ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့ မြန်မာ အစိုးရက မလုပ်ဆောင်ရင် အမေရိကန်ပြည်ထောင်စုက ပေးဖို့ရှိနေတဲ့ ထောက်ပံ့ကူညီမှုတွေကို ရပ်ဆိုင်းပြီး ဒဏ်ခတ် ပိတ်ဆို့ရေးဆီ ပြန်ဦးတည်သွားနိုင်မယ့် အခြေအနေမျိုး ပါဝင် ပြဌာန်းထားတဲ့ ဥပဒေကို သမ္မတ ဘားရက်အိုဘားမားက ဇန်နဝါရီလ ၁၇ ရက်နေ့က လက်မှတ်ထိုးခဲ့ပါတယ်။
ပါတီ နိုင်ငံရေးလွန်ဆွဲပွဲတွေကြောင့် အမေရိကန်အစိုးရ အသုံးစရိတ် အကျပ်အတည်းဖြစ်မှု Shutdown ကို လည်း လွန် မြောက်သွားစေခဲ့တဲ့ ဒီဥပဒေဟာ အမေရိကန်အစိုးရရဲ့ အောက်တိုဘာလထိ သုံးစွဲမယ့် အသုံးစရိတ် ဒေါ်လာ ၁ ထရီလီယံ ကို ရီပတ်ဘလီကန်ပါတီရော ဒီမိုကရက်တစ်ပါတီပါ သဘောတူညီမှုနဲ့ အတည်ပြုခဲ့တာပါ။
၁၅၈၂ မျက်နှာ ရေးသားပုံနှိပ်ထားတဲ့ ယင်းဥပဒေမှာ မြန်မာအစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက် မရှိ လွှတ်ဖို့၊ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အခြေခံဥပဒေပြင်ဖို့၊ လူ့အခွင့်အရေးချိုးဖောက်သူတွေကို အပြစ်ပေး အရေးယူတာတွေ ထင်သာမြင်သာအောင် လုပ်ဖို့တွေ အပါအဝင် တိကျသေချာတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်မှ အမေရိကန်အစိုးရက ထောက်ခံပံ့ပိုးဖို့ ပါဝင်ပါတယ်။
“ဒီကိစ္စရပ်တွေကို လက်ခံနိုင်လောက်တဲ့ အပြုမူမျိုးနဲ့ ဖြေရှင်းတဲ့ အချိန်အထိ မြန်မာနိုင်ငံအပေါ်ချမှတ်ထားပြီးသား ဖြစ်တဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ဆက်လက်ထားရှိရေးကို ကွန်ဂရက်လွှတ်တော် အမတ်တချို့က ထောက်ခံဖို့နေပါတယ်။ အရေးယူ ပိတ်ဆို့မှုအသစ်တွေလည်း ထပ်မံပေါ်ပေါက်လာနိုင်ပါတယ်” လို့ အမေရိကန် ကွန်ဂရက်ကို အကြံပေးနေတဲ့ Congressional Research Service က အာရှရေးရာ ကျွမ်းကျင်သူ Michael Martin ကပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အစိုးရအုပ်စိုးခဲ့တဲ့ နှစ်တွေအတွင်း အမေရိကန်ပြည်ထောင်စုက ချမှတ်ထားခဲ့တဲ့ ဒဏ်ခတ်အရေးယူမှု အမြောက်အများကို ၂၀၁၁ ခုနှစ်မှာ အရပ်သားအသွင်ယူအစိုးရ အဖြစ် အသွင်ကူးပြောင်းခဲ့ပြီးတဲ့နောက်မှာ သမ္မတ အိုဘားမားက ဖြေလျှော့ပေးလိုက်ပါတယ်။ သမ္မတဦးသိန်းစိန်အစိုးရကိုလည်း ရွေးကောက်တင်မြှောက်ခံရသူတွေ တစိတ်တပိုင်းပါဝင်တဲ့ လွှတ်တော်ကို တည်ထောင်နိုင်ခြင်း၊ နိုင်ငံရေးအကျဉ်းသားတယောက်ဖြစ်တဲ့ အတိုက်အခံခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွှတ်တော်အမတ်အဖြစ် ပါဝင်လာနိုင်ခဲ့ခြင်း စတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ရပ်တွေကြောင့် ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးမှုတွေ ပြုခဲ့ကြပါတယ်။
အနောက်တိုင်း အစိုးရ အများစုက အပြောင်းအလဲတွေ ကို မြန်မြန်ဆန်ဆန် အသိအမှတ်ပြုပေးခဲ့ပေမယ့် အမေရိကန် လွှတ်တော် အမတ်တွေကြားမှာတော့ အရေးယူချမှတ်ထားတဲ့ ၁၉၉၀ ခုနှစ် Customs and Trade Act နဲ့ ၂၀၀၈ ခုနှစ် Junta’s Anti-Democratic Efforts (JADE) Act စတဲ့ ဥပဒေတွေကို ဖယ်ရှားပေးဖို့အတွက် ဦးသိန်းစိန် ကတိ ပေးခဲ့တဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးမှာ မှန်းချက်နဲ့ မကိုက်ခဲ့တာကြောင့် ဥပဒေသစ်ထပ်မံ ချမှတ်ဖို့ ထုတ်ဖော်ပြောဆိုမှုတွေရှိလာခဲ့ပါတယ်။
မြန်မာအစိုးရက လွတ်ငြိမ်းချမ်းသာခွင့်တွေ ဆက်တိုက်ပေးခဲ့ပေမယ့် သမ္မတဦးသိန်းစိန် ဖွဲ့စည်းပေးထားတဲ့ အကျဉ်းသားများစိစစ်ရေး ကော်မီတီ အဖွဲ့ဝင်တွေက အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားလို့ အတည်ပြုသတ် မှတ်နိုင်သူ ၃၃ ဦးကျန်နေသေးတယ်လို့ ပြောပါတယ်။ ဒီအပြင် မြန်မာနိုင်ငံက ငြိမ်းချမ်းစွာ စုဝေးခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆိုင်ရာ ဥပဒေတွေကလည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူတွေ ပိုများလာအောင် ဖန်တီးထား သလိုပဲလို့လည်း အခြားသူတွေက ပြောကြပါတယ်။
“မြန်မာနိုင်ငံမှာ ဒီလို ဥပဒေတွေရှိနေတာနဲ့ အမျှ နိုင်ငံရေး အကျဉ်းသားအသစ်တွေ ဆက်လက်ပြီးရှိနေဖို့ ဖြစ်နိုင်ချေတွေ ရှိနေပါတယ်။ နိုင်ငံရေး အကျဉ်းသားသစ်တွေ ဖမ်းဆီးခံရမယ်၊ ထိန်းသိမ်းခံရမယ်ဆိုလည်း အမေရိကန်ရဲ့ ဥပဒေနဲ့ ဒဏ်ခတ်အရေးယူမှုတွေ ဆက်လက်ပြီးရှိနေပါလိမ့်မယ်” လို့ Michael Martin က ပြောပါတယ်။
နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းမှုတွေ အပြင် အမေရိကန်လွှတ်တော် အမတ်တွေရဲ့ နောက်ထပ် စိုးရိမ်ပူပန်နေတာကတော့ ရိုဟင်ဂျာလို့ခေါ်နေကြတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက မွတ်ဆလင်များအပေါ်အစိုးရရဲ့ ပြုမူပုံ၊ ၂၀၀၈ ခုနှစ် အခြေခံဥပဒေထဲက တင်းကျပ်မှုတွေ၊ ဆက်လက် ထွက်ပေါ်နေဆဲဖြစ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ မဖြေရှင်းနိုင်သေးတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဖြစ်တယ်။
အသစ်ပြဌာန်းလိုက်တဲ့ ဥပဒေရဲ့ အပိုဒ် ၇၀၄၃ မှာ ကန့်သတ်မှုနဲ့ ပတ်သက်ပြီး “ရိုဟင်ဂျာများနှင့် အခြားသော မွတ်ဆလင် လူနည်းစု အဖွဲ့များကို ဆန့်ကျင်တိုက်ခိုက်ခြင်း အပါအဝင် လူ့အခွင့်အရေးဆိုင်ရာ အခြေခံသတ်မှတ်ချက်များကို ကျူးလွန် ချိုးဖောက်သည်ဟု ယုံကြည်ရသော လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း” လို့ ဖော်ပြထားပါတယ်။
ဇန်နဝါရီလ ၁၄ က ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှာ တိုက်ခိုက်သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့တဲ့အကြောင်း သတင်းတွင် နိုင်ငံတကာ မီဒီယာတွေရဲ့ မျက်နှာစာပေါ် ရောက်လာခဲ့ပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေက မြန်မာအာဏာပိုင်တွေကို မွတ်ဆလင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ကိုင်တွယ်ရာမှာ မပြတ်သားမှု အတွက် စွပ်စွဲခဲ့ကြသလို ကုလသမဂ္ဂနဲ့ သံတမန်တွေကလည်း အပြစ်တင်ခဲ့ကြပါတယ်။
“ခုချိန်အထိ အစိုးရရဲ့ ဆောင်ရွက်မှုတွေဟာ လုံလောက်မှု မရှိသေးတာ အလွန်ရှင်းပါတယ်”လို့ ဇန်နဝါရီလ ၁၇ မှာ ရန်ကုန်မြို့ အမေရိကန်သံရုံးက ထုတ်ပြန်တဲ့ကြေညာချက်မှာ ရေးသားထားပါတယ်။ မြန်မာ တာဝန်ရှိသူတွေကိုလည်း အဖြစ်အပျက်ကို စနစ်တကျ စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူကို အရပ်သားဖြစ်စေ၊ လုံခြုံရေး တာဝန်ရှိသူဖြစ်စေ ဖော်ထုတ်အရေးယူပေးဖို့ တောင်းဆိုပါတယ်။
မြန်မာအစိုးရရဲ့ မွတ်ဆလင်ဆန့်ကျင်ရေး ပဋိပက္ခတွေအပေါ်မှာ တုန့်ပြန်ပုံကို အကြောင်းပြုပြီး အမေရိကန်နဲ့ မြန်မာနိုင်ငံကြားက ဘဏ္ဍာရေးဆိုင်ရာ ဆက်ဆံမှု အပြောင်းအလဲ ဖြစ်ကောင်းဖြစ်သွားနိုင်တယ်လို့ အမေရိကန်သံရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ Sarah Hutchinson က DVB အသံလွှင့်ဌာနကို ဇန်နဝါရီ ၁၇ ရက်နေမှာ ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးကန့်သတ်မှုအသစ်တွေဟာ အမေရိကန် စီးပွားရေးထောက်ပံ့မှု ရန်ပုံငွေအပေါ်မှာ သက်ရောက်မှု ရှိမှာ ဖြစ်ပြီး ဒီရန်ပုံငွေက ပြန်လည်တည်ထောင်နေရတဲ့ တိုင်းပြည်တွေကို ကူညီပေးနေပါတယ်။ ဒီအစီအစဉ်တွေထဲမှာ စစ်ရေး အကူအညီ၊ သံတမန်ရေး အသုံးစားရိတ်နဲ့ USAID စီမံကိန်းတွေ ပါဝင်ပါတယ်။
သမ္မတ အိုဘားမားက နိုင်ငံခြားစစ်ဘက်ဆိုင်ရာ ဘဏ္ဍာရေးထောက်ပံ့မှု အစီအစဉ် အောက်ကနေ မြန်မာနိုင်ငံအတွက် ရံပုံငွေတောင်းခံခဲ့ခြင်း မရှိပေမယ့် ဇန်နဝါရီ ၂၀ ရက်နေ့က ကွန်ဂရက်လွှတ်တော်က ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်မှာ အကူအညီကို ဖြစ်ရပ် တခုပြီးမှ တခု စဉ်းစားသုံးသပ်သွားမယ်လို့ ပြောထားပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ တိုးတက်မှုဘယ်လောက် ရှိသလဲဆိုတာ ပြသနိုင်ခြင်းနဲ့ ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့သူတွေကို ဖော်ထုတ်အရေးယူဖို့ ဘယ်လောက် အားထုတ်နိုင်သလဲ ဆိုတဲ့ အပေါ်မှာ တည်တယ်လို့ ဆိုပါတယ်။
ကန့်သတ်မှုအသစ်တွေရဲ့ အပြည့်အ၀ သက်ရောက်မှုကတော့ ခုချိန်အထိ ရှင်းလင်းခြင်း မရှိသေးပါဘူး။ အစိုးရချင်း ထောက်ပံ့မှု၊ ပုဂ္ဂလိက ကဏ္ဍကို စီးပွားရေး ပိတ်ဆို့ကန့်သတ်မှုတွေချမှတ်ဖို့ ကိစ္စတွေဟာ ပြဿနာရှိနေဆဲ ဖြစ်တဲ့အတွက် ဥပဒေမှာ စိုးရိမ်ကြောင့်ကျစရာတွေ ရှိနေပါသေးတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အမေရိကန် နိုင်ငံသားတွေ စီးပွားရေး ပူးပေါင်းဆောင်ရွက်ခြင်းကနေ ကန့်သတ် ထားတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ ကုမ္ပဏီတွေပါဝင်တဲ့ အထူးသတ်မှတ်ထားတဲ့ နိုင်ငံသားစာရင်း (Specially Designated Nationals – SDN) ကို ထုတ်ပြန် ထားပြီးဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံကို ဒဏ်ခတ်အရေးယူမှုပိုပြီး ထိရောက်နိုင်ဖို့ အတွက် အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး Hillary Clinton က တောင်းဆိုခဲ့ပါတယ်။ သူ ဒီလိုပြောလိုက်ပြီးတဲ့နောက်ပိုင်း ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံသား တချို့နဲ့ ကုမ္ပဏီအချို့ကို စာရင်းထဲ ထပ်မံထည့်သွင်းခဲ့ပါတယ်။ ဒါပေမယ့် တချို့ကိုလည်း ဖယ်ထုတ်လိုက်ပါတယ်။
အမေရိကန်ရဲ့ လူရွေးချယ်မှုကလည်း အမျိုးမျိုးရှိနေပါတယ်။ မြောက်ကိုရီးယားနဲ့ လက်နက်အရောင်းအဝယ် ကိစ္စမှာ ပါဝင်ခဲ့တဲ့သူတွေကို ဦးစားပေး ရွေးချယ်ခဲ့ပြီး တခြား အပြစ်ရှိသူတွေက စနစ်တကျ ကင်းလွတ်ခွင့်ရနေတယ်လို့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။
ဇန်နဝါရီလ ၁၇ ရက် ဥပဒေအသစ်မှာတော့ ဝေဖန်မှုတွေကို ဖြေရှင်းဖို့ အလေးထားတာတွေ ပါဝင်ပါတယ်။ ဥပဒေမှာ ပါဝင်တဲ့ အချက်တွေ အားလုံးကို ဖြည့်ဆည်းပေးဖို့ အတွက် မြန်မာအစိုးရအနေနဲ့ အပြောင်းအလဲတွေ အမြောက်အများ လုပ်ရမှာ ဖြစ်ပါတယ်။ လုပ်ရမယ့် အပြောင်းအလဲတွေကတော့ ပြည်သူတွေရဲ့ လွတ်လပ်ခွင့် ဥပဒေတွေကို အသစ်ပြင်ဆင်ဖို့၊ လွတ်ငြိမ်းချမ်း သာ ခွင့်တွေဆက်ပေးဖို့နဲ့ တရားစီရင်ရာမှာ ခုံသမာဓိစနစ် ထားရှိရေးတွေ အထိတောင်မှ ပါဝင်ပါတယ်။
မြန်မာနိုင်ငံရဲ့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ အပေါ်မှာ သက်ရောက်မှုရှိနိုင်တဲ့ အခြေခံဥပဒေပြင်ဆင်ရေးကတော့ တောင်းဆိုမှုတွေ ထဲမှာ အရဲတင်းဆုံးပါ။
“မြန်မာနိုင်ငံ အစိုးရက ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို ဆောင်ရွက်မှသာလျှင် ဤဥပဒေဖြင့် တားမြစ်ထားသည့် ဘဏ္ဍာရေး ထောက်ပံ့မှုများကို ရရှိနိုင်မည်” လို့ ဥပဒေရဲ့ အပိုဒ် ၇၀၄၃(ခ) မှာဖော်ပြထားပါတယ်။ “အခြေခံဥပဒေသည် မြန်မာနိုင်ငံတွင် နိုင်ငံရေးအတိုက်အခံများနှင့် တိုင်းရင်းသားအဖွဲ့များ၊ မဲဆန္ဒရှင်များ၊ ကိုယ်စားလှယ်လောင်းများ အပါအဝင် အားလုံးပါဝင်နိုင်သည့် ပွင့်လင်းမြင်သာပြီး လွတ်လပ်မျှတ သော သမ္မတနှင့် လွှတ်တော်ရွေးကောက်ပွဲများ ဖြစ်လာအောင် ဆောင်ရွက်ပေးရမည်” လို့လည်း ထည့်သွင်း ထားပါတယ်။
(DVB အင်္ဂလိပ်ပိုင်းမှ FELIZ SOLOMON ၏ US spending bill adds ‘new restrictions’ on Burma ကို ဘာသာပြန်ဆိုသည်)