သတင်း

ဧရာဝတီတိုင်း ထောင်ချခံ လယ်သမား ၂၀၀ ကျော် ပြန်လွတ်ရေး ဆန္ဒပြ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့သဖြင့် အလုပ်နှင့် ထောင်ဒဏ်များ ချမှတ်ခံထားရသည့် ဧရာဝတီတိုင်းမှ လယ်သမား ၂၂၁ ဦးအား ပြန်လွှတ်ပေးရန် လယ်သမားအရေး လှုပ်ရှားသူများနှင့် လယ်သမားများက ယမန်နေ့ ညနေပိုင်းတွင် ပုသိမ်မြို့တော်ခန်းမ ရှေ့၌ ဆန္ဒဖော် ထုတ်ကြသည်။

ဆန္ဒပြသူများက ထောင်ဒဏ်ချမှတ်ထားသည့် လယ်သမားများအား ပြန်လွှတ်ပေးရန်၊ ပုဒ်မ ၄၄၇ (ပိုင်နက်ကျူးလွန်မှု) ၊ ၄၂၇ (အကျိုးစီးပွား ဖျက်ဆီးမှု) တို့ဖြင့် တရားစွဲဆို ထားသည့်အမှုများ ပိတ်သိမ်းပေးရန်၊ မတရားသိမ်းဆည်း ခံထားရသည့် လယ်ယာမြေ များ ပြန်လည်ရရှိရေး နိုင်ငံတော်အစိုးရမှ တာဝန်ယူဖြေရှင်းပေးရန် စသည့်အချက်များ အပါအဝင် အချက် ၇ ချက် တောင်းဆိုကြ သည်။

မိသားစုဝင်တဦး ထောင်ကျခံနေရသည့် လပွတ္တာမြို့နယ် ကျောက်တန်းကြီး ကျေးရွာမှ ကိုမြင့်စန်းက“ကျနော့်ညီက လယ်ယာမြေပြ ဿနာကို ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖြေရှင်းပေးဖို့ တင်ပြတယ်။ ဘာမှ လုပ်မပေးဘူး။ အဲဒီတော့ လယ်ဝင်ထွန်တယ်။ အဲဒါကို တရား သူကြီးက သဘောရိုးနဲ့ ထွန်တာ မဟုတ်ဘူးဆိုပြီး ကျနော့်ညီ အပါအဝင် လူ ၄ ဦးကို အလုပ်နဲ့ထောင်ဒဏ် ၂ လစီ ချပစ် တယ်။ ဦးဆောင်သူ ၂ ဦးကိုကျတော့ ၃ လစီ ချတယ်။ အဲဒါကို မကျေနပ်လို့ ပါဝင်ဆန္ဒပြတာပါ”ဟု ပြောသည်။

၂၀၁၃ ခု မေလမှစတင်၍ ဧရာဝတီ တိုင်းဒေသကြီး အစိုးရ ရုံးစိုက်ရာ ပုသိမ်မြို့နယ် အပါအဝင် မြို့နယ် ၁၃ ခု၌ ထွန်တုံးတိုက်ပွဲများ နေရာအနှံ့အပြား ဖြစ်ပွားခဲ့ပြီး လယ်သမားပေါင်း ၅၀၀ ကျော်သည် ပုဒ်မ ၄၄၇၊ ၄၂၇ တို့ဖြင့် တရားစွဲဆို ခံခဲ့ရကြောင်း၊ လယ်သမား ၂၂၁ ဦးသည် အလုပ်နှင့် ထောင်ဒဏ် ၂ လမှ ၆ လအထိ ချမှတ် ခံခဲ့ရကြောင်း လယ်သမားအရေး လှုပ်ရှားသူများက ပြောသည်။

ထောင်ကျသည့် လယ်သမားများမှာ မော်လမြိုင်ကျွန်းမြို့နယ် တခုတည်း၌ပင် လယ်သမား ၁၉၅ ဦး ရှိနေပြီး ကျောင်းကုန်းမြို့နယ် မှ ၁၈ ဦး၊ လပွတ္တာမြို့နယ်မှ ၆ ဦး၊ ငပုတောမြို့နယ်မှ ၂ ဦးတို့ ဖြစ်ကြောင်း လယ်သမားအရေး လှုပ်ရှားသည့် လူမှုကွန်ရက် အဖွဲ့အစည်းများက ဆိုသည်။

လပွတ္တာနှင့် မော်လမြိုင်ကျွန်းမြို့နယ်မှ လယ်သမားများမှာ မြောင်းမြအကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံနေရပြီး ကျောင်းကုန်းမြို့နယ်မှ လယ်သမားများမှာ ပုသိမ်အကျဉ်းထောင်တွင် ထောင်ဒဏ် ကျခံနေရသည်။

လယ်သမားအရေး လှုပ်ရှားသူ ကိုထွန်းထွန်းဦးက“တောင်သူ လယ်သမားတွေဟာ တရားရုံးတွေမှာ ရုံးစရိတ်တွေ၊ သွားလာ စရိတ် တွေ၊ ရှေ့နေစရိတ်တွေနဲ့ အကုန်အကျတွေများပြီးတော့ ဒုက္ခရောက်နေတဲ့အတွက် ဒီအမှုတွေကို ပိတ်သိမ်းပေးဖို့ တရားဝင် တောင်း ဆိုတာဖြစ်ပါတယ်၊ နောက်တခုက ထောင်ကျနေတဲ့ တောင်သူ လယ်သမားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ယင်းဆန္ဒပြပွဲကို လယ်သမားအရေး လှုပ်ရှားသူ ကိုထွန်းထွန်းဦးနှင့် ဦးဝင်းနိုင်တို့က ဦးဆောင် ပြုလုပ်ခဲ့ပြီး ပုသိမ်၊ မော်လမြိုင်ကျွန်း၊ လပွတ္တာ၊ ငပုတော၊ ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ ချောင်းသာနှင့် ငွေဆောင်မြို့နယ်များမှ လယ်သမား ၁၂၀ ကျော် ပါဝင် ဆန္ဒပြ ခဲ့ကြသည်။

လယ်သမားဆန္ဒပြပွဲကို အာဏာပိုင်များက တရားဝင်ခွင့်ပြုချက် ပေးခဲ့သည့်အတွက် ယခုဆန္ဒပြပွဲမှာ လယ်သမား အရေးနှင့် ပတ် သက်၍ ပုသိမ်မြို့၌ ပထမဆုံးအကြိမ် တရားဝင် ခွင့်ပြုချက် ရရှိခဲ့သည့် ဆန္ဒပြပွဲလည်း ဖြစ်သည်။

ဆန္ဒပြသူများသည် ပုသိမ်မြို့တော်ခန်းမရှေ့၌ နေ့လယ် ၂ နာရီမှ စတင်စုရုံးခဲ့ကြပြီး ၃ နာရီခွဲ အချိန်တွင် “ကျေးရွာ လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့များတွင် လယ်သိမ်းထားသူများအား လယ်/စီအဖွဲ့မှ ဖြုတ်ချရေး”၊ “ဥပဒေမဲ့ အရင်းရှင်ဘက်မှ ဘက်လိုက် ဆောင်ရွက်သူ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူပေးရေး”၊ “ခရိုနီလယ်သမား ဖယ်ရှားရေး”၊ “အရင်းရှင် လယ်သမားများဘက်မှ ကာကွယ်ပေးနေသော လယ်/စီအဖွဲ့အား ရုပ်သိမ်းပေးရေး” စသည့် ကြွေးကြော်သံများဖြင့် ဧရာဝတီ တိုင်းဒေသကြီး အစိုးရရုံးနှင့် လွှတ်တော်အနီး လှည့်လည် ဆန္ဒပြခဲ့ကြသည်။

ထိုသို့ တောင်းဆိုဆန္ဒပြမှုများနှင့် ပတ်သက်၍ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိုက်ပျိုးရေးနှင့်မွေးမြူရေး ဝန်ကြီး ဦးစန်းမောင် က “လယ်ယာမြေ မှုခင်းတွေကို ရပ်/ကျေးက မှားယွင်းဆုံးဖြတ်တယ် ဆိုရင်တောင် မြို့နယ်၊ ခရိုင်၊ တိုင်း အဆင့်အထိ အဆင့်ဆင့် အယူခံတင်လို့ရတယ်။ အယူခံတက်ကြပါ။ တက်လာတဲ့ အဆင့်တခုခုမှာ အဖြေမှန် ပေါ်လာနိုင်ပါတယ်။ အမှုပိတ် သိမ်းပေးဖို့ကိစ္စကို အစိုးရအနေနဲ့ ဖိအားပေးလို့ မရဘူး။ တရားလိုတွေက ပိတ်ပေးမှ ရမယ်”ဟု ဧရာဝတီသို့ ပြောကြားသည်။

လယ်ယာမြေ မှုခင်းများနှင့် လယ်သမား ကိစ္စများတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကိုယ်တိုင် လယ်သိမ်းထားခြင်း၊ လယ်ယာမြေ ဥပဒေကို အသုံးမပြုဘဲ ငွေရှိသူများဘက်မှ ဥပဒေမဲ့ တဖက်သတ် ဘက်လိုက် ဆောင်ရွက်ခြင်းများကြောင့် လယ်သမားများ ဒုက္ခရောက်ရခြင်း ဖြစ်ကြောင်း လယ်သမားအရေး လှုပ်ရှားသူ ဦးဝင်းနိုင်က ပြောသည်။

သူက“ကျေးရွာအုပ်ချုပ်ရေးမှူးက လယ်ယာမြေ ဥပဒေအတိုင်း မလုပ်ဘဲ ငွေရှင်တွေ ဘက်ကနေ ဓားထမ်းပြီး အကာအကွယ် ပေး နေ တာတွေ အများကြီးရှိတယ်။ သူတို့ကိုယ်တိုင်လည်း လယ်သိမ်းထားတဲ့ ကိစ္စတွေ ရှိနေတော့ လယ်သမား ကိစ္စတွေမှာ တရားမမျှတတဲ့ ကိစ္စတွေ ဖြစ်နေတာပါပဲ။ ဒါကြောင့် လယ်သမား ကိစ္စတွေမှာ ဥပဒေမဲ့ ဘက်လိုက် ဆောင်ရွက်နေတဲ့ အုပ်ချုပ်ရေးမှူးတွေကို အရေးယူပေးဖို့ တောင်းဆိုပါတယ်”ဟု ပြောသည်။

သို့သော် ဝန်ကြီး ဦးစန်းမောင်က ယနေ့ နံနက်အထိ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား အရေးယူပေးရန် တိုင်ကြားစာ မရရှိထားသေး ကြောင်း ပြောဆိုသည်။

ဆန္ဒပြပွဲကို နေ့လယ်၂ နာရီတွင် ပုသိမ်မြို့တော်ခန်းမရှေ့မှ စတင် ကျင်းပခဲ့ပြီး ညနေ ၄ နာရီတွင် ပြီးဆုံးခဲ့သည်။

ဦးသိန်းစိန် အစိုးရသစ် တက်လာပြီး နောက်ပိုင်းတွင် လယ်ယာမြေ ပြဿနာများ၊ မြေသိမ်းဆည်းခြင်း ပြဿနာများ၊ လယ်သမားတို့၏ ဆန္ဒပြပွဲများ အများဆုံးဖြစ်ပွားခဲ့ပြီး ယနေ့တိုင် ပြေလည်ရန် ဖြေရှင်းနိုင်စွမ်း မရှိသေးပေ။

Did you find apk for android? You can find new Free Android Games and apps.
Loading