေ သိလာတယ်၊ အဲဒီအပေါ်မှာ အခြေခံ လိုက် တဲ့ အခါကြတော့ ကျနော်တို့က IMF တို့ World Bank တို့ စဉ်းစားတာထက် ပိုပြီးတော့ ပြည့်ပြည့်စုံစုံ စဉ်းစားလို့ ရလာတာ ရှိတယ်၊ အဲဒီအတွက်ကြောင့် ကျနော်တို့ တွက်ချက်မှုက နည်းနည်းပိုနေတဲ့ သဘောရှိတာပေါ့”ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ၏ GDP တန်ဖိုး တိုးတက်လာသည်နှင့် အတူ ငွေဖောင်းပွမှုနှုန်း မြင့်တက်ခြင်းလည်း ရှိနေသဖြင့် တတ်နိုင်သမျှ ထိန်း ထားရန် စီးပွားရေး ပညာရှင်များက ထောက်ပြ ပြောဆို ထားသည်။
နိုင်ငံ၏ လက်ရှိ ဘတ်ဂျက်လိုငွေ ပမာဏမှာ ၂.၇ ဘီလီယံ ဖြစ်ပြီး GDP ၏ ၄ ရာခိုင်နှုန်း ရှိကြောင်း အစိုးရက တရားဝင် ထုတ်ပြန် ထားသည်။
ယင်းအခြေအနေတွင် ဘတ်ဂျက် လိုငွေကို GDP ၏ ၅ ရာခိုင်နှုန်း အထက် မရောက်စေရန် ထိန်းသွားရမည်ဟု IMF နှင့် ကတိ ကဝတ် များထားကာ မြန်မာနိုင်ငံက လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
“ငွေဖောင်းပွမှုနှုန်းမှာ အစိုးရ ဘတ်ဂျက် လိုငွေပြတဲ့ ပြဿနာပေါ့၊ IMF နဲ့လည်း ကတိကဝတ် ခံပြီး အလုပ်လုပ်နေတာ ဖြစ်တယ်၊ အဲ့ဒါအရ ကျနော်တို့ဟာ လိုငွေကို ၅ ရာခိုင်နှုန်း အထက်မှာ မကျော်အောင် ထိန်းရမယ်ဆိုတဲ့ သဘောပဲ”ဟု ဒေါက်တာ ဇော်ဦးက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ၏ ငွေဖောင်းပွမှုနှုန်းမှာ ၆ ရာခိုင်နှုန်း ရှိနေသည်ဟု IMF က ခန့်မှန်းထားပြီး ဆက်လက် မြင့်တက်နိုင်သည့် အနေအထား ဖြစ်ကြောင်းလည်း ပြောဆိုထားသည်။