ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွင် အရေးကြီးသော ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရန် ပညာရေးဝန်ကြီးဌာနက လက်မခံသေးဘဲ ဆက်လက်ချုပ်ကိုင်ရန် ကြိုးစားနေကြောင်း ပညာရေး ပြုပြင်ပြောင်းလဲလိုသူများက ဧရာဝတီသို့ ပြောကြားသည်။
ပညာရေး ကဏ္ဍအားလုံးကို လွှမ်းခြုံနိုင်မည့် အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာ အဆင့်တိုင်းအတွက် အခြေခံမူများ အားလုံးကို ဆွေးနွေးလိုသော်လည်း ယနေ့အချိန်အထိ ဆွေးနွေးခွင့် မရသေးကြောင်း၊ ပညာရေး ဝန်ကြီးဌာနမှ ပညာရေး အရာရှိတချို့သည် ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရန် တွန့်ဆုတ်လျက်ရှိပြီး အစိုးရ အဖွဲ့အတွင်း၌လည်း ပညာရေးပြုပြင် ပြောင်းလဲလိုသူများနှင့် မပြောင်းလဲချင်သူများကြား အားပြိုင်မှုများ ရှိနေဆဲဖြစ်ကြောင်း ပညာရေး အသိုင်းအဝိုင်းမှ သိရှိရသည်။
“အစိုးရဘက်က လူတချို့က ပညာရေးကိုဆက်ချုပ်ကိုင်ထားမှ ဖြစ်ဦးမယ်ဆိုတဲ့ အယူအဆရှိနေတယ်၊ တိုင်းရင်းသားတွေရဲ့ လွတ် လပ်စွာ ပညာသင်ကြားခွင့်ကို အကန့်အသတ် ထားချင်နေတယ်၊ အမှန်တော့ အစိုးရ အလုပ်က ပညာရေး ဖွံ့ဖြိုးတိုးတက်အောင် ကူညီပံ့ပိုးပေးတဲ့ အဆင့်ပဲ လုပ်သင့်တယ်၊ အခုက ဘာလုပ်ရမယ်၊ ဘာမလုပ်ရဘူး၊ ဘယ်သူက ဦးဆောင်မယ် ဆိုတာမျိုးတွေက တော့ လက်မခံနိုင်ဘူး”ဟု ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER)မှ ဒေါက်တာ သိန်းလွင်က ပြော သည်။
ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရန် သမ္မတ ဦးသိန်းစိန်နှင့် သမ္မတရုံး တာဝန်ရှိသူများက ဆန္ဒရှိသော်လည်း ပညာရေး ဝန်ကြီးဌာနနှင့် ပညာရေးအရာရှိများက ဆက်လက်ထိန်းချုပ်ရန် ကြိုးစားနေကြောင်း NNER အဖွဲ့က ဧရာဝတီသို့ ပြောကြားသည်။
NNER ဆိုသည်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေး ကွန်ရက်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ တက္ကသိုလ် ဆရာ၊ ဆရာမများ အသင်း၊ ကျောင်းသား သမဂ္ဂများ ၊ တိုင်းရင်းသား ပညာရေး စာပေနှင့် ယဉ်ကျေးမှု အဖွဲ့များဖြင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး အတွက် အစိုးရကို အကြံဉာဏ်ပေးရန် စုပေါင်းဖွဲ့စည်းထားသော အဖွဲ့တခု ဖြစ်သည်။
အစိုးရက ဦးဆောင်ရေးဆွဲသော “၂၀၁၄ ခုနှစ် အမျိုးသားပညာရေး ဥပဒေကြမ်း၊ တက္ကသိုလ်များ ဗဟိုကောင်စီ ဖွဲ့စည်းရေး ဥပဒေ မူကြမ်း”တို့မှာလည်း လက်တွေ့ကျသည့် ပညာရေး ပြုပြင်ပြောင်းလဲမှု မဖြစ်နိုင်ဘဲ ပညာရေး လွတ်လပ်ခွင့်ကို ထိန်းချုပ်နိုင်သော အချက်များ ပါဝင်နေကြောင်း NNER က ထုတ်ပြန်သည်။
ထို့အပြင် အစိုးရ၊ လွှတ်တော်နှင့် ပညာရေး ပြုပြင်ပြောင်းလဲ လိုသူများ သုံးပွင့်ဆိုင် တွေ့ဆုံပြီး အဖြေရှာရန် ကြိုးပမ်းမှုမှာလည်း အောင်မြင်မှု မရှိသေးကြောင်း ယင်းထုတ်ပြန်ချက်က ဆိုသည်။
“အခု အစိုးရ အဖွဲ့ထဲမှာ ပြောင်းလဲချင်တဲ့သူတွေ ရှိသလို မပြောင်းလဲချင်တဲ့ သူတွေရှိတယ်၊ သူတို့ထဲမှာကို အားပြိုင်မှုတွေ ဖြစ်နေ တယ်၊ သမ္မတရုံးက လူတွေက ပြောင်းလဲချင်တဲ့ စကားပြောပေမယ့် ပညာရေး ဝန်ကြီးဌာနဘက်က တုံ့ဆိုင်းသလို လုပ်နေတယ်” ဟု NNER မှ ဒေါက်တာ သိန်းလွင်က ပြောသည်။
သို့သော် အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပညာရေး ပြုပြင်ပြောင်းလဲရေးကို ၎င်းတို့က မလိုလားစရာ မရှိကြောင်း၊ ယခုဆောင်ရွက်နေသည့် ကိစ္စများမှ ကိုယ်ရေးကိုယ်တာအတွက် လုပ်ဆောင်နေခြင်း မဟုတ်ကြောင်း၊ အနာဂတ် တွင် ဖြစ်သင့်ဖြစ်ထိုက်သော ကိစ္စရပ်များကို ဥပဒေနှင့် ဆောင်ရွက်နိုင်ရန် ပြုလုပ်ပေးနေခြင်း ဖြစ်ကြောင်း၊ ဆက်လက်ပြီး NNER နှင့် တွေ့ဆုံဆွေးနွေးရန် ရှိပြီး အချိန် မသတ်မှတ်ရသေးကြောင်း ပြောသည်။
“NNER နဲ့ ညှိနှိုင်းပြီးရင်တော့ အမျိုးသားအဆင့်ကို ဆက်တင်ပြရမှာ ဖြစ်ပါတယ်၊ ပြီးရင် လွှတ်တော်ကို ထပ်တင်ပါ့မယ်၊ အမျိုးသား အဆင့်နဲ့ လွှတ်တော်အဆင့်ကို ဆက်လက်တင်ပြသင့်တဲ့ အကြောင်းအရာတွေကို ဆက်တင်ပြဖို့ သဘောတူ ထားတယ်၊ သဘော မတူတာလေးတွေလည်း ရှိတယ်၊ တချို့ကိစ္စတွေက ဆက်လက်ညှိနှိုင်းဖို့ သဘောတူထားတာ ရှိတယ်”ဟု ဦးဇော်ဌေးက ဧရာဝတီ သို့ ပြောသည်။
NNER က ပညာရေး ပြုပြင်ပြောင်းလဲရေးအတွက် အခြေခံမူများ အရင်ချမှတ်ပြီး နောက်ပိုင်းတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဥပဒေ ကြမ်းများ ရေးဆွဲခြင်း၊ ဝန်ကြီးဌာနမှ ရေးဆွဲထားသော အမျိုးသား ပညာရေးမူနှင့် NNER မှ ရေးဆွဲထားသော အမျိုးသား ပညာရေးမူတို့ကြား ညှိနှိုင်းခြင်း တို့ကို ပြုလုပ်လိုကြောင်း NNER အဖွဲ့ဝင် ရန်ကုန်စီးပွားရေး တက္ကသိုလ် ကျောင်းသား သမဂ္ဂမှ ကိုစည်သူမောင်က ပြောသည်။
ကိုစည်သူမောင်က “သူတို့ဘက်က မရိုးသားဘူး၊ သမ္မတကြီးရဲ့ လမ်းညွှန်ချက်ကို မလွန်ဆန်နိုင်လို့ ကျနော်တို့ကို ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ပေမယ့် သူတို့က သူတို့လုပ်ချင်တဲ့ ပုံစံဖြစ်အောင် လုပ်ယူနေတယ်၊ NNER မပါဘဲနဲ့ သူတို့ချည်းပဲ သီးသန့်လုပ်ဖို့ကလည်း မဖြစ်နိုင်ဘူးလေ၊ ကျနော်တို့က ပညာရေးပြုပြင် ပြောင်းလဲဖို့ အခြေခံမူတွေ အရင်ချ စေချင်တယ်”ဟု ပြောဆိုသည်။
NNER အဖွဲ့ဝင်ဖြစ်သည့် တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းကလည်း ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်က ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမတွင် ကျင်းပသည့် အစိုးရ ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ၏ “၂၀၁၄ ခုနှစ် အမျိုးသား ပညာရေး ဥပဒေ (မူကြမ်း) ဆွေးနွေးပွဲ”ကို သပိတ်မှောက်ပြီး မတက်ရောက်ခဲ့ပေ။
အစိုးရက တက္ကသိုလ်ဆရာ/ဆရာမများအသင်း ဖိတ်ကြားရာတွင် အသင်းတခုကဲ့သို့ လေးလေးစားစား ဖိတ်ကြားခြင်းမျိုး မဟုတ်ဘဲ ဆရာ၊ ဆရာမများက အတင်း တက်ရောက်လို၍ တက်ရောက်ခွင့် ပြုသည့်ပုံစံဖြင့် ဖိတ်ကြားခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ရန်ကုန် တက္ကသိုလ် ဆရာများ အသင်းမှ ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက ပြောသည်။
“အမျိုးသား ပညာရေးမူကို အစိုးရက ဆွဲထားတာနဲ့ NNER က ဆွဲထားတာနဲ့ အရင်ဆုံး ညှိပြီးတော့မှ လွှတ်တော်တင်ရင် ပိုကောင်း မှာပါ၊ အခုညှိနှိုင်းတဲ့ အခါမှာလည်း ပြဿနာလေးတွေ ရှိနေတယ်၊ ဥပမာ တက္ကသိုလ်များ ဗဟိုကောင်စီ ဖွဲ့စည်းရေးဆိုရင် ကျနော် တို့ ကန့်ကွက်ခဲ့တယ်၊ University Law မရှိဘဲနဲ့ University Central Concil ကို ဘာလို့ အရင် လုပ်ချင်ရတာလဲ၊ အဲဒီလို စတာကို မှားနေတယ်၊ ပြီးတော့ ကောင်စီမှာ ဥက္ကဋ္ဌ နဲ့ အတွင်းရေးမှူး ရာထူးတွေကို အစိုးရကပဲ ယူထားမယ့် ပုံစံဖြစ်နေတယ်”ဟု ရန်ကုန် တက္ကသိုလ် ဆရာတဦးက ပြောဆိုသည်။
ဝါရင့် ပညာရေး သုတေသီ တဦး ဖြစ်သည့် ဆရာကြီး ဦးသန်းဦးက“တက္ကသိုလ်များဟာ တချိန်တခါမှာ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရှိရမယ် လို့ သမ္မတ ဦးသိန်းစိန်ပြောခဲ့တယ်၊ တချိန်မှာဖြစ်ကို ဖြစ်သင့်တဲ့ကိစ္စပါ၊ Academic Atmosphere ဆိုတဲ့ ပညာရေး ဝန်းကျင် ကောင်း၊ Academic Freedomဆိုတဲ့ ပညာရေး လွတ်လပ်ခွင့် ဆိုတဲ့အချက်နှစ်ချက်နဲ့တော့ ပြည့်စုံရမယ်၊ အဲဒီနှစ်ခုကို ဘယ်သူက ဖန်တီးပေးရလဲဆိုတော့ တက္ကသိုလ် ကောင်စီရယ်၊ တက္ကသိုလ် ဆီးနိတ်ရယ် က ဖန်တီးပေးရတယ်”ဟု ဧရာဝတီ သို့ ပြောဆိုထား သည်။
NNER အဖွဲ့သည် ပညာရေးစနစ်ပြုပြင် ပြောင်းလဲရန် သမ္မတ ဦးသိန်းစိန်နှင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာတွင် သွားရောက် တွေ့ဆုံခဲ့ပြီး လွှတ်တော်သို့လည်း သွားရောက်ရှင်းပြခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
“ပညာရေး ပြုပြင်ပြောင်းလဲဖို့အတွက် တူညီတဲ့ အခြေခံမူတွေ ချဖို့ သဘောမတူနိုင်သေးဘူး၊ ပထမအကြိမ် ဆွေးနွေးတုန်းကလည်း မပြတ်ခဲ့ဘူး၊ အခုတကြိမ်လည်း မပြတ်ဘူး၊ ထပ်တွေ့မယ်ဆိုပြီးတော့ ဆွေးနွေးပွဲကို ရွှေ့ထားလိုက်တယ်”ဟု NNER မှ ဒေါက်တာ သိန်းလွင်က ပြောသည်။
ထိုသို့ ပြုပြင်ပြောင်းလဲရာတွင် ပညာရေး အတွေးအခေါ်၊ အခြေခံရမည့်မူများ၊ တရားမျှတမှုနှင့် လူ့အခွင့်အရေး အာမခံချက်များ ပါဝင်သော ဒီမိုကရေစီ ပညာရေးမူများ၊ လူသားဆိုင်ရာ တန်ဖိုးကို အာမခံသော အချက်များ ပါဝင်သည့် အမျိုးသား ပညာရေးမူ တခု ကို NNER က တင်ပြထားကြောင်း သိရသည်။
အမျိုးသားပညာရေး မူဝါဒများ ပြုပြင်ပြောင်းလဲရန် အစိုးရဘက်မှ ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဌ ၊ သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်း အပါအဝင် လုပ်ငန်းအဖွဲ့(၁၈)ဖွဲ့၊ ပြည်သူ့လွှတ်တော် အမျိုးသား ပညာရေး ဥပဒေ မူကြမ်းရေးဆွဲရေး ကော်မတီ ဥက္ကဋ္ဌ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြဦးနှင့် အဖွဲ့၊ ပညာရေး ဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး နှင့် NNER အဖွဲ့တို့ တွေ့ဆုံပြီး အဖြေရှာရန် ကြိုးစားနေကြခြင်း ဖြစ်သည်။
၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က ရန်ကုန်တက္ကသိုလ်၊ စိန်ရတု ခန်းမတွင် အစိုးရ ပညာရေး မြှင့်တင်မှု အကောင် အထည် ဖော် ရေး ကော်မတီ၏ “၂၀၁၄ ခုနှစ် အမျိုးသားပညာရေး ဥပဒေ (မူကြမ်း) ဆွေးနွေးပွဲ” တွင် သမ္မတရုံးက ဖော်ဆောင်နေသော ပညာရေး မူဝါဒနှင့် ဥပဒေများကိုသာ တက်ရောက်လာသူများအား ချပြဆွေးနွေးခဲ့ပြီး ပညာရေး အခြေခံ မူဝါဒများကို ဆွေးနွေးခွင့် မရရှိခဲ့ကြောင်း၊ နောက်ပိုင်းတွင် ပညာရေး အခြေခံ မူဝါဒများ ဆွေးနွေးရန် အစိုးရဘက်မှ သဘောတူ ခဲ့သော်လည်း ဆွေးနွေးမည့်ရက်ကို ရွှေ့ဆိုင်းထားကြောင်း သိရသည်။