ဗိုလ်မှူးချုပ် တင်ဦးနဲ့ အရမ်းနီးကပ်တဲ့ ဆက်ဆံရေးရှိတယ် ဆိုပေမယ့် သံသယစိတ် ကြီးတဲ့ ဦးနေဝင်းဟာ ဘယ်သူ့ကိုမှ မယုံကြည်ပါဘူး။ သူ့ကို အဆိပ်ခတ်မှာလည်း အလွန်စိုးရိမ်တဲ့အတွက် ထမင်းချက် “ရာဂျူး” က သူ့ရှေ့မှာတင် ဟင်းခွက်တိုင်းကို မြည်းပြရတယ်။ တကယ်တော့ ရာဂျူး ကိုယ်တိုင်လည်း ဝန်ကြီးတယောက် လောက်နီးနီး အာဏာပြင်းတဲ့သူပါ။ တခါတုန်းက ဗိုလ်မှူးကြီး တယောက်ကို အရက် မသောက်တတ်၊ ဂေါက်မရိုက်တတ်လို့ ရာဂျူးက လှောင်ပြောင်ခဲ့ဖူးတယ်လို့ ကောလာဟလ သတင်းထွက်ခဲ့တယ်။ အလှောင်ခံရသူက ဗိုလ်မှူးကြီး ခင်ညွန့်လို့ ခေါ်သတဲ့။
စင်ကာပူရဲ့ ဝါရင့်ခေါင်းဆောင်ကြီး လီကွမ်ယုက ရန်ကုန် ဂေါက်ကွင်းတခုမှာ လုံခြုံရေးအစောင့်တွေ ပတ်လည်ဝိုင်းပြီး သံခမောက် ဆောင်းထားတဲ့ ဦးနေဝင်းကို သူမြင်ခဲ့ဖူးတယ်လို့ ပြောဖူးတယ်။ ၁၉၇၀ နှစ်တွေ အတွင်း စစ်ရုံးမှာ တာဝန်ထမ်းဆောင် ဖူးတဲ့ အရာရှိတွေ ပြောပြချက်အရဆို တခါတလေ ဦးနေဝင်းရဲ့ယာဉ်တန်းဟာ အစ္စရေးလုပ် အူဇီ စက်သေနတ်တွေ ကိုင်ဆောင်ထားတဲ့ စစ်သားတွေအပြည့် လိုက်လာတဲ့ နစ်ဆန်းအမျိုးအစား ကင်းလှည့် ဂျစ်ကားတွေ ခြံရံပြီး အရှိန်ပြင်းပြင်းနဲ့ ရောက်လာတတ်ပေမယ့် ဦးနေဝင်းကို သူ့ရဲ့ မှန်လုံဇိမ်ခံ ကားကြီးပေါ်မှာ မတွေ့ရဘဲ နောက်က ဂျစ်ကားတွေထဲက တစီးစီးမှာ ပါလာတာမျိုး ရှိတယ်လို့ သိရပါတယ်။
ဗိုလ်မှူးချုပ်တင်ဦး ထောက်လှမ်းရေးအဖွဲ့ရဲ့ ထိပ်ဆုံးနေရာ ရောက်မလာခင် ဦးနေဝင်း ဩစတြီး ယားနိုင်ငံ ဗီယင်နာမြို့ကိုသွားပြီး ထင်ရှားတဲ့ စိတ်အထူးကု ဆရာဝန် ဒေါက်တာ ဟန်းစ်ဟော့ဖ်နဲ့ တွေ့ဆုံခဲ့တယ်။ “စမ်းသပ်ခုတင်ပေါ်မှာ မြန်မာပြည် ရဲ့ အာဏာရှင်ကြီး ဘာတွေပြောခဲ့သလဲ၊ ဦးနေဝင်း ဘာတွေ စိတ်ညစ်နေသလဲ ဆိုတဲ့ လျှို့ဝှက်ချက်က ဩစတြီးယားက ရုံးခန်းတခုထဲမှာ လုံခြုံစွာရှိနေတုန်း ပါပဲ။ ၁၉၇၀ နှစ်တွေ အလယ်လောက်မှာ ကုသမှု ခံယူတာကို ရပ်လိုက်ပါတယ်” လို့ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ မြေးဖြစ်သူ သမိုင်း ပညာရှင် ဒေါက်တာ သန့်မြင့်ဦးက “ခြေရာပျောက်မြစ်” အမည်ရတဲ့ စာအုပ်မှာ ရေးပါတယ်။
ဒေါက်တာ ဟန်းစ်ဟော့ဖ်နဲ့ သွားရောက်တွေ့ ဆုံမှုကို ရပ်လိုက်တဲ့အချိန် မြန်မာနိုင်ငံတောင်ပိုင်း ပုလဲကျွန်းမှာရှိတဲ့ ပုလဲမွေးမြူရေးစီမံကိန်းကို စစ် ဆေးဖို့အတွက် ဦးနေဝင်း သွားရောက်ခဲ့ပါတယ်။ ၁၉၇၅ ခုနှစ်မှာ ဗမာပြည် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌဖြစ်လာတဲ့ သခင်ဗသိန်းတင်ရဲ့ ညီဖြစ်သူ ဗိုလ်မှူးကြီး မျိုးအောင်က ဦးနေဝင်းနဲ့ အဖွဲ့ကိုကြိုဆိုပါတယ်။ ဒါပေမယ့် သူ့ကိုမြင်တွေ့လိုက်ရခြင်းကြောင့် ဦးနေဝင်း စိတ်အနှောင့်အယှက် ဖြစ်သွားပုံရပါတယ်။ အဲဒီညက ဦးနေဝင်း တော်တော်နဲ့ မအိပ်တဲ့ အတွက် သူ့ရဲ့ ကိုယ်ရေးဆရာဝန်တွေ အနေအထား ကိုစောင့်ကြည့်ရင်း အလုပ်ရှုပ်ခဲ့ကြပါတယ်။
နောက် တော့ လရောင်အောက်မှာ ကမ်းခြေတလျှောက် ဒါဇင်နဲ့ချီတဲ့ လုံခြုံရေးအစောင့်အရှောက်တွေ စိုးရိမ် ပူပန်နေတဲ့ အရာရှိတွေ ခြံရံပြီး လမ်းလျှောက်တယ်။ ဗိုလ်မှူးကြီး မျိုးအောင်က ဝေးဝေးမှာနေပေမယ့် သူ့ရဲ့လက်ထောက်ဖြစ်တဲ့ ဒုဗိုလ်မှူးကြီးချစ်ဆွေက တော့ နောက်က ကပ်လိုက်ခဲ့တယ်။ ဦးနေဝင်းက စိတ်မသက်မသာပုံစံနဲ့ ဟာသတွေ လျှောက်ပြောနေပေမယ့် အားလုံးက ကြောက်တဲ့အတွက် ဘယ်သူမှ မရယ်ရဲဘူး။ ဒုဗိုလ်မှူးကြီး ချစ်ဆွေက ဦးနေဝင်းနဲ့ စကားစမြည်ပြောဖို့ ကြိုးစားတဲ့အခါ ပထမ ဂရုမစိုက်ဘူး။ ဒါပေမယ့် မြင်းအကြောင်းဆီ စကားကို ဆွဲယူသွားတဲ့ အချိန်မှာတော့ ဦးနေဝင်း ပါလာပါ တယ်။ ဦးနေဝင်းက ကြိုက်တယ်လို့ပြောတဲ့မြင်း မှန်သမျှကို အကောင်းဆုံးလို့ လက်ခံဖို့ ဒုဗိုလ်မှူးကြီး ချစ်ဆွေဘက်ကလည်း အဆင်သင့်ပါပဲ။
ပြောဆိုနေရင်း ဦးနေဝင်း ဖောက်လာတယ်။ စစ်ရုံးကို ၅ မိနစ်တခါ သတင်းပို့ရင်း အလုပ်ရှုပ်နေတဲ့ ဆက်သွယ်ရေးခန်းက မီးရောင် တလက်လက်ကို မြင်တော့ အရာရှိတွေကို အော်ဟစ်ဆူပူပြီး ဆက် သွယ်ရေးစက်ကို ပိတ်ခိုင်းတယ်။ နောက်ဆုံး ဦးနေဝင်း ပြန်ငြိမ်သွားပြီး အိပ်ရာဝင်ဖို့ သဘောတူတယ်။ ဒါပေမယ့် သူ့ ဘန်ဂလိုမှာ မအိပ်ဘဲ ကမ်းစပ်က ကူးတို့ဆိပ်မှာပဲ အိပ်မယ်လို့ တောင်းဆိုခဲ့တာကြောင့် စစ်သားတွေက သူ့ရဲ့မွေ့ရာကို အလျင်အမြန်သယ်ပို့ပေးခဲ့ရပြီး လုံခြုံရေးတာဝန်ယူရသူတွေလည်း နံနက် ရောက်တဲ့အထိ အနားမှာ စောင့်ပေးခဲ့ရတယ်။
ဗိုလ်မှူးချုပ်တင်ဦးကတော့ “အဖေကြီး စိတ် ညစ်ရင် အကြာကြီးမညစ်ဘူး” လို့ လုပ်ဖော်ကိုင်ဘက် တွေကို ပြောခဲ့ဖူးတယ်။ ဒါပေမယ့် သူကိုယ်တိုင်လည်း တနေ့ ဖယ်ထုတ်ခံရနိုင်တယ်လို့ စိတ်ထဲမှာ ထင်မြင် နေတဲ့အကြောင်း ယုံကြည်သူတွေကိုဖွင့်ပြောခဲ့တယ်။ နောက်ဆုံး ဦးနေဝင်းက ဗိုလ်မှူးချုပ်တင်ဦးကိုလည်း စတင် သံသယဝင်လာတော့တယ်။
၁၉၈၁ ခုနှစ်မှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ရဲ့ တွဲဖက် အတွင်းရေးမှူး ဦးသောင်းကြည် ဂေါက်ရိုက်နေရင်း နှလုံးရောဂါနဲ့ ကွယ်လွန်သွားတယ်။ ဦးနေဝင်းဆေးရုံကိုရောက်လာပြီး ပါတီ ထိပ်တန်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပါတယ်။ သူရောက်မလာခင် ဗိုလ်မှူးချုပ် တင်ဦးက နေရာချထားမှု တခု ပြင်ဆင်ထားတယ်။ ဦးသောင်းကြည်ရဲ့ နေရာကို ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရကျော်ထင်ကို ပေးဖို့ပါ။ ဗိုလ်ချုပ်ကြီး သူရကျော်ထင်ကို အာဏာပြင်းတဲ့ စစ်ဘက်ရာထူးကနေပြီး ပါတီရာထူးကို ပြောင်းရွှေ့လိုက်ဖို့ ဗိုလ်မှူးချုပ် တင်ဦးက စဉ်းစားထားတယ်။
ဒါပေမယ့် ဦးနေဝင်းက ဗိုလ်ချုပ်ကြီး သူရကျော်ထင်ကို စစ်တပ်မှာပဲ ဆက်ရှိစေချင်တယ်။ ရာထူးခန့်ထားရေးနဲ့ ပတ်သက်လို့ နားထောင်အပြီး ဦးနေဝင်းက ဗိုလ်မှူးချုပ် တင်ဦးကို ပါတီ တွဲဖက် အတွင်းရေးမှူး လုပ်ခိုင်းလိုက်တယ်။ နိုင်ငံရေး လေ့လာသူတွေကတော့ နိုင်ငံရေး အကွက်ရွှေ့တာ ကျွမ်းကျင်သူ တယောက်ဖြစ်တဲ့ ဦးနေဝင်းက ဗိုလ်မှူးချုပ် တင်ဦးရဲ့ နောက်လာမယ့်ခြေလှမ်းတွေကို ကြို တင် သိကောင်းသိနေ နိုင်တဲ့အတွက် တားဆီးတဲ့ အနေနဲ့ လုပ်ဆောင်လိုက်တာ ဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီတွင်းက လူအများစုကလည်း ဒီ ထင်မြင်ချက်ကို လက်ခံကြပါတယ်။
နောက်ပိုင်း ဦးနေဝင်းနဲ့ ဗိုလ်မှူးချုပ် တင်ဦးကြားမှာ အက်ကြောင်းဖြစ်လာတဲ့အခါ ပြိုင်ဘက်တွေက ဦးနေဝင်းဆီကို သတင်းတွေ ပို့ပေးပြီး မီးလောင်ရာ လေပင့်ကြပါတယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တွဲဖက်အတွင်းရေးမှူး ဖြစ်လာပြီးနောက် ဗိုလ်မှူးချုပ် တင်ဦးက မြန်မာ့အသံ အပါအဝင် အစိုးရပိုင် လုပ်ငန်းတွေ၊ စီမံကိန်းတွေကနေ တဆင့် မွန်ယဉ်ကျေးမှုကို မြှင့်တင်နိုင်ဖို့ ကြိုးစားခဲ့တယ်။ သူဟာ ဦးနေဝင်း မရှိတော့တဲ့အခါ မြန်မာနိုင်ငံကို အုပ်ချုပ်ချင်နေတဲ့ “မွန်မင်းလောင်း” လို့တောင် ကောလာဟလတွေ ထွက်ပေါ်ခဲ့ရတဲ့အထိပါ။ ဗိုလ်မှူးချုပ် တင်ဦးကို ထိခိုက်ပျက်စီးစေမယ့် ကောလာဟလတွေ ထုတ်လွှင့်နေတဲ့ လှုပ်ရှားမှုရဲ့ နောက်ကွယ်မှာ စစ်အရာရှိတွေ ရှိနေပြီး အဲဒီထဲမှာ ၁၉၈၈ လူထုအုံကြွမှုတုန်းက “ရန်ကုန်မြို့က သား သတ်သမား”လို့ နာမည်တွင်ခဲ့တဲ့ ဗိုလ်မှူးချုပ်စိန်လွင် လည်း ပါတယ်။ သူလည်း မွန်လူမျိုး တယောက်ပါ။
ဗိုလ်မှူးချုပ် တင်ဦးရဲ့ သားဖြစ်သူ ရန်ကုန်မြို့ မှာ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကြီးတခု မကျင်းပမီ ရက်အနည်းငယ် အလို ဦးနေဝင်း အထူးလေယာဉ် နဲ့ငပလီကမ်းခြေကို ထွက်သွားတာ ရန်ကုန်လေဆိပ် မှာ ခရီးသည်တွေ မြင်လိုက်တယ်။ ဦးနေဝင်းကို တက်ရောက်ချီးမြှင့်ဂုဏ်ပြုပေးဖို့ ဖိတ်ကြားခဲ့ပေမယ့် သူက မတက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဦးနေဝင်း ရောက်မလာတာနဲ့ ပတ်သက်ပြီး မင်္ဂလာပွဲလာ ဧည့်သည်တွေ တီးတိုးတီးတိုး ပြောနေကြပေမယ့် ဗိုလ်မှူးချုပ် တင်ဦးက ဟန်မပျက် ပြုံးပြီးနေခဲ့တယ်။ ဒါပေမယ့် ဧည့်သည်တွေအားလုံးပြန်သွားတဲ့နောက်မှာတော့ ထောက်လှမ်းရေး အကြီးအကဲဟာ အရုပ်ကြိုးပြတ် ဖြစ်သွားပြီး ဝီစကီ ပုလင်းတလုံးဖွင့် အရင်းနှီးဆုံး လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတွေနဲ့အတူ ဝိုင်းဖွဲ့ သောက်ရင်း ဦးနေဝင်းရဲ့ ဒေါသကိုကြောက်ရွံ့မိတဲ့ အကြောင်း ဖွင့်ပြောပါတယ်။
နောက်ဆုံးတော့ ၁၉၈၃ ခုနှစ် ရောက်တဲ့အခါမှာ ဗိုလ်မှူးချုပ် တင်ဦးကို နိုင်ငံပိုင်ဘဏ္ဍာ အလွဲသုံးစား လုပ်မှုနဲ့ဖမ်းပြီး ထောင်ဒဏ် တသက်တကျွန်း ချတယ်။သားဖြစ်သူရဲ့ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကိစ္စ၊ ထိုင်းနိုင်ငံကို သွားတဲ့အခါမှာ ဘန်ကောက် မြန်မာ သံရုံးက ကော်ဇောနီခင်းပြီး ကြိုဆိုခဲ့ရတာတွေအပြင် ဗိုလ်မှူးချုပ် တင်ဦးရဲ့ အကျင့်ပျက် ခြစားမှုတွေ အကြောင်းကို အစိုးရက စွပ်စွဲရေးသားခဲ့တယ်။ ဒါပေမယ့် အကျင့်ပျက်ခြစားမှုကြောင့် အရေးယူတယ်ဆိုတာ အဓိပ္ပာယ်မရှိတာ လူတိုင်းသိကြတယ်။လေ့လာသူတွေကတော့ အာဏာကို စုစည်းနိုင်ဖို့ လှုပ်ရှားတာ အရမ်းမြန်သွားတဲ့အတွက် ဗိုလ်မှူးချုပ် တင်ဦး ဖယ်ရှားခံရတာလို့ ခန့်မှန်းကြတယ်။
အင်းစိန်ထောင်ထဲမှာ ရှိနေစဉ် ဗိုလ်မှူးချုပ် (ဟောင်း) တင်ဦးက ဦးနေဝင်းဆီကို အသနားခံစာ တစောင် ရေးသား ပေးပို့ခဲ့တယ်။ စာထဲမှာ သူ့အနေနဲ့ အကျဉ်းထောင်အတွင်း လက်တုံ့ပြန်ခံရမှာကို ကြောက်လန့်နေပြီး မျောက်ပွဲလို ဝိုင်းကြည့်ခံရမှာ မလိုချင်ဘူးလို့ ရေးခဲ့တယ်။ ၁၉၈၈ ခုနှစ် အရေး အခင်းကာလအတွင်း ထောင်ဆူတဲ့အချိန် အသတ်ခံရမှာ စိုးရိမ်တဲ့အတွက် ထောင်အရာရှိတွေက သူ့ကို လုံခြုံစိတ်ချရတဲ့ ထိန်းသိမ်းရေး စခန်းတခုဆီ အလျင်အမြန် ရွှေ့ပြောင်းပေးခဲ့ရတယ်။
စစ်တပ်က အာဏာ သိမ်းယူလိုက်ပြီးတဲ့ နောက်မှာတော့ သူ့ကို အိမ်ပြန်ခွင့်ပြုလိုက်ပါတယ်။ ၁၉၉၈ ခုနှစ် ကွယ်လွန်ချိန်အထိ ဗိုလ်မှူးချုပ် (ဟောင်း)တင်ဦးဟာ တခြား စစ်သားဟောင်းကြီးတွေလိုပဲ ဗုဒ္ဓတရားကို လေ့လာခြင်း၊ တရားထိုင်ခြင်းတွေနဲ့ ဘဝကို အချိန်ကုန်စေခဲ့တယ်။ သူဟာ ဦးနေဝင်းကို ဘယ်တော့မှ သစ္စာမဖောက်ခဲ့ဘူး။ ထောက်လှမ်းရေး အကြီးအကဲဟောင်းဟာ အာဏာရှင် ဦးနေဝင်းရဲ့ လျှို့ဝှက်ချက်တွေကို အုတ်ဂူထဲ ရောက်တဲ့အချိန်အထိ ထိန်းသိမ်းသွားတယ်။ သူ သေဆုံးသွားချိန်မှ တော့ ဦးနေဝင်းက ဝမ်းနည်းကြေကွဲကြောင်း ပြသခဲ့တယ်။