Politics

လွှတ်တော်နှင့် အစိုးရကြား နိုင်ငံရေးပွတ်တိုက်မှု ပြန်အရှိန်မြင့်

This article has been converted from Zawgyi One to Unicode

ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်း လိုက်သော ဥပဒေ ၈ ခုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် မညီညွတ်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးသို့ တင်ပြ အဆုံးအဖြတ် ခံယူမည်ဖြစ်ကြောင်း သမ္မတရုံးက တရားဝင် သတင်းထုတ်ပြန် လိုက်ရာ ယခင်က ရှိပြီးသား လွှတ်တော်နှင့် အစိုးရ အကြား နိုင်ငံရေးပွတ်တိုက်မှု အရှိန်မြှင့်တင်လိုက်ခြင်း ဟု လွှတ်တော်ကိုယ်စားလှယ်တချို့က သုံးသပ်ပြောဆိုသည်။

ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းထားသော ဥပဒေများအနက် သမ္မတဦးသိန်းစိန် လက်မှတ်ရေး ထိုးခြင်းမရှိသော ပြည်ထောင်စု လွှတ် တော်ဆိုင်ရာ ဥပဒေ၊ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ် အတွင်း ပြဋ္ဌာန်းခဲ့သော ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ၊ အမျိုးသားလွှတ်တော်ဥပဒေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ  ဥပဒေ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ တောင်သူလယ်သမား အခွင့် အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီညွတ်၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်ပြ အဆုံးအဖြတ်ခံယူမည်ဟု ဇန်နဝါရီလ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ အစိုးရ၏ သတင်းထုတ်ပြန်မှုသည် လွှတ်တော်က အခြေခံဥပဒေနှင့်အညီ ဆောင်ရွက် မှုများကို ပြဿနာ မီးထွန်းရှာသည့် ပုံစံဖြစ်နေကြောင်း၊ လွှတ်တော်နှင့် အစိုးရကြားတွင် ပဋိပက္ခရှိနေပြီး လွှတ်တော်တွင် ပါဝင်ဆောင်ရွက်နေသူများသည် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သိရှိနားလည်ပါကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက သုံးသပ်သည်။

“ပြဿနာကို မီးထွန်းရှာတယ်လို့ပဲ ပြောချင် တယ်။ ဥပဒေတွေက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီ ဘူးလို့ ပြောရလောက်အောင် မဟုတ်ဘူးထင်တယ်။ ခုံရုံးက ဘယ်လိုဆုံးဖြတ်မလဲ စောင့်ကြည့်ကြသေးတာ ပေါ့။ လွှတ်တော်ဥက္ကဋ္ဌနဲ့ သမ္မတကြားမှာ ပဋိပက္ခက တော့ ရှိနေတယ်။  တကယ်ပဲ လွှတ်တော်က ပြဋ္ဌာန်း တဲ့ ဥပဒေတွေက အခြေခံဥပဒေနဲ့ မညီဘူးဆိုရင် တော့ တမျိုးပေါ့။ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးကလည်း မညီဘဲ မလုပ်ဘူး။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင် အောင်မြင့် ဆိုလို့ရှိရင် အခြေခံဥပဒေကို ရေးဆွဲလာ တဲ့သူဗျ။ဦးခင်အောင်မြင့်က ပိုသိလိမ့်မယ်။ မညီဘဲ နဲ့တော့ ကျနော်တို့က မလုပ်ဘူး။ ခုံရုံးက ဘယ်လိုဆုံးဖြတ်မလဲဆိုတာကို ကြည့်ပြီး လွှတ်တော်ဘက်က လုပ်စရာရှိတာ ဆက်လုပ်မှာပေါ့” ဟု ဦးလှဆွေက ရှင်းပြသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး က လွှတ်တော်ကပြဋ္ဌာန်းထားသော ဥပဒေများသည် အခြေခံဥပဒေနှင့် မညီဟု ဆုံးဖြတ်ပါက ယင်းဥပဒေ များသည် အလိုအလျောက် ပျက်ပြယ်မည်ဖြစ်ကြောင်း သိရှိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လှည်းကူး မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်း သိန်းက လွှတ်တော်ဥပဒေကြမ်းကော်မတီသည် ဥပဒေပြဋ္ဌာန်းရာတွင် အခြေခံဥပေဒနှင့် ညီညွတ်စေရန် ကြိုးစားဆောင်ရွက်နေပြီး အသွင်ကူးပြောင်းရေး ချောမွေ့စွာဆောင်ရွက်ရန် လုပ်ဆောင်လျက်ရှိ ကြောင်း၊ ဥပဒေများကိ မလိုအပ်ဘဲ ခုံရုံးတင်ပြခြင်း သည် နိုင်ငံရေးပဋိပက္ခနှင့် တင်းမာမှုများကို အရှိန်မြင့် တက်စေနိုင်ကြောင်း ပြောသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်ရင်အောင် လွှတ်တော် ဥပဒေကြမ်းကော်မတီတွေက ဆုံးဖြတ်ပြီး တော့ ပြဋ္ဌာန်းတာပဲလေ။ သမ္မတက ဥပဒေတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီ၊ မညီ စိစစ်ဖို့ တင်ပြတယ် ဆိုရင် သမ္မတရဲ့ လုပ်ပိုင်ခွင့်ပဲလေ။ တင်လို့ရတယ်။ ဥပဒေပြုအာဏာပိုင်အဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ် အောင်ကြိုးစားနေတယ်။ အဓိက အသွင်ကူးပြောင်းနေတဲ့ ကာလအတွင်းမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ လုပ်နေကြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ ကြိုးစားနေကြတာပဲ။ တရားသေ ဆုပ်ကိုင်ပြီး တော့ သမ္မတဘက်က လုပ်မယ်ဆိုရင်တော့ ကောင်း မွန်တဲ့ လက္ခဏာတရပ် မဟုတ်ဘူးလို့ မြင်တယ်။ ခုံရုံးကို လွှတ်တော်က ဆုံးဖြတ်ထားတဲ့ ဥပဒေတွေကို တင်တယ်ဆိုတဲ့ အခြေအနေတွေက တင်းမာမှုဖြစ် လာနိုင်တယ်။ ပဋိပက္ခဘက်ကိုဦးတည်တဲ့ ဆောင်ရွက် မှုတော့ မဖြစ်စေချင်ဘူး။ တိုက်ခိုက်တဲ့သဘောမပါ စေချင်ဘူး” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၇၁ တွင် နိုင်ငံတော်သမ္မတကို စွပ်စွဲပြစ်တင်နိုင်သော ပြဋ္ဌာန်း ချက်များ ပါရှိပြီး ယင်းစွပ်စွဲပြစ်တင်မှုကို လွှတ်တော်က ဆောင်ရွက်နိုင်ကြောင်း၊ ယင်း အခွင့်အာဏာသည် လွှတ်တော်ထံတွင်ရှိနေကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ရှင်းပြသည်။

“လုပ်ထုံးလုပ်နည်းအရ သမ္မတမှာ ဥပဒေတွေက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီ၊ မညီ ခုံရုံးကို တင်ပြ ဆုံးဖြတ်ခိုင်းနိုင်တဲ့ အခွင့်အရေးရှိတယ်။ လုပ်ထုံး လုပ်နည်းအရ လုပ်ကြတယ်ဆိုပေမယ့် တဖက်နဲ့ တဖက်က ပြည်သူအတွက် လုပ်ကြတာဆိုရင်တော့ ကောင်းတာပေါ့။ လွှတ်တော်မှာ သမ္မတကို စွပ်စွဲပြစ်တင်နိုင်တဲ့ အခြေခံဥပဒေပါ အခွင့်အရေး ရှိထားတယ်” ဟု ၎င်းက ဆိုသည်။

သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက လွှတ်တော်ကပြဋ္ဌာန်းသော ဥပဒေများ သည် အခြေခံဥပဒေနှင့် ညီ၊ မညီ စိစစ်မှုသည် ဒီမို ကရေစီစနစ်ကို တည်ဆောက်သော ဓလေ့ဖြစ်ပြီး အစိုးရနှင့် လွှတ်တော်ကြား ပဋိပက္ခအဖြစ် ရှုမြင်လျှင် မှားနိုင်ကြောင်း ပြောဆိုသည်။

“အရင်တုန်းက နိုင်ငံကို အုပ်ချုပ်တဲ့နေရာမှာ အငြင်းအခုန်ဖြစ်တယ်ဆိုရင် အာဏာရှင်က အဆုံး အဖြတ်ပေးတာ။ ဦးသန်းရွှေက အဆုံးအဖြတ်ပေး လိုက်ရင် မှန်မှန် မမှန်မှန် ပြည်သူလူထု အကျိုးစီးပွား ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အဲဒါက အတည်ပဲ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့အညီ လွှတ်တော်ကလည်း ဥပဒေတွေပြဋ္ဌာန်း ရမယ်။ အစိုးရကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ အုပ်ချုပ်ရမယ်။ ဆန့်ကျင်လို့ မရဘူး။ တရားစီရင်ရေးကလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ဆန့်ကျင်တဲ့ ဥပဒေတွေနဲ့ စီရင်လို့မရဘူး။ ဒါတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးဆိုတာနဲ့ ထိန်းတယ်။ ဒီခုံရုံးက အဆုံးအဖြတ်က အဓိကပဲ။ အငြင်းအခုံဆိုတာရှိမှာပဲ။ အဲဒါကို ဦးသိန်းစိန်နဲ့ ဦးရွှေမန်း ပဋိပက္ခ၊ လွှတ်တော်နဲ့ အစိုးရကြားမှာ ပွတ်တိုက်မှုလို့ မြင်ရင် မှားမယ်။ လွှတ်တော်ကလည်း ဥပဒေပြုနေမှာပဲ။ ငါမှန်၊ သူမှန်တယ်  ငြင်းကြမှာပဲ။ ကျနော့်သဘောအရဆိုရင် သမ္မတက ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွေနဲ့ မညီ ပါဘူးဆိုပြီး ခုံရုံးကိုတင်တာက မှန်တယ်” ဟုဦးရဲထွန်း က ပြောသည်။

သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက အစိုးရက ဥပဒေများကို ခုံရုံးတင်ပြခြင်းဖြစ်သည့် အတွက်ခုံရုံးသည် ၎င်း၏တာဝန်အတိုင်း ဆုံးဖြတ်ချက် များ ပြုလုပ်ရမည်ဖြစ်ကြောင်း ပြောသည်။

“အရင်တုန်းကတော့ ဥပဒေပြုရေး တင်ပြလာ ရင် သမ္မတဘက်က ဖွဲ့စည်းပုံနဲ့ မညီဘူးလို့ ပြောရုံ လောက်နဲ့ပဲ ရပ်ပစ်လိုက်တာ။  နိုင်ငံတနိုင်ငံမှာ ဖွဲ့စည်းပုံနဲ့ မညီဘူးဆိုရင် ကြားကဝင်ထိန်းပေးရမှာက ခုံရုံးပဲ၊ သမ္မတ နဲ့ လွှတ်တော်ကြား သဘောထားကွဲလွဲ နေတာကို ခုံရုံးကဘယ်လိုဆုံးဖြတ်မလဲ။ ဘယ်လောက် မှန်ကန်မလဲဆိုတာစောင့်ကြည့်မယ်၊ ဥပဒေပြုရေးကိစ္စ တွေမှာ သမ္မတနဲ့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်၊ ယူဆ ချက်တွေက တရားဝင် မဟုတ်ဘူး။ ခုံရုံးကသာ အတည်ပြု ဆုံးဖြတ်ချက်ချရာမှာ။ ခုံရုံးအသစ်က ခုချိန်ထိ အလုပ်လုပ်တာမတွေ့ရဘူး။ ဒါကြောင့်မို့လို့ တရားစီရင်နိုင်ခြင်း ရှိ၊ မရှိဆိုတာ သံသယဖြစ်စရာ ရှိနေတယ်။ ပြောရမယ်ဆိုရင်တော့ ခုံရုံးသည် ပြည်သူတွေပေးတဲ့ လစာကိုယူပြီး ဘာအလုပ်လုပ်မှ မလုပ် ဘူး။ ခုံရုံးအဖွဲ့ကို ပြည်သူ့လွှတ်တော်က ၃ ဦး၊ အမျိုး သားလွှတ်တော်က ၃ ဦးနဲ့ သမ္မတက ၃ ဦးရွေးချယ် ဖွဲ့စည်းထားတာ ဖြစ်တယ်ဆိုတော့ မဲစနစ် ဆုံးဖြတ် ချက်ချမယ်ဆိုရင် သမ္မတက ရှုံးမယ့်အနေအထားမှာ ရှိနေတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

၂၀၁၂ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းလိုက်သော ကော်မရှင်၊ ကော်မတီများသည် ပြည်ထောင်စုအဆင့် မဟုတ်ဟု ဆိုသောကိစ္စနှင့် ပတ် သက်၍ လွှတ်တော်နှင့် အစိုးရအကြား ပွတ်တိုက်မှု ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက အစိုးရတင်ပြချက်အတိုင်း လွှတ်တော်ကော်မရှင်၊ ကော်မတီများသည် ပြည်ထောင်စုအဆင့်မဟုတ် ဟု ဆုံးဖြတ်မှုကြောင့် ခုံရုံးဥက္ကဋ္ဌ ဦးသိန်းစိုး အပါအဝင် အဖွဲ့ဝင်များ ရာထူးမှနုတ်ထွက်ပေးရသည်အထိ အခြေအနေဖြစ်ပေါ်ခဲ့သည်။

Loading