ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းထားသည့် ရွှေသဘာဝ ဓာတ်ငွေ့(ဂက်စ်)ပိုက်လိုင်းသည် နိုင်ငံတကာ စံနှုန်းများနှင့် မကိုက်ညီသဖြင့် လုံခြုံမှုအတွက် အန္တရာယ်ရှိကြောင်း လွှတ်တော်၌ တင်ပြရာ စိုးရိမ်စရာ မရှိဟု အစိုးရ က တုံ့ပြန် ရှင်းလင်းသည်။
ယမန်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဦးထွန်းအောင်ကျော်က “သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ လမ်းတလျှောက်ရှိ ကျေးရွာများ၊ ခြံမြေ၊ လယ်မြေ၊ သစ်တောများနှင့် ပြည်သူများ ဘေးအန္တရာယ် ကင်းဝေးစေရေး လုံခြုံမှု အကာအကွယ်ပေးရန် အစီအစဉ် ရှိ၊မရှိ”မေးမြန်းရာ စွမ်း အင် ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးအောင်ထူး က အန္တရာယ် မရှိဟု ဖြေဆိုခဲ့ခြင်း ဖြစ်သည်။
ဦးအောင်ထူး က“ပိုက်လိုင်း၏ အရှည်နှင့် ပို့လွှတ်မည့် ဓာတ်ငွေ့ ထုထည် ပမာဏ၏ ဖိအား အပေါ်မူတည်၍ နိုင်ငံတကာ စံနှုန်းနှင့် အညီ ဆောင်ရွက်ထားကြောင်း၊ အနက် ၆ ပေတွင် မြှုပ်နှံထားသည့်အတွက် လုံခြုံစိတ်ချရကြောင်း”ဖြေဆိုခဲ့သည်။
ဒု ဝန်ကြီး၏ ဖြေဆိုမှုနှင့် ပတ်သက်၍ ဦးထွန်းအောင်ကျော်က ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရာ၌ မြေကြီး ထဲသို့ ၁၅ ပေ အနက်မြှုပ်နှံကာ၊ အသုံးပြုရမည့် ပိုက်၏ အထူသည်လည်း ၃ လက်မ ရှိရမည်ဟု နိုင်ငံတကာ ကျွမ်းကျင်သူများ၏ အဆိုအရ သိရကြောင်း၊ သို့သော်လည်း ကျောက်ဖြူ-တရုတ် ပိုက်လိုင်းအား မြေကြီးထဲ၌ ၅ ပေမှ ၆ ပေအထိသာ မြှုပ်နှံထားပြီး ပိုက်လိုင်း အထူမှာလည်း ၁ လက်မခွဲသာ ရှိကြောင်း ပြန်လည် ပြောဆိုခဲ့သည်။
ကျောက်ဖြူ-တရုတ် ဓာတ်ငွေ့ပိုက်လိုင်း ဖောက်လုပ်ရာ၌ နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီမှုမရှိသဖြင့် ပိုက်များ ကွဲထွက်ခြင်း၊ မြေပြိုကျခြင်း၊ ပိုက်လိုင်း ဖြတ်သန်းရာ အမ်းမြို့နယ်ရှိ နေရာ ၁၀ ခုခန့်တွင်လည်း စမ်းသပ် ကာလအတွင်း အက်ကွဲ ပေါက်ထွက်မှုများ ဖြစ်ပေါ်ခဲ့ရာ လွန်စွာဆိုးရွားသည့် အခြေအနေများကို ကြုံတွေ့ခဲ့ရကြောင်း ဦးထွန်းအောင်ကျော်က ဆိုသည်။
ထိုသို့ ဆိုးရွားသည့် ဖြစ်စဉ်များ ပေါက်ပေါက်ခဲ့သည့် အတွက် အန္တရာယ်ကျရောက်လာမည်ကို ပိုက်လိုင်းတလျှောက် နေထိုင် ကြ သည့် ပြည်သူများက စိုးရိမ် ထိတ်လန့်နေကြခြင်းကြောင့် လုံခြုံရေးအတွက် မည်သို့ ဆောင်ရွက်ထားသည်ကိုလည်း မေးမြန်းခဲ့ သည်။
ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးနှင့် ပတ်သက်၍ စနစ်တကျ ဆောင်ရွက်ထားခြင်းကြောင့် စိုးရိမ်စရာ မလိုအပ်ဟု အစိုးရ၏ ပြောဆိုမှုသည် တာဝန်မဲ့သည့် ပြောဆိုမှုသာ ဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ် စက်တင်ဘာလ အတွင်းကလည်း အမ်းမြို့နယ်တွင် ဓာတ်ငွေ့ယိုစိမ့် ၍ အသေးစား ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ကြောင်း အမ်းဒေသခံ တချို့က ဧရာဝတီ သို့ ပြောသည်။
အမ်းမြို့နယ် ကျောက်မြောင်း ကျေးရွာ ဒေသခံတဦး က “ကျမတို့ ဒေသက တချို့နေရာတွေမှာ ၂ ပေ ၃ ပေလောက်ပဲ မြှုပ်ထား ပါတယ်၊ တကယ်လို့ ပေါက်ကွဲမှုဖြစ်ရင် ကျမတို့ ပြေးဖို့ အချိန်ရလိုက်မှာ မဟုတ်ပါဘူး၊ ဒေသခံတွေကလည်း ဘာမှ နားမလည်တော့ ပိုပြီး စိုးရိမ်ကြတာပေါ့၊ တရက်ရက် ပေါက်ကွဲမှုကြီး ဖြစ်လာမလားဆိုတာပဲ စိုးရိမ်နေကြတယ်”ဟု ပြောသည်။
ဂက်စ်ပိုက်လိုင်း ဖြတ်သန်းရာ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ ပိုက်လိုင်း တလျှောက်၌ ချောက်ကမ်းပါး ပြိုကျခြင်း၊ မြေကြီး တုန်ခါခြင်း စသည့်ဖြစ်ရပ်များကို ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၄ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သျှမ်းသံတော်ဆင့် သတင်း၌လည်း ဖော်ပြထားသည်။
ဂက်စ်များ မပို့လွှတ်ခင်က မ္ဗြုပ်နှံထားသည့် ပိုက်လိုင်းသည် ဂက်စ်ပို့လွှတ်သည့် အချိန်တွင် မြေကြီးအပေါ်သို့ ပေါ်ထွက်လာပြီး ထိုမှ တဆင့် ဓာတ်ငွေ့ ယိုစိမ့်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ပိုက်လိုင်း ဖြတ်သန်းရာ ရှမ်းပြည်နယ်အတွင်းမှ မြို့နယ်များ တွင် နေထိုင် သည့် ပြည်သူများကလည်း စိုးရိမ်ထိတ်လန့်မှုများ ရှိကြောင်းလည်း သျှမ်းသံတော်ဆင့်က ဆိုသည်။
ဂက်စ်ပိုက်လိုင်း စတင်ရာ ကျောက်ဖြူမြို့နယ်အတွင်း နေရာတချို့၌ ပိုက်လိုင်း မြှုပ်နှံထားခြင်းသည် စနစ်တကျဆောင်ရွက်မှု မရှိကြောင်း ကျောက်ဖြူ လူမှုကွန်ရက်မှ ဂက်စ် ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့ဝင် ဦးထွန်းလွင် က ပြောသည်။
“တောင်ကုန်းပေါ်က တချို့နေရာတွေမှာပဲ ၅ ပေ၊ ၆ ပေ လောက်မြှုပ်ထားတယ်၊ မြေပြန့်က နေရာတချို့မှာဆိုရင် စူးတံနဲ့ထိုး ကြည့် ရင်တောင် ပိုက်လိုင်းကို ထိနိုင်တဲ့ အခြေအနေ တွေ့နေရပါတယ်”ဟု ဦးထွန်းလွင် က ဆိုသည်။
ဒု ဝန်ကြီး ဦးအောင်ထူးက ပိုက်လိုင်း လုံခြုံရေးနှင့် ပတ်သက်၍ ပြောဆိုရာတွင် အရေးပေါ် အခြေအနေ ဖြစ်ပေါ်လာပါက ဆောင် ရွက်နိုင်ရန် မီးသတ်စခန်းများ၊ ၂၄ နာရီ စောင့်ကြည့်ရေးအဖွဲ့များ ထားရှိကြောင်း၊ အရေးပေါ် ဖြစ်ပေါ်လာပါက အချိန်နှင့် တပြေးညီ သယ်ယူ ပို့ဆောင်ရေး၊ ဆေးဝါးကုသရေး၊ မီးသတ် လုပ်ငန်းဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာများကို ဆောင်ရွက်ထားကြောင်း ရှင်းလင်း ပြောဆိုသွားခဲ့သည်။
ဓာတ်ငွေ့ပိုက်လိုင်းသည် ရခိုင်ပြည်နယ်မှတဆင့် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် တို့ကို ဖြတ်သန်း၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ အဆုံးသတ်မည်ဖြစ်ပြီး ယင်းစီမံကိန်းသည် ဒေသခံလူထုအပေါ် ကောင်းကျိုး ခံစားခွင့်များ မရှိခြင်းကြောင့် ရခိုင် တိုင်းရင်း သား အများစု၏ ကန့်ကွက်ခြင်း ခံထားရသည့် စီမံကိန်းတခုဖြစ်သည်။