မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူချိန် နီးကပ်လာသည်နှင့်အမျှ အစ္စလမ်ဘာသာဝင် အဖွဲ့အစည်းတချို့က ရိုဟင်ဂျာလူမျိုးကို တိုင်းရင်းသားအဖြစ် တရားဝင်အသိအမှတ်ပြုရန် တောင်းဆိုမှုများ တိုးမြှင့် ဆောင်ရွက်လာသည်ကို တွေ့ရ သည်။
ရန်ကုန်နှင့် မန္တလေးရှိ အစ္စလမ် ဘာသာဝင်များအကြား သန်းခေါင်စာရင်း ကောက်ယူရေး အထောက်အကူပြု အဖွဲ့တချို့က ပြုလုပ် သော အချက်အလက်များတွင် လူမျိုးနေရာ၌ ရိုဟင်ဂျာလူမျိုးဟု ထည့်သွင်းကောက်ခံကြကြောင်း သိရသည်။
ယင်းသို့ လုပ်ဆောင်နေခြင်းသည် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ပိုမိုဖြစ်လာနိုင်ကြောင်း ဘာသာရေး ခေါင်းဆောင်တချို့က ပြောသည်။
နိုင်ငံတော်က အသိအမှတ် ပြုထားခြင်း မရှိသကဲ့သို့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ ဖြစ်ပျက်ခဲ့မှုများကြောင့် တွန်းတိုက် လုပ်ဆောင်နေလျှင် အစ္စလမ် ဘာသာဝင်များနှင့် ဘာသာခြားများအကြား ပဋိပက္ခ ပိုမိုဖြစ်လာနိုင်သည်ကို အထူး သတိထားရမည်ဖြစ်ကြောင်း မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူက ဧရာဝတီသို့ မိန့်ကြားသည်။
ရခိုင်ပြည်နယ်အတွင်းရှိ အစ္စလမ် ဘာသာဝင် ဘင်္ဂါလီ(မွတ်စလင်)များနှင့် တခြားမြို့များရှိ အစ္စလမ် ဘာသာဝင်များအား ဘာသာ ရေး တူညီမှုကို အကြောင်းပြုပြီး လူမျိုးရေး ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သဖြင့် ၎င်းတို့ ၂ စု ကြား ကွဲပြားကြောင်း အများသိစေရန် ဆောင် ရွက်နေချိန်တွင် ယခုကဲ့သို့ လုပ်ဆောင်မှုသည် စိုးရိမ်စရာ ဖြစ်ကြောင်းလည်း ဆရာတော်က ဆက်လက်၍ မိန့်သည်။
“အစ္စလမ်ဘာသာ ကိုးကွယ်တာချင်းတူပေမယ့် စရိုက်ကအစ ကွဲတယ်၊ အခုအချိန်မှာ အဲဒီလိုကွဲပြားတဲ့အကြောင်း ထင်ထင်ရှားရှား ဖြစ်အောင် လုပ်မှ ပြည်တွင်း ပဋိပက္ခတွေကို ဖြေရှင်းလို့ရမှာ၊ ဒီအချိန်မှာ ရိုဟင်ဂျာကို အတင်း အသက်သွင်းရင် ပြည်တွင်း အစ္စလမ် တွေကိုပါ ထိခိုက်သွားနိုင်တယ်”ဟု ဦးဝီရသူက ဆိုသည်။
မန္တလေးတိုင်း ဒေသကြီးမှ အစ္စလမ်ဘာသာဝင်များ၏ သန်းကောင်စာရင်း ကောက်ခံရေး အထောက်အကူပြု လုပ်ငန်းကော်မတီ၏ ဥက္ကဌ ဦးတင့်ဆွေက“အဲဒီလို ရိုဟင်ဂျာလို့ တွန်းတွန်းတိုက်တိုက် လုပ်လာတာကို အခုအချိန်မှာ စဉ်းစားဖို့လိုပါတယ်။ ဗုဒ္ဓဘာသာနဲ့ အစ္စလမ် ဘာသာဝင်တွေ ၂ ဘက်လုံးက သဘောထားကြီးဖို့ လိုတယ်။ အမြင်မတူတာနဲ့ ရန်သူလို့ သဘောထားနေရင်တော့ ပဋိပက္ခ က ပိုကြီးဖို့ပဲရှိမယ်။ အလျှော့အတင်း လုပ်ဖို့လိုပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ အသိအမှတ် မပြုခြင်းသည် လူမျိုးရေးနှင့် မဆိုင်ဘဲ ဘာသာရေးနှင့် ပိုမိုသက်ဆိုင်ပြီး အစ္စလမ် ဘာသာဝင်တိုင်းကို တိုင်းရင်း သားအဖြစ် မပေးချင်သောကြောင့်ဟု ယူဆရမည်ဖြစ်ပြီး နိုင်ငံရေး နယ်ပယ်တွင်လည်း အစ္စလမ် ဘာသာဝင်များ ပါဝင်လာမည်ကို စိုးရိမ်သည့်အတွက် ယခုကဲ့သို့ ကန့်သတ်နေခြင်း ဖြစ်မည်ဟု ထင်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ရိုဟင်ဂျာဟု ဆိုသော လူမျိုးများသည် ယခုအချိန်တွင် အသိအမှတ် ပြုစေရန် ကြိုးစားဆောင်ရွက်၍ မရလျှင် နောက်ပိုင်းတွင် မည် သို့ မျှ မဖြစ်နိုင်သဖြင့် အစ္စလမ် အဖွဲ့အစည်းတချို့က အသိအမှတ်ပြု ခံရစေရန် တွန်းတွန်း တိုက်တိုက် လုပ်ဆောင်လာကြခြင်း ဖြစ်နိုင်ကြောင်း ဦးတင့်ဆွေက ပြောဆိုသည်။
“ကျနော့်အမြင် အရတော့ ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာနိုင်ငံ သမိုင်းမှာ ရှိခဲ့တာကို ဖျောက်ဖျက်လို့တော့ မရဘူးထင်တယ်၊ တိုင်းပြည် တည်ဆောက်တဲ့ နေရာမှာ အမြင်မတူတာတွေ အများကြီးရှိမှာပါ၊ နှစ်သက်တာ၊ မနှစ်သက်တာနဲ့ ကြည့်လို့မရပါဘူး၊ အမှန် တရားကိုပဲ ကြည့်ရမယ်၊ ကိုးကန့်၊ ဝ၊ ချင်း စတဲ့ နယ်စပ်လူမျိုးတွေမှာလည်း ဟိုဘက်နိုင်ငံ၊ ဒီဘက်နိုင်ငံဆိုပြီး လူမျိုးရောနေတာတွေ ရှိတာပဲလေ၊ အဲဒါကြောင့် သန်းခေါင်စာရင်း ကောက်တာမှာ ရိုဟင်ဂျာ လူမျိုးကိုလည်း ထည့်သင့်တယ်လို့ ယူဆတယ်”ဟု ဦးတင့်ဆွေ က ဆိုသည်။
ရိုဟင်ဂျာလူမျိုးသည် တိုင်းရင်းသား ၁၃၅ မျိုးတွင် မပါဝင်ကြောင်း၊ ရိုဟင်ဂျာလူမျိုးကိုလည်း အသိအမှတ်မပြုကြောင်း လက်ရှိအစိုးရက နိုင်ငံတကာသို့ အတိအလင်း ပြောဆိုထားသည်။
အစိုးရ ကိုယ်တိုင်က အသိအမှတ် မပြုသည်ကို အတင်း တောင်းဆိုသွားမည် ဆိုလျှင် ရည်ရွယ်ချက်ရှိရှိဖြင့် ပဋိပက္ခဖြစ်စေရန် ပြုလုပ်သကဲ့သို့ ဖြစ်ကြောင်း မကွေး ပရိယက္တိ စာသင်တိုက်မှ ဦးပါမောက္ခက မိန့်သည်။
“တောင်းဆိုတယ်ဆိုတာလည်း ဖြစ်သင့်ဖြစ်ထိုက်တာကိုပဲ တောင်းဆိုသင့်တယ်၊ မဖြစ်သင့်တာကို အတင်းတောင်းနေမယ် ဆိုရင် ပိုဆိုးရုံပဲရှိမှာ၊ ထိုင်း တောင်ပိုင်းမှာ ဖြစ်ပျက်ခဲ့တာကိုပဲ နမူနာကြည့်သင့်တယ်၊ အစိုးရအနေနဲ့ ဒါကို တိတိကျကျ ကိုင်တွယ်ဖို့လို တယ်” ဟု ၎င်းက ဆိုသည်။
သို့သော် ဘာသာပေါင်းစုံ ဖွဲ့စည်းထားသော ပဋိပက္ခဖန်တီးမှု ကြိုတင်ကာကွယ် တားဆီးရေး ကော်မတီ အိုလမာ အဖွဲ့ချုပ်မှ ဦးလာနာဟာကင်းမ် က မိမိတို့ အစ္စလမ်ဘာသာ အဖွဲ့အစည်းသည် ဗုဒ္ဓဘာသာဝင်များနှင့် အငြင်းပွားစရာများ မပြုလုပ်သောကြောင့် ထိုတောင်းဆိုမှုကို ပြုလုပ်သင့်သည်ဟု ထင်မြင်ယူဆကြောင်း ဧရာဝတီသို့ ပြောသည်။
သန်းခေါင်စာရင်း ကောက်ယူရာတွင် အစိုးရက လူမျိုး ၁၃၅ မျိုး ဟု သတ်မှတ်ချက်မှာ ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်က သန်းခေါင် စာရင်း ကောက်ခံအပြီး သတ်မှတ်ချက် အပေါ်၌သာ အခြေခံ သတ်မှတ် ထားသေးကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ဧရာဝတီသို့ ပြောသည်။
ယခု ကောက်ယူမည့် သန်းခေါင်းစာရင်းသည် နိုင်ငံတကာတွင် ကောက်ခံသည့် စံနှုန်းများအတိုင်းသာ ကောက်ခံမည်ဖြစ်ပြီး ဖြေကြားကြမည့် ပြည်သူများက မိမိနှစ်သက်ရာ လူမျိုးကို ပြောဆိုခွင့် ရှိကြောင်း၊ မည်သည့်လူမျိုးဆိုလျှင် လက်ခံမည်၊ လက်မခံမည်ကို မသတ်မှတ်ထားကြောင်း ၎င်းက ဆက်ပြောသည်။
ဦးမြင့်ကြိုင်က“ဖြေကြားတဲ့သူ ပြောတဲ့ လူမျိုးကိုပဲ မှတ်သားသွားမှာပါ၊ ဘယ်လူမျိုး မရေးရ ဆိုတာ မရှိပါဘူး၊ ဒါပေမယ့် ရေးလိုက် တဲ့ လူမျိုးတိုင်းကိုတော့ တိုင်းရင်းသား ဖြစ်မယ်လို့ မဆိုလိုပါဘူး၊ ကျနော်တို့က ရရှိလာတဲ့ လူမျိုးစာရင်းတွေကို ပြုစုမယ်၊ ပြီးရင် အစိုးရကို တင်ပြမယ်။ အစိုးရကလည်း လွှတ်တော်ကို ထပ်တင်မယ်၊ အဲဒီအချိန်ကြမှ ဘယ်လူမျိုးက တိုင်းရင်းသား ဖြစ်တယ်၊ ဘယ် လူမျိုးက တိုင်းရင်းသား မဖြစ်ဘူး၊ လူမျိုး ဘယ်နှစ်မျိုးရှိတယ်၊ ဘယ်လူမျိုးကတော့ ဘယ်တိုင်းရင်းသားထဲမှာ ပါသွား တယ် ဆိုတာ ဆုံးဖြတ်ပြီး ပေါ်လာပါလိမ့်မယ်”ဟု ဆိုသည်။
သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်၍ ယနေ့အချိန်အထိ အစိုးရနှင့် တိုင်းရင်းသားများအကြား ဆွေးနွေးညှိနှိုင်းမှုများ မပြေ လည်သေးသော်လည်း အစိုးရဘက်မှ ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူမှုများကို ၂၀၁၄ ခုနှစ် မတ် ၃၀ မှ ဧပြီ ၁၀ ရက် အထိ ၁၂ ရက်ကြာ မဖြစ်မနေ ကောက်ယူသွားရန် တရားဝင် ကြေညာထားသည်။
မြန်မာနိုင်ငံအတွင်း သန်းခေါင်စာရင်း ကောက်ခံရန် မြို့နယ်ပေါင်း ၃၃၀ ၊ ရပ်ကွက်ပေါင်း ၃၀၄၄ ရပ်ကွက်၊ ကျေးရွာ အုပ်စုပေါင်း ၁၃၆၂၈ အုပ်စု၊ ကျေးရွာပေါင်း ၆၄၃၄၆ ရွာ ရှိပြီး၊ အိမ်ထောင်စုပေါင်း ၁၁ သန်း ရှိကြောင်း လဝက စာရင်းများ၌ ဖော်ပြထားသည်။
စာရင်းကောက်ခံရေး အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် ပညာရေး ဝန်ကြီးဌာနအား အကူအညီ တောင်းခံထားကြောင်း၊ တနိုင်ငံလုံးရှိ ပညာရေး ဝန်ထမ်း ၁ သိန်းကျော်က တအိမ်တက်ဆင်း ပုံစံနှင့် ကောက်ခံသွားမည် ဖြစ်ကြောင်း၊ သန်းခေါင် စာရင်း ကောက်ခံရေး အတွက် အမေရိကန်ဒေါ်လာ ၅၅ သန်း ဝန်းကျင် ကုန်ကျနိုင်မည်ဟု အစိုးရက ခန့်မှန်းထားပြီး ကုလသမဂ္ဂမှ ဒေါ်လာ ၅ သန်း ထည့်ဝင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။