မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် တပ်မတော် ကာကွယ်ရေး ပစ္စည်းထုတ်လုပ်မှုအရာရှိ ချုပ်ရုံး (ကပစ ၂၅) က လက်နက်စက်ရုံတည်ဆောက် ရန် မြေဧကထောင်ချီ သိမ်းယူခဲ့ပြီး လက်နက်စက်ရုံ တည်ဆောက်ရန် မြေယာရှင်းလင်းမှုပြုလုပ်ရာတွင် ဒေသခံများနှင့် စစ်တပ်အကြား တင်းမာမှုများ ဖြစ် ပွားလျက်ရှိကြောင်း သတင်းရရှိသည်။
မကွေးတိုင်းဒေသကြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ၎င်း၏မဲဆန္ဒနယ်မြေဖြစ် သော ဆောမြို့နယ်၊ ပေါက်ပံဆိုင်းကျေးရွာ၊ ငလယ်ဂုံ ကျေးရွာ၊ နက်ပြာကျေးရွာမှ လယ်ယာမြေ ထောင် ပေါင်းများစွာကို ကပစ ၂၅က စစ်အစိုးရ လက်ထက် တွင် သိမ်းယူခဲ့ကြောင်း၊ သိမ်းဆည်းထားသောမြေယာ များပေါ်တွင် လက်နက်စက်ရုံ တည်ဆောက်ရန်အတွက် မြေယာရှင်းလင်းမှုများ စတင်လုပ်ဆောင်လာ ချိန်တွင် တပ်မတော်နှင့် ဒေသခံ ရွာသားများအကြား တင်းမာမှုများ အကြီးအကျယ် ပေါ်ပေါက်လျက်ရှိ ကြောင်း ဧရာဝတီသတင်းဌာနသို့ ပြောသည်။
“မြေသိမ်းထားတာက အရင်အစိုးရလက်ထက် မှာကတည်းက သိမ်းထားတာ။ ဟိုတုန်းက လူတွေက မပြောရဲ၊ မဆိုရဲနဲ့ဖြစ်ကြတော့ မသိခဲ့ဘူး။ အခုက ပွင့်လင်းလာပြီဖြစ်တာမို့ လူတွေက သူတို့ မြေယာ တွေ ပြန်ရဖို့ တောင်းဆိုကြတာပေါ့။ ကပစ ၂၅ က လည်း သိမ်းထားတဲ့နေရာတွေမှာ စက်ရုံ ဆောက်ဖို့ မြေယာတွေ ရှင်းလင်းတာတွေ လုပ်တော့ ဒေသခံ တွေက အဝင်မခံဘဲ မြေတူးစက်တွေရှေ့မှာ ပိတ်ရပ် နေကြတာတို့ ဘာတို့ ဖြစ်နေတယ်။ အခြေအနေက တော်တော်လေးကို တင်းမာနေတယ်။ အဲဒီနေရာက ကျနော့် မဲဆန္ဒနယ်မြေဖြစ်တော့ ကျနော်ကိုယ်တိုင် ဆင်းမယ်။ ကျနော့်ကိုလည်း ကပစက ဗိုလ်ချုပ်တွေ က လုပ်ပါဦးဆိုပြီး ခေါ်ယူညှိနှိုင်းတာတွေ ရှိနေပါတယ်။ ကျနော်အနေနဲ့တော့ ပြည်သူတွေအကျိုး ဦးထိပ်ပန်ဆင်မယ်ဆိုရင် ပြည်သူ့မျက်နှာ ကြည့်သင့် တာပေါ့” ဟု ဦးလှဆွေက ဆိုသည်။
လက်နက်စက်ရုံအတွက် ပေါက်ပံဆိုင်း၊ ငလယ် ဂုံနှင့် နက်ပြာကျေးရွာမှ လယ်မြေများကို သိမ်းယူ သည့်အပြင် ရွာလုံးကျွတ်ရွှေ့ပြောင်းခိုင်းမှုများ ရှိနေ သည့်အတွက် ဒေသခံများက ရွာလုံးကျွတ် ပြောင်း ရွှေ့ရန် ငြင်းဆန်နေကြကြောင်း၊ တပ်မတော်အနေ ဖြင့် ပြောင်းရွှေ့ခံ ကျေးရွာသူ၊ ကျေးရွာသားများ အတွက် တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ပေးခြင်း၊ မြေလွတ်မြေရိုင်းများ ဖော်ထုတ်ပေးခြင်း လုပ်ဆောင် ရန် လိုအပ်ကြောင်း ဦးလှဆွေက ရှင်းပြသည်။
“ပြောင်း၊ ပြောင်းဆိုပြီး အတင်းအကျပ်ပြောင်း ရွှေ့ခိုင်းလို့ရမလားဗျ။ အိမ်လေး ဆောက်ပေး၊ လယ် ယာမြေ အသစ်တွေထပ်ပြီး ဖော်ထုတ်ပေးတာတွေ လုပ်ရမှာပေါ့။ အဲဒီလို လုပ်ဖို့ဆိုရင်လည်းသူတို့ပိုက်ဆံ ကုန်စရာမလိုဘူး။ အစိုးရဘတ်ဂျက်ထဲကနေလုပ်ပေး လို့ရတာပဲ။ ကျနော်တို့ လွှတ်တော်ကို တင်ပြလာရင် လည်း လွှတ်တော်ကလိုအပ်တဲ့ ဘတ်ဂျက်ကို ခွင့်ပြု ပေးမှာပဲ။ အခုက နှင်ထုတ်ပြီး ဘာမှလုပ်မပေးတော့ ဘယ်သူက ပြောင်းပေးမလဲ” ဟု ၎င်းက ဆက်လက် ပြောသည်။
ယခင်အစိုးရလက်ထက် တပ်မတော်က ဆော မြို့နယ်မှ လယ်မြေများ သိမ်းယူခဲ့ရာတွင် တဧက ငွေကျပ် ၅၀ဝ နှုန်း လျော်ကြေး သတ်မှတ်ပေးခဲ့ ကြောင်း သိရသည်။