မနီလာသိန်းသည် ၁၉၉၁ ခုနှစ် ဆယ်တန်းကျောင်းသူ အရွယ်တွင် နိုင်ငံရေး လှုပ်ရှားမှုဖြင့် ၄၅ ရက်ကြာ အချုပ်ကျ ခံခဲ့ရပြီး နောက် ၁၉၉၆ ခုနှစ်တွင် နောက်တကြိမ် ပြန်လည် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၁၀ နှစ်ကျခံခဲ့ရသည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာ အရေးအခင်းတွင် ပါဝင်လှုပ်ရှားခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ပြန်လည် အဖမ်းခံခဲ့ရကာ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံခဲ့ရသည်။ ၎င်းနှင့် တပြိုက်နက်တည်း ခင်ပွန်းသည် ကိုဂျင်မီလည်း ထောက်ဒဏ် ၆၅ နှစ် ချမှတ်ခံရသည်။ ၂၀၁၁ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့် အတူ ပြန်လည် လွတ်မြောက်လာသူ တဦး ဖြစ်သည်။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင် တဦးဖြစ်သူ မနီလာသိန်းသည် ယင်းအဖွဲ့တွင် အမျိုးသမီး တာဝန်ခံတဦးဖြစ်ပြီး အမျိုးသမီးရေးရာ များနှင့် နိုင်ငံရေး၊ လူမှုရေး လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်လျှက်ရှိသူ ဖြစ်သည်။ မနီလာသိန်းကို အမျိုးသမီးများ အခန်းကဏ္ဍနှင့် ပတ်သတ်ပြီး သူ၏ သဘောထား အမြင်များကို ဧရာဝတီသတင်းထောက် သူဇာက တွေ့ဆုံ မေးမြန်း ထားပါသည်။
မေး။ ။ ဒီလဆန်းမှာ ပြန်လည် ကျင်းပခဲ့တဲ့ လွှတ်တော်မှာ စစ်တပ်ဘက်က အမျိုးသမီး အမတ်လောင်း နှစ်ဦး ပါဝင်လာတာ တွေ့ရတယ်။ အဲဒီလို လဲလှယ်လိုက်တာက ဘာပြောင်းလဲမှုတွေ ရှိလာနိုင်မလဲ။ အဲဒီအပေါ် မနီလာသိန်း အမြင် ပြောပြပေးပါ။
ဖြေ။ ။ စစ်တပ်မှာ အဲဒီလို အမျိုးသမီးတွေ ပါဝင်လာမှုကိုတော့ ဘယ်ထောင့်၊ ဘယ်နေရာက ပါဝင်လာတာပဲ ဖြစ်ဖြစ် ကျမတို့က ကြိုဆိုပါတယ်။ ဒီအမျိုးသမီးတွေ ပါဝင်လာမှုမှာ ဒီအမျိုးသမီးတွေက ဒီအတိုင်း ရုပ်ပြ မဟုတ်ဘဲ ထဲထဲဝင်ဝင် ပြောဆို ဆွေးနွေးမှု အခွင့်အလမ်းတွေ သူတို့ကိုယ်တိုင် ရရှိပြီး ဒီနေရာကို ရောက်လာတယ် ဆိုရင်တော့ ပိုပြီးတော့ ကျမတို့ အတွက် ဝမ်းသာစရာ ဖြစ်ပါလိမ့်မယ်။ သူတို့က အခုမှ ဝင်လာကာစ ရှိတဲ့အတွက် ကျမတို့ သေချာ မပြောနိုင်သေးဘူး။
မေး။ ။ လွှတ်တော်ထဲမှာ လက်ရှိ အမျိုးသမီး ရာခိုင်နှုန်းက ခြောက်ရာခိုင်နှုန်းလောက်ပဲ ရှိနေသေးတယ်လို့ ပြောကြတယ်။ မနီလာသိန်း အနေနဲ့ရော အကျဉ်းထောင်က နောက်ဆုံး ထွက်လာပြီးနောက် မြန်မာနိုင်ငံမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်အထိ လုပ်ဆောင်ခွင့် ရနေပြီလို့ ထင်ပါသလဲ။
ဖြေ။ ။ အရင်ကတည်းက အမျိုးသမီးတွေရဲ့ လုပ်ဆောင်ခွင့် ကဏ္ဍတွေကတော့ အသီးသီး ရှိကြတယ်။ ဒါပေမယ့် လုပ်ဆောင်မှုရော၊ ပါဝင်မှုရောက အားနည်းတာတွေ ရှိတယ်။ ရာခိုင်နှုန်းအားဖြင့် များလာဖို့ ဆိုရင် အမျိုးသမီးတွေမှာ အရေအတွက်ထက် အရည်အချင်းတွေရှိတဲ့ လွတ်တော် အမတ် အမျိုးသမီးတွေ ပိုများလာဖို့ ကျမတို့အနေနဲ့ ပိုပြီးတော့ လုပ်ဆောင် ဖို့တော့ လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရေအတွက် တခုတည်းနဲ့ အရည်အချင်းကြောင့် အဲဒီ ရာခိုင်နှုန်းထက်လည်း ကျော်နိုင်အောင် ဆိုရင် ကျမတို့လည်း ကြိုးစားရအုန်းမယ်။
မေး။ ။ အခု လွှတ်တော်တွင်းမှာ ရောက်နေတဲ့ အမျိုးသမီး အမတ်တွေရဲ့ လုပ်ဆောင်မှုကရော ထဲထဲဝင်ဝင် လုပ်ဆောင် နိုင်ပြီလို့ ပြောလို့ရမလား။
ဖြေ။ ။ အခု လွှတ်တော်တွင်းမှာ ရောက်ရှိနေတဲ့ အမျိုးသမီးတွေကတော့ သူ့အခန်းကဏ္ဍနဲ့ သူ ဝင်ရောက် လုပ်ဆောင် နေတာတွေ ရှိတယ်။ ကျမတခု ပြောချင်တာက လွှတ်တော်တွင်းမှာ ကျမတို့ အမျိုးသမီး အရေအတွက် များလာဖို့ ဆိုရင် ချက်ချင်းတော့ လုပ်ဆောင်လို့ မရဘူး။ အောက်ခြေမှာ အရည်အချင်းရှိပြီး အကြောက်တရားကြောင့် ခေါက်ရိုးကျိုး နေတယ်။ အမျိုးသမီးတွေ ထွက်လာနိုင်ဖို့ ကတော့ ကျမတို့ အများကြီး လုပ်ရဦးမယ်။ အဖွဲ့အစည်းမှာပဲ ဖြစ်ဖြစ်၊ ဝန်းကျင်မှာပဲ ဖြစ်ဖြစ် နေရာ တိုင်းမှာ လုပ်ဆောင်ပေးဖို့ အခန်းကဏ္ဍတွေ အများကြီး လိုအပ်နေသေးတယ်။ ကျမ အမြဲတမ်း ပြောတဲ့ စကားတခု ရှိပါတယ်။ အမျိုးသမီး အခွင့်အရေးထက် အမျိုးသမီး ဖွံ့ဖြိုးမှုကို ကျမ ပိုလုပ်ချင်တယ်။ အဲဒါမှ အားလုံးဟာ အချိုး တူညီသွားလိမ့်မယ်။
မေး။ ။ မနီလာသိန်း အနေနဲ့ရော လာမယ့် ၂၀၁၅ မှာ လွှတ်တော် နိုင်ငံရေးထဲဝင်ဖို့ အစီအစဉ် ရှိပါသလား။
ဖြေ။ ။ လွှတ်တော် နိုင်ငံရေးထဲ ဝင်ဖို့ မရှိပေမယ့်၊ ကျမတို့ လွှတ်တော်ပြင်ပကနေ လွှတ်တော်ပြင်ပ နိုင်ငံရေးကို အားကောင်းအောင် လုပ်ပြီးတော့ လွှတ်တော်ထဲနဲ့ ဟန်ချက် ညီညီ သွားဖို့တော့ ရှိပါတယ်။ အခုလည်း လွှတ်တော်ထဲက အမတ်တချို့နဲ့ ချိတ်ဆက်ပြီးတော့ လုပ်ကိုင် ဆောင်ရွက်နေတာ တွေလည်း ရှိပါတယ်။
မေး။ ။ သမ္မတ ဦးသိန်းစိန် တက်လာပြီး နောက်ပိုင်းမှာ ပြည်ပကနေ အရည်အချင်းရှိတဲ့ အမျိုးသမီးတွေလည်း ပြန်လည် ဝင်ရောက်လာသလို၊ စီးပွားရေး လုပ်ငန်းတွေမှာလည်း အမျိုးသမီး စွမ်းဆောင်ရှင်တွေ အများကြီး ထွက်ပေါ်လာတာ တွေ့ရတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ ခေါင်းဆောင်မှုပိုင်း နေရာတွေကို အမျိုးသမီးတွေ ထမ်းဆောင်နိုင်ပြီလို့ ပြောလို့ ရမလား။
ဖြေ။ ။ အဲဒီမေးခွန်းက အရေးကြီးတဲ့ မေးခွန်းတခုပဲ။ ဘာလို့လဲဆိုတော့ အခုပြော အခုလုပ် အခုချက်ချင်း မရဘူး။ အဲဒီ အတွက် ပြင်ဆင်ထားဖို့ လိုအပ်တယ်။ တကယ် အရည်အချင်း ရှိတဲ့သူတွေက တကယ်တမ်း တာဝန် ပေးအပ်တဲ့ အချိန်မှာ အဆင်သင့် ဖြစ်နေဖို့ လိုအပ်တယ်။ တချို့နေရာတွေမှာ အလုံးစုံ မဟုတ်ပေမယ့် အသင့်ဖြစ်နေတဲ့ သူတွေလည်း ရှိပါတယ်။
မေး။ ။ နိုင်ငံရေးမှာ ထဲထဲဝင်ဝင် လှုပ်ရှားနေတဲ့ အမျိုးသမီး တယောက်အနေနဲ့ လက်ရှိ မြန်မာနိုင်ငံမှာ အမျိုးသမီး ခေါင်းဆောင်မှုပိုင်းက ဘယ်လောက်အထိ ရှိနေပါပြီလဲ။
ဖြေ။ ။ အမျိုးသမီး ခေါင်းဆောင်မှု အပိုင်းထက် အခု နိုင်ငံမှာ အမျိုးသားတွေရော၊ အမျိုးသမီးတွေရဲ့ သိမြင်မှု အရရော နောက်ပြီး ကိုယ့်အခွင့်အရေးကို ကိုယ် ကာကွယ်ရမယ့် အရာတွေရော၊ အားလုံးဟာ ပိတ်ဆို့မှု ခံခဲ့ရတယ်။ အဲဒီကြားထဲကမှ အမျိုးသမီးတွေဟာ ယဉ်ကျေးမှု အရ နောက်ကို ရောက်နေတာတွေ ရှိတယ်။ အဲဒီအရာတွေကို ကျမတို့ အနေနဲ့ ဒီအတိုင်း ပြောဆိုနေတာထက် အောက်ခြေမှာရှိတဲ့ အမျိုးသမီးတွေကို သူတို့ရဲ့ အသိ၊ အမြင် ဗဟုသုတတွေ ကြွယ်ဝလာအောင် သူတို့ရဲ့ အခွင့်အရေးတွေ ကိုယ်တိုင် တောင်းဆိုရဲလာအောင်၊ သူတို့ကို ကာကွယ်နိုင်တဲ့ ဥပဒေတွေ ရှိတယ်ဆိုတာ သိအောင်၊ အဲဒီ ဥပဒေတွေ အသက်ဝင်လာအောင် သူတို့ကိုယ်တိုင် လုပ်ဆောင်နိုင်တဲ့ အနေအထားတွေ ရောက်အောင် လုပ်ဖို့လည်း အများကြီး လိုအပ် နေပါသေးတယ်။