“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) မြန်မာအစိုးရအကြား တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသောကြောင့် အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ဆွေးနွေးပွဲများတွင် “ဝ” တပ်ဖွဲ့ မတက် ရောက်ခြင်းဖြစ်ပြီး ဆွေးနွေးပွဲ မတက်ရောက်သည့် “ဝ” တပ်ဖွဲ့ကို အထင်မလွဲကြရန် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောဆိုလိုက်သည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Green Lake Resort တွင် ဇန်နဝါရီလ ၂၉ ရက်နေ့ ကျင်းပသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ပေါင်းစု ဖွဲ့စည်း ထားသော တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအဖွဲ့ (NCCT) နှင့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ (UPWC) တို့ တွေ့ဆုံဆွေးနွေးပွဲအပြီး ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံစဉ် ဦးအောင်မင်း က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
UWSA အနေဖြင့် အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ဆွေးနွေးပြောဆိုမှုများတွင် ပါဝင်ရန် အစိုးရ က ဖိတ်ခေါ်ခဲ့သော်လည်း မြန်မာအစိုးရ တပ်နှင့် UWSA အကြား တိုက်ပွဲများမဖြစ်ပွား၍ အဆိုပါ ဆွေးနွေးပွဲများ တက်ရောက်မည်မဟုတ်ဘဲ နိုင်ငံရေး ဆွေးနွေးပွဲတွင်သာ ပါဝင်မည်ဟု အကြောင်းပြန် ကြားထားကြောင်း ဦးအောင်မင်းက ဧရာဝတီသို့ ပြောသည်။
“အရင်တုန်းက တိုက်ပွဲတွေက ဗကပ လက် ထက်ကသာ တိုက်ပွဲတွေဖြစ်ခဲ့တာတဲ့။ တကယ်တမ်း ပြောရမယ်ဆိုရင် အပစ်အခတ် ရပ်စဲရေးလည်း ဘာမှ လုပ်စရာမလိုဘူးတဲ့။ ဖြစ်မှ မဖြစ်တာတဲ့။ အဲဒါကြောင့်မို့ ဒီအပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲ တွေ ဘာတွေကို သူတို့ လာကိုမတက်တာ။ ဒါပေမယ့် သူက နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကျရင်တော့ လာ တက်မှာပေါ့။ တက်တဲ့အခါကျရင်လည်း သူက သူ့ ပြည်နယ်နဲ့ ပတ်သက်တာ၊ “ဝ” လူမျိုးတွေနဲ့ ပတ် သက်တာ၊ သူ အဲဒီအခွင့်အရေးတွေလည်း တောင်း မှာပေါ့။ သူတောင်းတဲ့ ဟာကိုလည်း ဒီဘက်က ကြည့်ပြီး ပေးလို့ရတဲ့ဟာကို ပေးမှာပေါ့။ ဒါကြောင့် “ဝ” အပေါ်မှာ တမျိုးမထင်ပါနဲ့၊ “ဝ” က မတက်တာ မဟုတ်ဘူး၊ အားမပေးတာ မဟုတ်ဘူး။ သူ့ အလုပ် မဟုတ်ဘူးလို့ ယူဆလို့ သူက လာကို မလာတာ” ဟု ဦးအောင်မင်းက ရှင်းပြသည်။
မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသည့် ငြိမ်း ချမ်းရေး ဖြစ်စဉ်သည် ဆက်လက်ဖော်ဆောင်နေဆဲ ဖြစ်သည့်အတွက် အောင်မြင်နေသည်ဟု ဆိုနိုင်ကြောင်း ဦးအောင်မင်းက ဆိုသည်။
“ခြုံပြီးပြောရမယ်ဆိုရင် ဒီ Process ဟာ Still Going Process ဖြစ်တာပေါ့။ ရပ်သွားတယ်ဆိုရင်တော့ မအောင်မြင်ဘူး ပြောလို့ရတာပေါ့။ ဒါကြီးက သွားနေတယ်။ အားလုံးကလည်း ပြုံးပြုံးရွှင်ရွှင်နဲ့ ကျေကျေလည်လည်နဲ့ အခက်အခဲမရှိဘဲ ဆွေးနွေး နိုင်တယ်ဆိုကတည်းက ဒါ အောင်မြင်တဲ့ Process လို့ ပြောလို့ရတာပေါ့” ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံ ချင်းမိုင်တွင်ပြုလုပ်သည့် ဆွေးနွေးပွဲ သို့ UPWC မှ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် မြန်မာငြိမ်းချမ်းရေး စင်တာ (MPC) မှ တာဝန်ရှိသူ များ၊ NCCT မှ တိုင်းရင်းသားခေါင်းဆောင်များ တက်ရောက်ကြပြီး မကြာသေးခင်က ကရင်ပြည်နယ် လောခီးလာ (လေးဝါး) တွင် ကျင်းပခဲ့သည့် တိုင်း ရင်းသားညီလာခံမှရရှိခဲ့သည့် အပစ်ရပ်ရေးမူကြမ်း အပေါ် မူတည်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
“လေးဝါး အစည်းအဝေးမှာ သဘောတူခဲ့တဲ့ ဟာတွေကို လာပြီးတော့ လက်ခံနေတာလေ။ ယူရုံနဲ့ ဒီတိုင်းပဲ မယူဘူး၊ သူတို့ ရှင်းပြတာကို နားထောင် တယ်။ နားထောင်ပြီးတော့ ဒါကို ယူပြီးပြန်မယ်။ ဆုံးဖြတ်ချက်တွေဘာတွေ ဘာမှ မပေးဘူးလေ။ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ လိုလားချက်တွေ၊ တင်ပြချက်တွေ လာယူတာပဲဖြစ်တယ်” ဟု ဝန်ကြီး ဦးအောင်မင်းက ဆက်ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လော ခီးလာ (လေးဝါး) ဆွေးနွေးပွဲ ရလဒ်များသည် တိုး တက်သည့် ခြေလှမ်းများဖြစ်သည်ဟု ဦးအောင်မင်း က ဆိုသည်။
“Political Dialogue (နိုင်ငံရေး ဆွေးနွေးမှု) ပြီးမှ အပစ်အခတ်ရပ်စဲမယ်လို့ ပြောခဲ့တာ။ ဒါပေ မယ့် လေးဝါး အစည်းအဝေးမှာတော့ ဆုံးဖြတ်ချက် တခု ကျသွားတယ်။ အပစ်အခတ်ရပ်စဲရေး ပြီးမှပဲ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု လုပ်မယ်ဆိုတာ။ ဒါ တိုးတက်တက်ခြေလှမ်းတွေပါပဲ”ဟု သူကဆိုသည်။
လောခီးလာ တိုင်းရင်းသား တော်လှန်ရေး အင်အားစုများက သဘောတူညီချက် ယူထားခဲ့သည့် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူကြမ်းတွင် အခန်း ၁၁ ခန်းရှိပြီး စာမျက်နှာ ၂၈ မျက်နှာ ရှိကြောင်း ဦးလှမောင်ရွှေက ပြောသည်။
ချင်းမိုင်ဆွေးနွေးပွဲတွင် အဓိကအားဖြင့် လော ခီးလာ သဘောတူညီမှုပါ စကားလုံးများ၊ မူဘောင် များနှင့် ပတ်သက်၍ အစိုးရ ကိုယ်စားလှယ်နှင့် ကြိုတင်ဆွေးနွေးခြင်း ဖြစ်ကြောင်း NCCT အဖွဲ့ ခေါင်းဆောင်နိုင်ဟံသာ ဧရာဝတီကို ပြောသည်။
“တချို့ စာလုံးတွေကတော့ သူတို့အနေနဲ့ မထည့်စေချင်ဘူး၊ ပြင်စေချင်တယ်၊ အဲဒါကို ကျနော် တို့က လက်မခံနိုင်ဘူးဆိုရင် သူတို့က ယူသွားပြီး တော့ အထက်အရာရှိတွေနဲ့ ညှိနှိုင်းမယ်။ အခု ဒီမှာက တော်လှန်ရေးဆိုတဲ့ဝေါဟာရကို သူတို့ဘက် က ပြင်ချင်တယ်ဆိုတဲ့ဟာ ပြောတယ်” ဟုနိုင်ဟံသာ က ဆိုသည်။
ဖက်ဒရယ် စကားရပ်နှင့်ပတ်သက်၍ ချင်းမိုင် ဆွေးနွေးပွဲတွင် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ၎င်းကိစ္စကို နိုင်ငံရေးဆွေးနွေးပွဲတွင် မပါမဖြစ် ထည့်သွင်းရန် တိုင်းရင်းသားများက လုပ်ဆောင်လျက် ရှိသည်ဟု သိရှိရသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အစိုးရနှင့် တိုင်းရင်းသားများအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ တခုကို လာမည့်မတ်လအတွင်း ကျင်းပရန်ရည်ရွယ် ထားပြီး ဆွေးနွေးပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို လည်း ဖိတ်ကြားမည်ဖြစ်ကြောင်း အစိုးရငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက ပြောသည်။