မော်ဒယ်လ် လောကမှာ အနှစ် ၂၀ ကျော်ကြာ အခိုင်အမာ နေရာတခုရရှိနေတဲ့၊ မော်ဒယ်လ်မိခင်ကြီး တင်မိုးလွင်က သူလေးစား အားကျရတဲ့ စာနယ်ဇင်းသမား လူငယ်များကို လုပ်ငန်းခွင်တွင်း နေထိုင်သွားလာမှုမှာ ပိုမို စမတ်ကျလာစေဖို့ သင်တန်းပို့ချပေးမယ် ဆိုတဲ့သတင်း ထွက်ပေါ်လာပါတယ် ဒါကြောင့် သူ့စိတ်ကူး အစီအစဉ်နဲ့ ပတ်သက်ပြီး ဧရာဝတီက တင်မိုးလွင်နဲ့ တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ်။
မေး။ ။ မတင်မိုးလွင်အနေနဲ့ ဂျာနယ်လစ် မိန်းကလေးတွေကို ဝတ်စားဆင်ယင်မှုနဲ့ ပတ်သတ်ပြီး ဘယ်လိုကြောင့် သင်တန်းပေးဖို့ ရည်ရွယ်ဖြစ်သွားတာလဲ။
ဖြေ။ ။ မမိုးက ဟိုးအရင်ကတည်းက စာပေစာနယ်ဇင်းက ညီမတွေ မောင်တွေကို အရမ်းချစ်တာပေါ့နော်။ ဘာကြောင့်လဲ ဆိုတော့ သတင်းလောကက သတင်းထောက် တယောက်၊ ဂျာနယ်လစ်တယောက် အဲဒီလိုပုံစံမျိုး မမိုးက ဖြစ်ချင်ခဲ့တာ။ ကိုယ့်ရဲ့ အသက်မွေး ဝမ်းကြောင်းမှုမှာလည်း မီဒီယာက အများကြီး အရေးပါတယ်။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီလည်း ဖြစ်တယ်။ ကိုယ်လုပ်ကိုင် ဆောင်ရွက်နေတဲ့ ကောင်းသတင်း ကောင်းခြင်းတွေ အားလုံးကိုလည်း သူတို့က တကယ့်ကို စိတ်ပါလက်ပါနဲ့ ပြည်သူလူထုတွေ သိအောင်၊ စာဖတ်သူတွေ သိအောင် ရေးပေးကြတယ်။ သူတို့က အလုပ်တာဝန်တွေည ကလည်း ကြီးလေးတယ်။ သူတို့ရဲ့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အလုပ်ကလည်း ပရော်ဖက်ရှင်နယ်လို့ ခေါ်တဲ့ ပညာရှင် အလုပ်တွေပေါ့။ ဒါကြောင့်မို့လို့ သူတို့ကို လေးစားတယ်။ ဒါပေမယ့် အများရဲ့ အမြင်မှာဆိုရင် ဂျာနယ်လစ်ဆိုတဲ့ နာမည်မျိုး၊ သတင်းထောက်ဆိုတဲ့ နာမည်မျိုးတွေမှာ အများကြီး လေးစားခံရခြင်းမျိုး တိုးတိုးပြီးတော့ရှိမလာဘူး။ နှစ်တွေနှစ်တွေ ဘယ်လောက် ပြောင်းလဲတာတောင် သတင်းထောက်တွေကို လေးစားရမယ်၊ နေရာပေးရမယ်၊ လေးတော့ လေးစားတယ်ပေါ့။ တခါတလေကျရင် ပွဲလုပ်တဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ပွဲတက်လာတဲ့ သတင်းထောက်တွေကို သတင်းထောက်မှန်း မသိနိုင်ဘူး။
ဒါဟာဘာလဲလို့ မမိုးက အဖြေရှာကြည့်လိုက်တဲ့ အခါကျတော့ ဒီပညာရှင်တွေရဲ့ ပွဲတက်တဲ့ အနေအထားလေးတွေ သွားလာ နေထိုင်တဲ့ အနေအထားလေးတွေပေါ့။ တချို့တွေက ကျတော့ ဒီပညာရှင်အဆင့်ကို ရောက်ရှိပြီးတော့ လုပ်ငန်းထဲမှာ နှစ်ကာလ ကြာရှည်ပြီဖြစ်တဲ့အတွက် အထူးပြောစရာမလိုဘူး။ သူ့အထာနဲ့သူ စနစ်တကျဝတ်စား ဆင်ယင်ပြီးတော့ ပွဲကို စနစ်တကျ တက်ရောက်ကြတယ်။ အဲဒါ ပညာရှင်တွေ တက်ရောက်တာ။ အသစ်ကလေးတွေ အနေနဲ့ကျတော့ ထပ်မံ လေ့လာဖို့၊ သင်ယူဖို့၊ ပြင်ဆင်ဖို့ အားနည်းပါတယ်။ တကယ်ကို အင်နဲ့အားနဲ့ လူရိုသေရှင်ရိုသေ လေးစားခံရတဲ့ အနေအထား မျိုး တကယ့်ကို တင့်တောင်းတင့်တယ် ရှိစေချင်တယ်။ တချို့တွေကလည်း မမိုးကိုပြောတယ်။ ဘယ်လိုလေး ဝတ်စား ဆင်ယင်ရင် ကောင်းမလဲပေါ့။ အဲဒါလေးတွေ မမိုးက အကြံဉာဏ် ပေးတတ်တာ ဖြစ်ပါတယ်။ ဟိုးအရင်တုန်းကလည်း မမိုးက မဂ္ဂဇင်း တစောင်မှာ ဘယ်လိုပညာရှင်မျိုးက ဘယ်လိုဝတ်စားဆင်ယင်မှု ရှိသင့်တယ်ဆိုတာ ခေါင်းစဉ်လေးတွေခွဲပြီး ရေးပေး ဖူးပါတယ်။ နည်းနည်းလည်းကြာသွားပြီဆိုတော့ နည်းနည်းလေး မေ့သွားတာဖြစ်မယ်။ လူတိုင်းလည်း ဖတ်မိချင်မှ ဖတ်မိမှာပေါ့။ ဒါကြောင်မို့လ့ို အားလုံးအတွက် ရေးတာထက်ကို သတင်းထောက်တွေ အတွက်ပဲ သီးသန့်လိုတာမျိုး မမိုးက အကြံဉာဏ်ပေးချင်တယ်၊ သင်ပေးချင်တယ်၊ Share လုပ်ပေးချင်တယ်။ အဲဒါကြောင့် တွေ့ဆုံတဲ့အခါမှာ မမိုးက အဲဒီ ညီမလေးတွေ၊ မောင်လေးတွေနဲ့ တွေ့တဲ့အခါမှာ စကားစမြည် ပြောဖြစ်တယ်။ သူတို့က ဒါဟာ ခေတ်ပညာရပ်တွေထဲက တခုဖြစ်တယ်။ အားလုံးသော မီဒီယာတွေကလည်း ဘာသာရပ် တခုအနေနဲ့ သင်ကြားလာတဲ့အခါမှာ လိုအပ်ရင် လေ့လာချင်ပါတယ် လို့လည်း သူတို့ကပြောပါတယ်။ မမိုးကလည်း အရမ်းဝမ်းသာပါတယ်။ မမိုးရဲ့ သင်တန်းခန်းမမှာပဲ ဖြစ်စေ၊ သူတို့တွေ နေရာမှာပဲဖြစ်စေ သွားရောက်ပြီးတော့ သူတို့အနေနဲ့ သတင်းရင်းမြစ်တွေဆီ ဝင်ထွက်သွားလာတဲ့ အခါမှာ မီဒီယာ ပညာရှင်တယောက် အနေနဲ့ ဂုဏ်တင့်တယ်စေဖို့ မမိုးက အားဖြည့်သွားမယ့် သင်တန်းလေးတခုကို လုပ်ပေးချင်တာပါ။
မေး။ ။ အဲဒါက ဘယ်အချိန်လောက် အကောင်အထည် ဖော်ဖြစ်မှာပါလဲ။
ဖြေ။ ။ အဲဒါကတော့ မမိုးကတော့ အဆင်သင့်ဖြစ်ပါတယ်။ ဒါပေမယ့် သတင်းထောက်တွေ၊ မီဒီယာတွေ ကလေးတွေ ကလည်း မအားကြဘူးလေ။ ပွဲလမ်းသဘင် အခမ်းအနားတွေ ကလည်း များတယ်။ အချိန်နဲ့တပြေးညီ အမြဲတမ်း အလုပ်လုပ်နေရပြီး သတင်းတွေ လိုက်နေတာရယ်၊ ပြီးတော့ နေရာတွေကလည်း ဝေးတယ်၊ ကားတွေကလည်း ကျပ်တာရယ် ကြောင့်ပေါ့။ မမိုးကလည်း တွေ့ဆုံပြီးတော့ Share လုပ်ပေးချင်ပါတယ်။ အများကြီးတော့လည်း မလိုပါဘူး။ လိုအပ်နေတာ လေးတွေကို လုပ်ပေးချင်တာပါ။ နိုင်ငံတကာကို သွားတဲ့အခါမှာ နိုင်ငံတကာရဲ့ သတင်းထောက် မျိုးစုံနဲ့လည်း များစွာ တွေ့ဆုံ ဖူးပါတယ်။ တချို့ကြတော့လည်း ခမ်းနားတဲ့ ပွဲလမ်းသဘင်တွေမှာ သူတို့ရဲ့ စတိုင်လ်လေး တခုပေါ့။ အရမ်းကြီးလည်း တခြား ပွဲလာတဲ့ ဧည့်သည်လောက်လည်း လုပ်စရာမလိုပါဘူး။ သတင်းထောက် ဆိုတာ သဘာဝကျကျလေးပဲပေါ့။ သူ့ရဲ့အလုပ်နဲ့ ကိုက်ညီတဲ့ ပုံစံမျိုးလေးပေါ့။ အဲဒါမျိုးလေးတွေ ဖြစ်ပါတယ်။ မြန်မာဝတ်စုံ လေးတွေလည်း ရွေးသင့်ပါတယ်။ ခေတ် ဝတ်စုံ လေးတွေ ဝတ်မယ်ဆိုရင်လည်း ဘယ်လို ဝတ်နိုင်တယ်ပေါ့။ နောက်တော့ ပွဲလမ်းသဘင် အခမ်းအနားတွေကလည်း သတင်းထောက် တွေရဲ့ လုပ်ငန်းခွင် ဖြစ်နေတဲ့အခါကျတော့ ဒီအခမ်းအနား သဘင်ရဲ့ အမူအကျင့်လေးတွေ၊ အဲဒါမျိုး လေးတွေလည်း Share လုပ်ပေးချင်တာ ဖြစ်ပါတယ်။
မေး။ ။ မမိုးအနေနဲ့ မိန်းကလေးတွေပဲ ရွေးပြီးတော့ သင်မယ်ဆိုတဲ့ အကြောင်းကကော ဘယ်လိုကြောင့်လဲ။ ယောကျာ်လေးတွေ ကိုကော သင်ပေးမှာလား။
ဖြေ။ ။ မိန်းကလေးကတော့ ဦးစားပေးပေါ့။ မမိုးကလည်း မိန်းကလေး ဖြစ်နေတဲ့ အခါကျတော့လေ။ နောက်ပြီး မြန်မာပြည်မှာပဲ ဖြစ်ဖြစ်၊ နိုင်ငံခြားမှာပဲဖြစ်ဖြစ် အမျိုးသားတွေကျတော့ စတိုင်လ်ဘောင်းဘီ တထည်နဲ့ ရှပ်အကျႌ လက်ရှည် တထည်၊ ဒါမှမဟုတ် ကုတ်အကျႌလေး တထည်ကို လက်ပေါ် တင်လာလိုက်ရင်ရတယ်။ နောက်တော့ ပွဲထဲဝင်မယ်ဆိုမှ ကောက်ဝတ် လိုက်ရင် ရတယ်လေ။ မြန်မာပြည်က အမျိုးသားတွေဟာ ဆိုရင် ကော်လာကတုံး အဖြူလေးနဲ့ ပုဆိုးလေးနဲ့ဆိုရင် ညှပ်ဖိနပ်လေးနဲ့ ဆိုရင် အဆင်ပြေပြီ။ အမျိုးသားတွေ အတွက် အရောင်တွေ၊ ကာလာတွေလည်း အများကြီးမလိုဘူး။ စတိုင်လ်တွေလည်း အများကြီးမလိုဘူးပေါ့။ အမျိုးသမီးတွေ အတွက်ကျတော့ နည်းနည်းလေး ပိုပြီးတော့ အမယ်စုံတယ်။ ဒါကြောင့်မိုလို့ အမျိုးသမီးတွေကို အရင်ဦးစားပေးပြီးတော့ လုပ်ပေးမယ်လို့ မမိုးကပြောတာပါ။
မေး။ ။ အစ်မအနေနဲ့ နိုင်ငံတကာ သတင်းထောက်တွေနဲ့ မြန်မာသတင်းထောက်တွေနဲ့ ဝတ်စားဆင်ယင်မှုအသွင်အပြင် ဘယ်လို ကွာခြားတယ်လို့ မြင်ပါသလဲ။
ဖြေ။ ။ ကိုယ့်ဒေသ အတွင်းမှာတော့ ကိုယ့်စတိုင်က အကောင်းဆုံးပါ။ နိုင်ငံတကာကို သွားရောက်ရမယ်ဆိုတဲ့ အခါ ကျရင်တော့ သပ်ရပ်သန့်ရှင်းမှု၊ တိကျသေချာမှု၊ အဲဒီလို ပုံစံမျိုးနဲ့သွားရောက်ပြီးတော့ တစားပွဲတည်းထိုင်တာ၊ စင်မြင့်ပေါ် တက်တာ၊ တက်ရောက်ပြီးတော့ စကားပြောတာ၊ ဒါမှမဟုတ် အစည်းအဝေး တက်တာဆိုရင်တော့ နိုင်ငံတကာ အဆင့်အတန်း ပွဲတွေကို တက်လို့ရှိရင် ဘယ်လိုလုပ်သွားရမယ်၊ ဘယ်လိုလေးတွေ ဆင်ယင်သွားရမယ် ဆိုတာမျိုး လေးတွေပေါ့။ တချိန်တော့ နိုင်ငံတကာက ဝင်ရောက်လာတဲ့ အခမ်းအနား ပွဲလမ်းသဘင်နဲ့ လူပုဂ္ဂိုလ်များကို သတင်း ထောက်လှမ်းရမယ့် သတင်းထောက်တွေ ဝင်လာနိုင်သလို၊ ဒီက သတင်းထောက်တွေ အနေနဲ့လည်း နိုင်ငံတကာကို သွားရောက် ပြီးတော့ နိုင်ငံတကာက သတင်းထောက်တွေနဲ့ ရင်ဘောင်တန်းပြီးတော့ ပြောဆိုဆွေးနွေး လုပ်ကိုင် ဆောင်ရွက် ရမယ့် ကိစ္စတွေလည်း ရှိလာနိုင်ပါတယ်။ ဒါကြောင့်မို့လ့ို စတုတ္ထမဏ္ဍိုင် ဖြစ်တဲ့ ပညာရှင်တွေကို၊ မီဒီယာလောကရဲ့ ပညာရှင်တွေကို အခုအချိန် ကတည်းကစပြီးတော့ ကြိုတင်ပြင်ဆင်ပြီး လုပ်ထားစေချင်တဲ့ သဘောပါ။
မေး။ ။ သတင်းထောက်ဆိုရင်တော့ တချို့တွေက လေးစားကြတယ်။ တချို့တွေက ရှုတ်ချတတ်ကြတယ်။ အဲဒါလေးတွေကို မတင်မိုးလွင် အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ လေးစားတယ်ဆိုတာက လေးစားလောက်တဲ့ လူတွေရှိပါတယ်။ သူရဲ့လေးစားလောက်သော ကလောင်၊ သူရဲ့လေးစားလောက်တဲ့ ဉာဏ်ရည်၊ သူရဲ့လေးစားလောက်တဲ့ နှလုံးရည်နဲ့စေတနာ၊ အမူအကျင့်တွေကြောင့် သိတတ်မှု တွေကြောင့်၊ လေးစားလောက်တဲ့ လူတွေရှိနေပါတယ်။ တခြားသော အနုပညာ လောကမှာလည်း သြဇာညောင်းပြီးတော့ ထင်ပေါ်ကြပါတယ်။ တချို့တွေကျတော့ လေးစားလောက်သော ကလောင်၊ လေးစားလောက်သော နှလုံးသားနဲ့ စေတနာ မရှိကြဘူးပေါ့။ သူတို့ရဲ့ ပြောဆိုပြုမူ နေထိုင်ပုံ၊ ဝတ်ပုံစားပုံ၊ သွားပုံလာပုံ အမူအကျင့်နဲ့ အပြုအမူပေါ့နော်။ အဲဒါလေးတွေ ကလည်း မှန်ကန်ဖို့ လိုတာလေးတွေ ရှိတာပေါ့။ အများကြီးတော့ မဟုတ်ပါဘူး။ အများစုကတော့ အရမ်းကိုတော်ပြီးတော့ အရမ်းကို မှန်ကန်ပြီးတော့ အဆင်ပြေကြပါတယ်။ နည်းနည်းလေး လိုအပ်တာ လေးကိုလည်းပဲ သူတို့ကိုယ်တိုင် ကလည်း လိုလားတာမို့လို့ မမိုးကနေပြီးတော့ ဖြည့်စွက်ပေးမယ်လို့ စိတ်ကူးလေးနဲ့ ပြင်ဆင်ပေးခြင်းဖြစ်ပါတယ်။
မေး။ ။ အခုလို စီစဉ်တော့ သူတို့တွေအတွက် သင်တန်းကြေးတွေ သတ်မှတ်ထားတာမျိုး ရှိပါသလား။
ဖြေ။ ။ မရှိပါဘူး။ မမိုးရဲ့ မောင်တွေ ညီမတွေလိုပေါ့နော်။ အဲဒီလို စိတ်လေးနဲ့ မမိုးကသူတို့ကို မျှဝေပေးခြင်း ဖြစ်ပါတယ်။ မမိုးက ပညာရှင် အလုပ်အကိုင်တခုအဖြစ် ရပ်တည်ကြမယ့် မောင်လေး ညီမလေးတွေကို လူတွေ လေးစားအားကျပြီးတော့
လူအလေးထားတဲ့ ပညာရှင် တယောက်အသွင်အပြင် ပေါ်လွင်စေချင်တဲ့ ဆန္ဒသက်သက်ပါပဲ။
မေး။ ။ နိုင်ငံတကာမှာ သွားပြိုင်နေတဲ့ မော်ဒယ်လ်တွေကိုရော မတင်မိုးလွင်အနေနဲ့ ဘယ်လိုမြင်လဲ။ မမိုးက ဝါရင့် မော်ဒယ်လ် တယောက်ဖြစ်တဲ့အတွက်ကြောင့် အခုပြိုင်ပွဲဝင် မော်ဒယ်လ်တွေရဲ့ အားသာချက် အားနည်းချက်တွေကို ဘယ်လိုမြင်လဲ၊ ဘာလိုအပ်ချက်တွေ ရှိတယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ လောလောဆယ်တော့ မြန်မာဆိုတဲ့ နာမည်တလုံးနဲ့ကို အရမ်းကို အားသာနေပါတယ်။ တကယ့်တကယ်က လိုအပ်နေတဲ့ စိတ်ကလေးတွေတော့ ရှိပါတယ်။ ဒါပေမယ့် ကျန်တဲ့နိုင်ငံတွေက မော်ဒယ်လ်တွေက ပြီးပြည့်စုံနေလား၊
ကျန်တဲ့နိုင်ငံက Miss တွေကလည်း အရမ်းကို Perfect ဖြစ်နေလား၊ ဒီလိုတော့လည်း မဟုတ်ပါဘူး။ မမိုးတို့နိုင်ငံက Miss တွေက အရမ်းကိုထူးချွန်တယ်၊ ကြိုးစားတယ်၊ အရမ်းလည်း သတ္တိရှိကြပါတယ်။ လိုအပ်နေတာ လေးကတော့ မမိုးတို့
နိုင်ငံမှာရှိနေတဲ့ ပညာရှင်တွေက မော်ဒယ်လ်တယောက်ကို ဝိုင်းဝန်းပံ့ပိုးဖို့ရယ်၊ ဝိုင်းဝန်း လေ့ကျင့်ပျိုးထောင် ပေးဖို့ရယ်
လိုအပ်နေတာပါ။ သူတို့ရဲ့ နဂိုရှိပြီးသား စွမ်းရည်တွေ ကတော့ ရှိကြပါတယ်။ နိုင်ငံတော် အဆင့်၊ တိုင်းနဲ့ပြည်နယ် အဆင့် စီးပွားရေး လူမှုရေး ပညာရေးနယ်ပယ်၊ ဒါမျိုးတွေကနေ ဝိုင်းဝန်း ကူညီပံ့ပိုးပေးဖို့ လိုပါတယ်။ အခုလောလောဆယ် မှာတော့
မမိုးတို့ကလည်း တတ်နိုင်သလောက် ဝိုင်းဝန်းကူညီပါတယ်။ ဒါကတော့ နိုင်ငံရဲ့လူရည်ချွန် လူရည်မွန်တွေ ပေါ်ထွက်လာရေးမှာလည်း အခန်းကဏ္ဍတခု အနေနဲ့ အရေးပါတာမို့လို့ နိုင်ငံရဲ့ကိုယ်စားပြု စံပြမောင်မယ်တွေ ပေါ်ထွက်လာတာ အရမ်း ကောင်းပါတယ်။ နိုင်ငံကို ကိုယ်စားပြုတဲ့ အားကစားသမား တွေလိုပဲပေါ့။ နိုင်ငံကို ကိုယ်စားပြုတဲ့ စံပြမောင်မယ် တွေကလည်း တိုင်းပြည်ရဲ့ ရတနာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အဲဒီလို လူတွေအများကြီး ပေါ်လာတာ ကောင်းပါတယ်။ အဲဒီလို လူတွေကို နိုင်ငံခြားက ဖိတ်ခေါ်ပြီးတော့ သူတို့နိုင်ငံရဲ့ ကြီးကျယ်ခမ်းနားတဲ့ စင်မြင့်တွေပေါ်တက်ဖို့ ဖိတ်ခေါ်ခြင်း ခံရတာဟာလည်း ဂုဏ်ယူ ဝမ်းမြောက်ဖွယ် ဖြစ်ပါတယ်။ အများကြီးလည်း ဒီထက်ပို ဖြစ်စေချင်ပါတယ်။ တကမ္ဘာလုံးမှာ ကျင်းပနေတဲ့ စံနမူနာပွဲပေါင်း များစွာရှိပါတယ်။ အဲဒီပွဲပေါင်း များစွာကို မမိုးတို့ မြန်မာပြည်က မောင်မယ်တွေ တက်ရောက် ပြီးတော့ ဂုဏ်ဆောင်စေချင်ပါတယ်။
မေး။ ။ လက်ရှိ မော်ဒယ်လ်လောကကော ဘယ်လို အနေအထားနဲ့ ရှိနေပါသလဲ
ဖြေ။ ။ မမိုးတို့ဘက်ကတော့ တိုးတက်ပြောင်းလဲ နေပါတယ်။ အကောင်းဘက်ကိုလည်း အများကြီး သွားပါတယ်။
နောက်ပြီးတော့ အဆိုးဘက် ကိုလည်း အများကြီး သွားပါတယ်။ အကောင်းဘက်ကို ပိုပြီးသွားဖို့အတွက် အများကြီး ဝိုင်းဝန်းပြီးတော့လည်း ကြိုးစားနေကြ ပါတယ်။ အဆိုးဘက်ကို အများကြီး မသွားဖို့လည်း မမိုးတို့အနေနဲ့ ဆုတောင်း နေပါတယ်။ ဒါပေမယ့် ခေတ်နဲ့စနစ်အရ အယူအဆ လွဲတာလေးတွေရှိမယ်။ အပေါင်းအသင်း မှားတာလေးတွေ ရှိမယ်။ ဒါတွေကတော့ မမိုးတို့လည်း ကြည့်ပြီးတော့ ရင်နာရတာပေါ့။ တတ်နိုင်သလောက် ကတော့ အကောင်းများလာဖို့ ကောင်းမွန် မှန်ကန်ဖို့ လမ်းကြောင်းကို ဖြစ်လာဖို့ အတွက်ကတော့ ဝိုင်းဝန်းပြီးတော့ အားထုတ်နေကြပါတယ်။ အခုလိုမျိုး Mr. တွေ Ms. တွေ၊ မောင်တွေမယ်တွေ ပေါ်လာတာဟာ အများကြီး ကောင်းမွန်တဲ့ အလင်းအားကို ပေးပါတယ်။ မော်ဒယ်လ်လောကက မကောင်းတဲ့ အမူအကျင့်တွေနဲ့ လောင်းရိပ်အောက်မှာရှိတဲ့ ဟာမျိုးလည်း ရှိနိုင်သလို အမြင်မကြည်လင်နိုင်တဲ့ အချိန်အခါ မျိုးလည်း ရှိပါတယ်။ ဒါပေမယ့် အခုလိုမျိုးပေါ့နော်၊ နိုင်ငံကို ကိုယ်စားပြုနိုင်တဲ့ လူတွေ ပေါ်လာတဲ့အခါမှာတော့ လိုင်း၊ ကဏ္ဍတွေက အများကြီး ကွဲထွက်သွားပါတယ်။ ပရိသတ်တွေ အနေနဲ့လည်း ထင်ထင်လင်းလင်း သိမြင်သွားတယ်။ ဘယ်လို ကိစ္စမျိုးတွေကတော့ အားပေးချီးမြှောက်ဖွယ်ရာ ဖြစ်ပြီးတော့ ဘယ်လိုကိစ္စတွေကတော့ အားပေးချီးမြှောက်ဖွယ်ရာ မဟုတ်ဘူးလဲ ဆိုတာ သိသွားတာပေါ့။ အရင်တုန်းက ဆိုရင်တော့ သိပ်တော့ မကွဲပြားဘူးပေါ့လေ။ အခုဆိုရင်တော့ ပိုပြီးတော့ စာပေစာနယ်ဇင်းမှာ ဆိုရင်လည်း ချီးမြှောက်အားပေး ရေးသားမှုတွေလည်း ရှိလာပြီ။ ဒါဟာ တခြားကိစ္စတွေကို တောင်မှ ချီးမြှောက် အားပေး ရေးသားနေတာတွေ ရှိသလို ဒီလိုကိစ္စမျိုးတွေ ဆိုရင် ပိုလုပ်ပေးရမှာပေါ့ဆိုတဲ့ အတွေးအမြင် အသိအမြင်တွေ ရှိလာတာပေါ့။