Environment

ပလိပ်အင်း အနာဂတ်အရေး ရင်မအေး (၁)

This article has been converted from Zawgyi One to Unicode

ပလိပ်အင်းသည် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့ အနောက်တောင်ဘက် ၉ မိုင် ၃ ဖာလုံ အကွာတွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင် အမြင့် ၈၉ မီတာဖြစ်သည်။ ပလိပ်အင်းသည် ဒုဋ္ဌဝတီမြစ်ကျိုးအင်းမှ ပြောင်းလဲဖြစ်တည် လာသောအင်းဖြစ်သည်။ ဧရာဝတီမြစ်လက်တက်ဖြစ်သော မြစ်ငယ်မြစ်မှ အင်းအတွင်း ရေဝင်ရေထွက် ပြုလုပ်သည်။ မြန်မာနိုင်ငံတွင် ရေတိမ်ဒေသ အမျိုးမျိုးတည်ရှိရာ ပလိပ်အင်းသည်ကုန်းတွင်း ရေတိမ်ဒေသ (Inland Wetland) ဖြစ်သည့် အင်းအိုင် (Pond) အမျိုးအစားဖြစ်သည်။

အင်း၏ ရေအရည်အသွေးမှာ စံ ၉ ဒသမ၂ ဖြစ်ပြီး ကြည်လင်ကြောင်း လေ့လာချက်များအရ သိရသည်။ အင်းရေကို စိုက်ပျိုးရေးအတွက် အသုံးချကြောင်း၊ အင်းအတွင်း စီးပွားဖြစ် ငါးဖမ်းလုပ်ငန်းဆောင်ရွက်ကြောင်း သိရှိရသည်။ ပလိပ်အင်းနှင့် ပတ်ဝန်းကျင် ဒေသများသည် ကုန်းတွင်းရေတိမ်ဒေသဖြစ်သည့် မြစ်၊ ချောင်း၊ အင်းများကြောင့် လူနှင့်သတ္တဝါ၊ အပင် များ ဂေဟစနစ်အမျိုးမျိုးဖြင့် ချိတ်ဆက်အသက်ရှင် သန်နေသည်။

ပလိပ်အင်းအတွင်း ကျရောက်ကျက်စားသည့် ငှက်များကို ၂၀၁၂ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၂ မှ ၂၅ ရက်နေ့အထိ ကွင်းဆင်းလေ့လာ တွေ့ရှိချက်အရ ရေငှက်မျိုးစိတ် ၂၉ မျိုးဖြစ်ပြီး ရာသီအလိုက်ပြောင်း ရွှေ့ကျက်စားသည့် ဆောင်းခိုငှက်မျိုး ၁၀ နှင့် မြန်မာ နိုင်ငံအတွင်း နေထိုင်ပေါက်ပွားသည့်ငှက်မျိုး ၁၉ မျိုး ရှိသည်။ အင်းအတွင်း ပေါက်ရောက်သည့် အပင် အနေဖြင့် ကြာလင်ပန်း (Nymphoides) ကို ပေါများ စွာတွေ့ရပြီးရေမှော် (Blyxa)၊ ကနဖော့(Jussiaea) ၊ဟင်းချန် (Bottia cordata)၊ ရေကန်စွန်း(Ipomaea) တို့ဖြစ်သည်။ အင်းအတွင်း ရေငှက်မျိုးစိတ် ၃၇ မျိုး၊ အခြားငှက်မျိုးစိတ် ၇ မျိုး ငါးမျိုးစိတ်အနေဖြင့် ၈ မျိုး လေ့လာဖော်ထုတ် မှတ်တမ်း တင်ထားပါသည်။ ကျောရိုးမဲ့ ရေသတ္တဝါ၊ ရေေြွမ၊ ရေချိုကဏန်းနှင့် ခရုမျိုးစိတ်များလည်း ကျက်စားကြသည်။

၂၀ဝ၁ ခုနှစ်၊ သစ်တော ဦးစီးဌာန၊ သဘာဝ ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်သည့်  Wetland Inventory လေ့လာချက်အရ ရေငှက်မျိုးစိတ် ၂၇ မျိုး တွေ့ရှိ မှတ်တမ်း တင်ခဲ့ပြီး Norhtern Shoveler အကောင်ရေ ၆၁၊  Eurasian Wigeon အကောင်ရေ ၁၆၀ ကျက်စားကြောင်း သိရသည်။

ပလိပ်အင်းအတွင်း ကျရောက်ကျက်စားသည့် ငှက်များကို ၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၂ မှ ၂၅ ရက်နေ့အထိ ကွင်းဆင်း လေ့လာတွေ့ရှိချက်အရ ရေငှက်မျိုးစိတ် ၂၉ မျိုးဖြစ်ပြီး ရာသီအလိုက်ပြောင်း ရွှေ့ကျက်စားသည့် ဆောင်းခိုငှက်မျိုး ၁၀ နှင့်မြန်မာ နိုင်ငံအတွင်း နေထိုင်ပေါက်ပွားသည့် ငှက်မျိုး၁၉ မျိုးဖြစ်သည်။ ကျက်စားသည့် ငှက်မျိုးစိတ်များတွင် ကမ္ဘာ့ရှားပါးစာရင်းဝင် ဥပန်း ငှက်မျိုးစိတ်သည် အကောင်ဦးရေများစွာ ကျက်စားကြောင်း၊ တင်ကျီး၊ ဘဲငန်းရိုင်း၊ ဘဲရစ်၊ ရှိုဗယ်လာဘဲနှင့် ရေငှက်ကြီးမျိုး များဖြစ်သော ခရုတုတ်၊ ခရုစုပ်ခေါင်းမည်း၊ ခရုစုပ်၊ ငဟစ်မွဲ၊ ငဟစ်များလည်း အကောင်ဦးရေပေါများစွာ ကျက်စားကြောင်း တွေ့ရသည်။ ၎င်းအချက်များသည် ပလိပ်အင်းအတွင်း အမျိုးမျိုးသော ရေငှက်မျိုးစိတ် များကို မတူညီသော အစာအရင်းအမြစ် အမျိုးမျိုး ထောက်ပံ့ထားနိုင်လောက်သော အစာအမျိုးအစား နှင့် အရေအတွက်ပေါများကြောင်း ဖော်ပြနေသည်။

ထို့အပြင် မျိုးတုံးမှုခြိမ်းခြောက်ခံလုနီး မျိုးစိတ် (Near Threatened Species ) ဖြစ်သော Ferruginous Pochard၊ Oriental Darter။ Black-headed Ibis နှင့်ဘဲအ၊ ဂါဂနီဘဲ (Gar-ganey) မျိုးစိတ်များလည်း ကျက်စားကြောင်း တွေ့ရသည်။ ပလိပ်အင်းသို့ လာရောက်ကျက်စား သည့် ရာသီအလိုက် ပြောင်းရွှေ့ ကျက်စားသည့် ငှက်များနှင့် စပ်လျဉ်း၍ လေ့လာမှုမှတ်တမ်းများ အရ အင်းသို့ ဒီဇင်ဘာလမှ စတင်ဝင်ရောက် ကျက်စား ကြောင်း၊ ဖေဖော်ဝါရီ၊ မတ်လတွင် ငှက်မျိုးစိတ်အများ ဆုံး၊ အကောင် ဦးရေအများဆုံး ကျက်စား ကြကြောင်း၊ မေလတွင် ရာသီအလိုက် ပြောင်းရွှေ့ငှက်များပျံသန်း ထွက်ခွာကြကြောင်း သိရသည်။ မြန်မာနိုင်ငံအတွင်း ဥသားပေါက်သည့် ဒေသရင်း ငှက်မျိုးစိတ် ၁၅ မျိုးခန့်သည် ပလိပ်အင်းအတွင်း တနှစ်ပတ်လုံးကျက် စားကြသည်။

သဘာဝအတိုင်းဆိုလျှင် ရေငှက်များသည် လူတို့နေထိုင်၊ လှုပ်ရှားသည့် ပတ်ဝန်းကျင်တွင် ကျက်စားလေ့ မရှိ၊ လူတို့နှင့်ဝေးသည့် သဘာဝ ဝန်းကျင်များတွင် ကျက်စားတတ်ကြသည်။ ပလိပ် အင်းသည် ကားလမ်း၊ မီးရထား လမ်းများနှင့် နီးကပ် ခြင်း၊ အင်းပတ်လည် ကျေးရွာများတည်ရှိခြင်း၊ ပလိပ် အင်းပတ်ဝန်းကျင် အင်းရေစပ်များ၌ လယ်လုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းများကို လုပ်ကိုင်နေခြင်း၊ အဆိပ်ချ/ ပိုက်တား ငှက်ဖမ်းခြင်းတို့ကြောင့် ငှက်များ ကျရောက် ကျက်စားမည် မဟုတ်ပေ။

သို့သော်လည်း ပလိပ်အင်းသည် ရှေးနှစ်ပေါင်း များစွာကတည်းက တည်ရှိလာပြီး ငါးနှင့် ရေသတ္တဝါ များ၊ ရေတွင် ပေါက်ရောက်သည့် သဘာဝအပင် အမျိုးမျိုး ပေါများခြင်းကြောင့် လူနှင့် ငှက်အပါအဝင် အခြားသက်ရှိ အမျိုးမျိုးသည် ရှေးနှစ်ပေါင်းများစွာ ကာလကပင် မှီခိုအားထားနေသည့် အင်းဖြစ်သည်။ ပလိပ်အင်းသို့ ကျရောက်ကျက်စားကြသည့် ဒေသရင်း နှင့် ဆောင်းခိုငှက်များသည် ယခုမှ ကျက်စားခြင်း မဟုတ်၊ ရှေးနှစ်ကာလများစွာကပင် ကျရောက်ကျက် စားခြင်းဖြစ်သည်။ ပလိပ်အင်းအတွင်း သဘာဝ အစာ အရင်းအမြစ် ပေါများခြင်းကြောင့် ငှက်များ သည် လူတို့၏ အနှောင့်အယှက်အန္တရာယ်ကို ဂရုမပြုနိုင်ဘဲ အကောင်ရေများစွာ လာရောက်ကျက်စား နေကြသည်။

အင်းအတွင်း  လာရောက် ကျက်စားသည့် ရေငှက်အမျိုးမျိုးတို့သည် ကန်အလယ် တာပေါင် များပေါ်တွင် အကောင်ရေများစွာ ြွပတ်သိပ်နားခို ကာ လူတို့၏ ဘေးအန္တရာယ်တို့ကို စိုးထိတ်သည့် ကြားမှပင် အသက်ရှင် သန်ရေးအတွက် အရဲစွန့်ကာ ကျီးလန့်စာစားနေကြသည်။ ထိုသို့ အန္တရာယ်များကို သတိထား ကျက်စားနေ ရင်းကပင် ငှက်တချို့သည် ငှက်မုဆိုးများ ထောင်ထားသော ငှက်ဖမ်းပိုက်တွင် ပိုက်မိခြင်း၊ အဆိပ်ခတ်ထား သော အစာစားမိခြင်းတို့ ကြောင့် အသက်ဆုံးရှုံးကြရသည်။

ဆက်လက်ဖော်ပြပါမည်။

Loading