ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် ရေနံပိုက်လိုင်းတွင် အလုပ်လုပ်ကိုင် နေကြသော တရုတ် နိုင်ငံသားများနှင့် မြန်မာများ အကြား ပဋိက္ခ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး မြန်မာ ၂၀ ကျော်ကို ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။
ရခိုင်ပြည်နယ် အမ်းမြို့နယ် အမ်းတောင်အုပ်စု ရေနံပိုက်လိုင်း ကြားခံစခန်းတွင် တာဝန် ထမ်းဆောင်နေကြသည့် တရုတ်နှင့်မြန်မာ ဝန်ထမ်းများသည် ဇန်နဝါရီ ၂၆ ရက်က အချင်းများရာမှတဆင့် အဆောက်အအုံ တချို့ကို ဖျက်ဆီးမှု၊ မီးရှို့မှုများ ဖြစ်ပွားခဲ့ကြောင်း အမ်းမြို့နယ် ရဲ စခန်းက ပြောပြသည်။
“လူ ၂၀ ကျော်ကို ခဏ ထိန်းသိမ်း စစ်ဆေး နေပါတယ်၊ အသေးစိတ်တော့ ပြောလို့ မရသေးပါဘူး”ဟု အမ်း ရဲစခန်း တာဝန်ရှိသူ တဦးက ပြောသည်။
မြန်မာနှင့် တရုတ် ဝန်ထမ်းများသည် အိမ်တအိမ်တည်း၌ အတူ နေထိုင်ကြကြောင်း၊ အပေါ်ထပ်တွင် နေထိုင်သည့် တရုတ် ဝန် ထမ်း တချို့က အပေါ်ထပ်မှ ရေသွန်ချရာ အောက်ထပ်တွင် နေထိုင်သည့် မြန်မာ အလုပ်သမား နှစ်ဦး ရေစိုသွားခြင်းကို မကျေနပ်သည့် အတွက် မြန်မာ အလုပ်သမားများက နေအိမ်အား ခဲများဖြင့် ပစ်ပေါက်ခြင်း၊ ဆီဂိုဒေါင်တခု မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း ယမန်နေ့က အစိုးရ သတင်းစာများ၌လည်း ရေးသားထားသည်။
အိမ်အပေါ်ထပ်တွင် နေထိုင်သည့် တရုတ် ဝန်ထမ်းများသည် အောက်ထပ်သို့ မကြာခဏ ရေသွန်ချခြင်း၊ အမှိုက်များ ပစ်ချခြင်း၊ အော့အန်ထားသည့် အညစ်အကြေးများကို ပစ်ချခြင်း စသည်တို့ကို မကြာခဏ လုပ်ဆောင်လေ့ရှိသည်ဟု သိရှိရကြောင်း အမ်း ဒေသ ခံ ဒေါ်သွယ်သွယ်စိုးက ဧရာဝတီကို ပြောပြသည်။
“အိမ်အောက်ထပ်မှာ နေထိုင်တဲ့ သူတွေဟာ မကွေးတိုင်းထဲက တောင်ပေါ်နေ ချင်းတိုင်းရင်းသား လူမျိုးတွေပါ၊ ဒီလူတွေဟာ အင် မတန် ရိုးသားတဲ့ သူတွေပါ၊ အပေါ်ထပ်က ရေသွန်ချတာ၊ အန်ချတာတွေ မကြာခဏ လုပ်ပေမယ့် အလုပ်အကိုင် ရှားပါးတာ၊ ဆင်း ရဲ တာတွေကြောင့့် ပြန်မပြောရဲဘဲ သည်းခံနေကြတဲ့ သဘောပါ၊ အခုမှ သည်းမခံနိုင်တော့တဲ့ အတွက် အခုလို ပေါက်ကွဲပြီး မီးရှို့တဲ့ အထိ ဖြစ်သွားရတယ်”ဟု ၎င်းက ဆိုသည်။
နှစ်ဘက် အကြား စကားများကြ ပြီးနောက် ဇန်နဝါရီလ ၂၇ ရက်တွင် လောင်စာဆီ သိုလှောင်ထားသည့် ဆီဂိုဒေါင် တလုံးနှင့် ယာ ယီ ငါးခန်းတွဲ နှစ်ထပ် အဆောက်အအုံ တလုံးကိုပါ မီးရှို့လိုက်ကြောင်း၊ မီးရှို့သူများသည် ထွက်ပြေး လွတ်မြောက်နေသည့်အတွက် သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ အာဏာပိုင်များက ဆောင်ရွက်နေကြောင်း အစိုးရ သတင်းစာများက ဖော်ပြသည်။
ပဋိပက္ခများနှင့် ပတ်သက်၍ အမ်းမြို့နယ် ရဲစခန်း၌ ဖမ်းဆီး စစ်ဆေးနေကြောင်း၊ နှစ်ဘက် အကြား ဖြစ်ပွားသည့် ပြဿနာတွင် မြန်မာ ဝန်ထမ်းများကိုသာ တဖက်သတ် ဖမ်းဆီး စစ်ဆေးနေခြင်းသည် မျှတမှု မရှိကြောင်း ဒေါ်သွယ်သွယ်စိုးက ပြောဆိုသည်။
“ပြဿနာ ဖြစ်အောင် အရင်စတဲ့ တရုတ် လူမျိုးတွေကို တယောက်မှ မဖမ်းဘဲ ကိုယ့်နိုင်ငံသားတွေကိုပဲ ဖမ်းတာဟာ တရားမမျှတဲ့ လုပ်ရပ်လို့ ပြောချင်ပါတယ်”ဟု ၎င်းက ဆိုသည်။
အမ်းမြို့နယ် ရဲစခန်း တာဝန်ရှိသူ တဦးက ပြောဆိုရာတွင် ခေါ်ယူ စစ်ဆေး နေသူများ၌ တရုတ် လူမျိုး တဦးလည်း ပါဝင်ကြောင်း ဧရာဝတီကို ပြောသည်။
ယခု ဖြစ်ပွားသည့် နေရာသည် အမ်းမြို့မှ ၂၂ မိုင်ခန့် ဝေးကွာပြီး ရခိုင်ပြည်နယ်နှင့် မကွေးတိုင်း နယ်စပ်ဒေသ ဖြစ်ပြီး ရန်ကုန်-စစ်တွေ လမ်းပေါ်တွင် ရှိသည့် ဆီသန့်ထုတ် ကြားခံစခန်းတခု ဖြစ်သည်။
ထိုစခန်း၌ တရုတ် ဝန်ထမ်း ၈၀ ခန့်နှင့် မြန်မာနိုင်ငံသား အလုပ်သမား ၁၅၀ ဝန်းကျင် လုပ်ကိုင်လျက်ရှိပြီး မြန်မာဝန်ထမ်း အများစု မှာ တောင်ပေါ် ချင်း တိုင်းရင်းသားများ ဖြစ်ကြောင်း သိရသည်။
ကျောက်ဖြူ ဒေသ၌ လုပ်ဆောင်နေသည့် ရေနံပိုက်လိုင်း၊ ဂက်စ်ပိုက်လိုင်းများတွင် တာဝန် ထမ်းဆောင်နေကြသည့် တရုတ် လူမျိုးများသည် မြန်မာနိုင်ငံသား အလုပ်သမားများနှင့် ဆက်ဆံရာတွင် ယဉ်ကျေးမှု နည်းပါးပြီး ရိုင်းပြသည့် အပြုအမူ ပြောဆိုမှုများကြောင့် လုပ်ငန်းခွင် အတွင်း ပဋိပက္ခ မကြာခဏ ဖြစ်ပွားလေ့ ရှိကြောင်း ဒေသခံများက ပြောသည်။
ရေနံပိုက်လိုင်းသည် ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းမှ တရုတ်နိုင်ငံ ယူနန် ပြည်နယ်သို့ သွယ်တန်းထားပြီး မကွေးတိုင်း၊ မန္တလေး တိုင်း နှင့် ရှမ်းပြည်နယ် တို့ကို ဖြတ်သန်း ဖောက်လုပ် ထားခြင်း ဖြစ်သည်။