Culture

“အာဟေး” သံ ပဲ့တင်ထပ်သည့် နာဂပွဲတော်

This article has been converted from Zawgyi One to Unicode

မြူခိုးများ အုံ့ဆိုင်းနေသည့် နာဂ တောင်တန်းများ နောက်ခံတွင် အောင်တံခွန်ဝါးလုံးကို ထမ်းလာသည့် နာဂတိုင်းရင်းသားများ ဟစ်ကြွေးလိုက်သော “အာဟေး”၊ “အာဟေး” ဆိုသည့် နာဂ ဘာသာစကားဖြင့် ကောင်းချီးပေးသံ ပျံ့လွင့်လျက် ရှိသည်။ ကောင်းချီးပေးသံနှင့်အတူ နာဂတိုင်းရင်းသားများ အောင်တံခွန် ဝါးလုံးကို စိုက်ထူလိုက်ကြသည်။

အပူချိန် ၁၆ ဒီဂရီ စင်တီဂရိတ်၊ ချမ်းအေးသည့် ရာသီဥတုတွင် နာဂ တိုင်းရင်းသားများက ရိုးရာ အဝတ်အစားများ ကိုယ်စီ ဝတ်ဆင်ထားကြပြီး ပွဲတော်သို့ ချီတက်လာသည်ကို တွေ့ရသည်။

ပွဲတော်သို့ချီတက်လာရာတွင်လည်း “အာဟေး”၊ “အာဟေး”  ဆိုသည့်  မြန်မာ  ဘာသာစကားအရ “မင်္ဂလာရှိပါစေ” ၊  “ကောင်းချီးပေးပါ” ဆိုသည့် အဓိပ္ပာယ်ကို မြည်တမ်း အော်ဟစ်လာကြသည်။

နာဂ ရိုးရာပွဲတော်သို့ နာဂ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ  ဒေသဖြစ်သည့်  လရှီးမြို့၊  လဟယ်မြို့နှင့် နန်းယွန်းမြို့များတွင် အလှည့်ကျ ကျင်းပကြသည်။ ယခုနှစ်သည် နန်းယွန်းမြို့တွင် အလှည့်ကျသည့်နှစ် ဖြစ်သည်။

နာဂတိုင်းရင်းသား လူမျိုးပေါင်း ၁၀ဝ ကျော် ရှိပြီး လူမျိုးကြီး အုပ်စု ၅၀ ကျော်တို့သည် ရိုးရာ ဝတ်စုံမှာလည်း တဖွဲ့နှင့်တဖွဲ့ တူညီမှုမရှိသည့်အပြင် ဘာသာစကားမှာလည်း ကွဲလွဲမှုများ ရှိနေသည်ဟု သိရသည်။

နာဂတိုင်းရင်းသားများ၏ ဝတ်စုံတွင် ဆင်ယင် ထားသည့် တန်ဆာများမှာ တောတွင်းမှ ရသည့် သားကောင်များ၏ ပစ္စည်းများ၊ အဓိကအားဖြင့် အစွယ်များဖြင့် အလှဆင်ထားပြီး အမျိုးသားများ၏ ဦးထုပ်တွင် အောက်ချင်းငှက် အမွေးများဖြင့် တန် ဆာဆင်ထားသည်ကို တွေ့ရသည်။

“အောင်တံခွန်စိုက်ရတဲ့ အဓိပ္ပာယ်ကတော့ အရင်က စစ်ပွဲမှာ အောင်ပွဲခံတဲ့ အထိမ်းအမှတ် အနေနဲ့ စိုက်ထူတာပါ” ဟု ဒုံဟီးမျိုးနွယ်စု နာဂ တိုင်းရင်းသား ဦးကျော်မောင်က ဧရာဝတီသို့ ပြော ပြသည်။

ပွဲတော်ကျင်းပရာ ဒေသသို့ တခြားမှ လာရောက်သည့် နာဂ တိုင်းရင်းသားများသည် လမ်းပန်း ဆက်သွယ်မှု ခက်ခဲသဖြင့် လမ်းလျှောက်ကာ လမ်းတွင်ပင်  နှစ်ညအိပ်၊  သုံးညအိပ်၊  လေးညအိပ် စသည်ဖြင့် လာခဲ့ရခြင်း ဖြစ်သည်။

“ကျနော်တို့ နာဂ ပွဲတော်ကို နှစ်စဉ် စည်ကား သိုက်မြိုက်စွာ ကျင်းပပါတယ်။ ကျနော်တို့က ရွာကနေ လာတာပါ။ နန်းယွန်းကို ရောက်ဖို့အတွက် နှစ်ရက်လောက် လမ်းလျှောက်လာရပါတယ်” ဟု လဟယ်မြို့နယ်မှ အကအဖွဲ့ ဖြစ်သည့် လိုင်နောင်း နာဂ တိုင်းရင်းသားတဦးက ဧရာဝတီသို့ ပြောသည်။

နာဂ တောင်တန်းတွင် ကားလမ်းများ မရှိ သဖြင့် လမ်းလျှောက်ခဲ့ရကြောင်း၊ ညတွင်လည်း ကြုံရာရွာတွင် အိပ်စက်ကာလာခဲ့ရကြောင်း၊ ရိုးရာ ပွဲတော်အတွက်လာရသဖြင့် ပျော်ရွှင်ကြောင်း လိုင်နောင်း နာဂ တိုင်းရင်းသားက ဆိုသည်။

“ကျနော်တို့ နှစ်သစ်ကူးပွဲတော်မှာ အိမ်တိုင်း လိုလို ခေါင်ရည်တွေ လုပ်ကြတယ်။ အသိရှိတဲ့ အိမ် ရှေ့မှာ အာဟေး၊ အာဟေးလို့ သုံးခါအော်လိုက်ရင် ခေါင်ရည် တိုက်တယ်။ နှစ်သစ်မင်္ဂလာပါ ဆိုတဲ့ အဓိပ္ပာယ်ပေါ့”ဟု ၎င်းက ပြောပြသည်။

ယခုနှစ် နန်းယွန်းမြို့တွင် ကျင်းပသည့် နာဂ ပွဲတော်တွင် နာဂ ရိုးရာ ယဉ်ကျေးမှု ပြခန်းများ၊ သစ်တောဌာနမှ ပြခန်း၊ ပြန်ကြားရေးဌာန ပြခန်း၊ မူးယစ်ဆေးဝါး ပြခန်း၊ ကျန်းမာရေးဌာန ပြခန်းနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ပြခန်း စသည့် ပြခန်းများအပြင် နာဂတိုင်းရင်းသားများ အထွတ် အမြတ်ထားသည့် ပန်အိမ်ဟု ခေါ်သော အဆောင် ကိုလည်း တွေ့ရသည်။ ပန်အိမ်ဆိုသည်မှာ လူစုလူဝေး လုပ်နိုင်သည့် တဲကြီးတတဲဖြစ်ပြီး ထိုတဲထဲတွင် သစ်ပင်ပင်စည်ကြီး တခုကို အခေါင်းထွင်းဖောက်၍ ချထားသည်။ သာရေး၊ နာရေးကိစ္စ တခုခုအတွက် လူစုစေလိုလျှင် ခေါင်းလောင်းထိုးသည့် တုတ်နှင့် ဆင်တူသော တုတ်ချောင်းများဖြင့် သစ်ခေါင်းလုံး ကြီးကို ထုကာ အသံပေးလိုက်ပါက တရွာလုံး ထို ပန်အိမ်တွင် လာရောက် စုရုံးကြရသည်။ သာရေး၊ နာရေး တခုနှင့်တခု ထွက်ပေါ်ရသည့်အသံ ကွာခြား ကြောင်း သိရသည်။

“ဒီလို ပွဲတော်ရက်မှာ ကျနော်တို့ နာဂ လူမျိုးစုံ တွေ့ရတာပါ။ ကျနော်တို့ လူငယ်တွေလည်း စုံတော့ တဦးနဲ့ တဦး တိုင်ပင်စရာရှိတာတွေ တိုင်ပင်ပြီးတော့ ဒေသဖွံ့ဖြိုးရေးအတွက် ဆွေးနွေးတာတွေ လုပ်လို့ ရတာပေါ့။ ကျနော်တို့ နာဂဒေသက ဖွံ့ဖြိုးမှု အရမ်း အားနည်းနေသေးတယ်” ဟု ပန်ဆောင်မြို့နယ်မှ ကိုချင်းမောင်က ဧရာဝတီသို့ ပြောသည်။

နာဂတောင်တန်း ဒေသတွင် အစစအရာရာ ဖွံ့ဖြိုးမှု နည်းနေကြောင်း၊ တဦးနှင့်တဦး တွေ့ဆုံရန် လည်း အလွန်ခက်ခဲသဖြင့် ပွဲတော်ရာသီ ရောက်မှ သာ အားလုံး စုံလင်စွာ တွေ့ရသဖြင့် အလွန်ပင် ဝမ်းသာကြောင်း၊ လူငယ်များသည် ဒေသဖွံ့ဖြိုးရေး တိုးတက်လာစေရန်နှင့် တဦးနှင့်တဦး စည်းလုံး ညီညွတ်မှုရရန် ဆွေးနွေးဖို့ရှိကြောင်း ကိုချင်းမောင် က ထပ်လောင်း ဆိုသည်။

နာဂ ရိုးရာ နှစ်သစ်ကူးပွဲတော်ကို လုပ်ဆောင် ရသည့် အဓိက ရည်ရွယ်ချက်များမှာ နာဂရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများ၊ ယဉ် ကျေးမှု အမွေအနှစ်များ မပျောက်ပျက်စေရေး အတွက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်၊ နာဂ ရိုးရာ ယဉ်ကျေးမှု အနုပညာများကို ဖော်ထုတ်၍ ထိန်းသိမ်းမြှင့်တင် ဆောင်ရွက်သွားရန်၊ နာဂ တိုင်း ရင်းသား လူမျိုးစုများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် နားလည်မှုများ ပိုမိုရရှိလာနိုင်စေရန်၊ နာဂဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် နာဂတိုင်းရင်း သားများ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက် သွားနိုင်ရန်နှင့် နာဂ မျိုးနွယ်စု အချင်းချင်း ရင်းနှီး ချစ်ကြည်မှုကို အခြေခံ၍ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးဖော်ဆောင်ကာ ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားလာစေရန်ဖြစ်ကြောင်း သိရသည်။

နာဂတိုင်းရင်းသား  ဗဟိုကော်မတီ  ဥက္ကဋ္ဌ ဦးရဲအောင်က “နာဂပွဲတော်ကို ရှေးယခင်ကတည်းက ရွာအလိုက် လူမျိုးစုအလိုက် ကောက်ပဲသီးနှံ ရိတ် သိမ်းပြီးချိန် ဒီဇင်ဘာ၊ ဇန်နဝါရီမှာ အစဉ်အဆက် ကျင်းပခဲ့တာပါ။ ၁၉၉၂ ခုနှစ်က စပြီး နာဂဒေသမှာ ရှိတဲ့ မြို့နယ်အတွင်းမှာ အလှည့်ကျ ကျင်းပခဲ့တာ ဒီနှစ်ဆိုရင် ၂၃ နှစ်ရှိပါပြီ” ဟု ဆိုသည်။

ရိုးရာဝတ်စုံဖြင့် နာဂတိုင်းရင်းသားကြီး (ဓာတ်ပုံ - နန်းဆိုင်နွမ် / ဧရာဝတီ)
ရိုးရာဝတ်စုံဖြင့် နာဂတိုင်းရင်းသားကြီး (ဓာတ်ပုံ – နန်းဆိုင်နွမ် / ဧရာဝတီ)
ရိုးရာဝတ်စုံဖြင့် နာဂတိုင်းရင်းသားကြီး (ဓာတ်ပုံ – နန်းဆိုင်နွမ် / ဧရာဝတီ)

နာဂ ပွဲတော်သည် နိုင်ငံခြားသားများ စိတ်ဝင် စားသည့် ပွဲတော်တရပ် ဖြစ်သောကြောင့် နှစ်စဉ် ပွဲတော်ရာသီရောက်တိုင်း ကမ္ဘာလှည့် ခရီးသွားများ အတွက် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ဆောင် ပေးနေကြောင်း၊ နာဂပွဲတော်ကိုသာမက နာဂရိုးရာ လူနေမှုပုံစံကိုလည်း နိုင်ငံခြားသားများက စိတ်ဝင် စားကြောင်း၊ နာဂဒေသသည် ခရီးသွား လုပ်ငန်း အတွက် စိတ်ဝင်းစားစရာနေရာ ဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေးအတွက် ခက်ခဲနေကြောင်း၊ ယခုနှစ်ပွဲတော်ကို ယခင်နှစ်ကထက် နိုင်ငံခြားသား များ ပိုမိုလာရောက်လေ့လာသည်ကို တွေ့ရကြောင်း ဒိုင်မွန်းပဲလေ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ ဒေါ် မီမီဝင်းက ဧရာဝတီသို့ ပြောသည်။

နာဂပွဲတော်တရပ်လုံးတွင် နာဂတိုင်းရင်းသား လူမျိုးနွယ်များသည် မိမိတို့၏ ရိုးရာအကများဖြင့် ကပြဖျော်ဖြေကြပြီး ညနေပိုင်းတွင် ရိုးရာမီးပုံပွဲနှင့် အတူ အကဖြင့်ဖျော်ဖြေကာ ရိုးရာ အစားအသောက် များဖြစ်သည့် ခေါင်ရည်နှင့် ငါးချင်းထောင်း၊ ဆတ် သားနှင့် နွားနောက်သားများကိုလည်း မီးပုံပွဲသို့ လာရောက်သည့်ပရိသတ်များကို တည်ခင်းကျွေးမွေး သည်။

နာဂပွဲတော်သို့  လာရောက်သည့်  ဒေသ အသီးသီးမှ ပရိသတ်များနှင့် အက ကိုယ်စားလှယ် များ အားလုံးကိုလည်း ရိက္ခာပေးဝေငှမှုများရှိကြောင်း သိရသည်။

နာဂ တိုင်းရင်းသား အေဇုန်းက “ပွဲတော်ကို လာတဲ့သူတိုင်းကို တဦးကို ဆန်နှစ်လုံးနဲ့ အသား နှစ်တုံးဆီ၊ အက အဖွဲ့ကိုတော့ တဦးကို ဆန်သုံးလုံးနဲ့ အသားနှစ်တုံးစီ ပေးပါတယ်။ နှစ်စဉ် အဲဒီလိုပဲ ပေးပါတယ်” ဟု ပြောပြသည်။

နာဂတိုင်းရင်းသားများ၏ ရိုးရာ နှစ်သစ်ကူး ပွဲတော်ကို ရှေးပဝေသဏီကတည်းက နာဂရွာတိုင်း တွင် ကျင်းပခဲ့ပြီး နှစ်သစ်ကူးကို မိရိုးဖလာ တောင် ယာလုပ်ငန်းခွင်နှင့်  လယ်ယာလုပ်ငန်းခွင်တို့မှ ကောက်ပဲသီးနှံများ ရိတ်သိမ်းပြီး နောင်နှစ် တောင် ယာ လယ်ယာလုပ်ငန်းခွင်မဝင်မီ ကျင်းပကြသည်။

တရွာနှင့်တရွာ ပွဲတော်ရက် မတိုက်ဆိုင်ရန် ကျင်းပခဲ့ကြောင်း၊ နာဂ ရိုးရာနှစ်သစ်ကူးပွဲတော်သည် နာဂ တိုင်းရင်းသားများအတွက် အရေးကြီးပြီး အထွတ်အမြတ်ထားသည့် ပွဲကြီးလည်းဖြစ်ကြောင်း၊ တနှစ်ပတ်လုံး တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများ ကို ဖလှယ်ကြ၊ ဆွေးနွေးကြပြီး လာမည့်နှစ်သစ်တွင် လုပ်ကိုင်ကြမည့် လုပ်ငန်းများကို ဤပွဲတော်ကြီးတွင် တိုင်ပင် ဆွေးနွေး ကြကြောင်း သိရသည်။

ထိုပွဲတော်တွင် တနှစ်တာ အတွေ့အကြုံမှ ရရှိ ခဲ့ကြသည့် အကျိုးရလဒ်များကို နှီးနှောဖလှယ်ကြပြီး အရောင်းအဝယ်များမှပေးရန် ေြွကးမြီများကို ရှင်း လင်းကြကြောင်း၊ လာမည့် နှစ်သစ်တွင် ကောက်ပဲ သီးနှံ ပေါများပါစေကြောင်းနှင့် ရာသီဥတု ကောင်း မွန်စေကြောင်း၊ အဖျားအနာ ကင်းဝေးပြီး ကျန်းမာ သုခ ရှိပါစေကြောင်းလည်း ဆုတောင်းကြသည်။

ပွဲတော်မှာ ရပ်ဝေးရပ်နီးမိသားစုများ ဆွေးမျိုး မိတ်သင်္ဂဟများနှင့် ရင်းနှီးပျော်ရွှင်ကြရကြောင်း နာဂ  တိုင်းရင်းသူတဦးဖြစ်သည့်  ဒေါ်ရွယ်ရွယ် မယ်ရီဆန်းက ရှင်းပြသည်။

“ပွဲတော်မှာ တနှစ်လုံး အခက်အခဲတွေ တင်ပြ ပြီး တနှစ်တာ အောင်မြင်မှုကို ဂုဏ်ယူကြတယ်။ တဦးနဲ့တဦး နောက်ပြောင်ကြ၊ ကခုန် စားသောက်ကြ ပြီး မပြေလည်တဲ့ ပြဿနာတွေကို ဖယ်ဖျောက်ကြ တာပေါ့။ တဦးကိုတဦး ချစ်ကြည်မှုရအောင် ကျင်းပ တဲ့ ပွဲတော်ပါ” ဟု သူက ပြောသည်။

ရိုးရာ နှစ်သစ်ကူးပွဲတော်ကို ယခင်က တရွာစီ ကျင်းပခဲ့ရာမှ ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးမှု အား ကောင်းခဲ့သောကြောင့် ၁၉၅၆ ခုနစ်မှ စပြီး တချို့ သော ဒေသများတွင် ကျေးရွာအဆင့်၊ မြို့နယ်အဆင့် ပွဲတော်များကို ကျင်းပနိုင်ခဲ့ကြောင်း၊ ၁၉၉၀ ပြည့်နှစ် က စတင်၍ မြို့နယ်ပေါင်းစုံတွင် နာဂစု အကြီး အကဲများ ညှိနှိုင်းခဲ့ကြပြီး အရပ်ဒေသတိုင်းတွင် တရွာတရပ်စီအစား နှစ်စဉ် ဇန်နဝါရီလ ၁၅ ရက် နေ့ကို နာဂ ရိုးရာ နှစ်သစ်ကူးနေ့ ပွဲတော်အဖြစ် သတ်မှတ်ပြီး ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့ နှစ်ရက် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်း၊ ၁၉၉၃ ခုနှစ်ကစပြီး နိုင်ငံတော်၏ ပံ့ပိုးကူညီမှုကို ရယူ၍ ကျင်းပနေကြောင်း သိရသည်။

နာဂရိုးရာပွဲတော်သို့ နိုင်ငံခြားသား ခရီးသွား ဧည့်သည့် ၄၁ ဦးနှင့် ပွဲတော်သို့ လာရောက်သည့် ရပ်နီး ရပ်ဝေးမှ ဧည့်သည်တော် နှစ်ထောင်နီးပါးခန့် တက်ရောက်ခဲ့ကြောင်း နာဂ ရိုးရာပွဲတော် ပြန်ကြား ရေးဌာန၏စာရင်းတွင် ဖော်ပြထားသည်။

နာဂ ရိုးရာပွဲတော် နှစ်သစ်ကူးပွဲနေ့ ဇန်နဝါရီ ၁၅ ရက်နေ့ ညနေပိုင်းတွင် မီးပုံပွဲများ ပြုလုပ်ကာ ပွဲတော်သို့ လာရောက် ကြည့်ရှုသည့် ပရိသတ်များပါ မီးပုံပွဲတွင် ဝင်ရောက် ကခုန်ကြ၊ ပျော်ရွှင်ကြပြီး ပွဲတော်ကို  အဆုံးသတ်လိုက်သည်။  “အာဟေး အာဟေး၊ အာဟေး” ဆိုသည့်အသံက နာဂ တောင် တန်းများတလျှောက် ပဲ့တင်ထပ်လျက် ရှိနေသည်။

Loading