အမေရိကန်နိုင်ငံ အနေဖြင့် မြန်မာဒုက္ခသည်များ ခေါ်ယူအခြေချမှု အစီအစဉ်ကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်လိုက်ပြီးနောက် ဒုက္ခသည်များအကြား ကျယ်ပြန့်စွာ ဂယက်ရိုက်ခတ်မှု ရှိနေကြောင်း သတင်းရရှိသည်။
ထိုင်း-မြန်မာ နယ်စပ်ဒေသရှိ စခန်းများမှ ဒုက္ခသည်များအား ခိုလှုံခွင့်ပေးသည့် အမေရိကန်၏ ၉ နှစ်ကြာ အစီအစဉ်ကို ရပ်နားလိုက်ခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂက ဇန်နဝါရီလ ၃၀ ရက်နေ့က ထုတ်ပြန်သည်။
အဆိုပါ ထုတ်ပြန်ချက်အရ နောက်ဆုံး လက်ခံခဲ့သည့် အစီအစဉ်မှာ ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်တွင် နောက်ဆုံး လက်ခံခြင်း ဖြစ်ကြောင်း၊ ၂၀၀၅ ခုနှစ်က စပြီး မြန်မာဒုက္ခသည်တွေကို အမေရိကန် နိုင်ငံက လက်ခံပေးခဲ့ရာတွင် လူဦးရေ ၇၃, ၀၀၀ လက်ခံခဲ့ပြီး မြန်မာဒုက္ခသည် အများဆုံး လက်ခံသည့် နိုင်ငံလည်း ဖြစ်ကြောင်း သိရသည်။
ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အုန်းဖျန်မြို့နယ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်းမှ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်ခိုင်က ဒုက္ခသည်များ အဓိက အားကိုးရသည့် အမေရိကန်က ဒုက္ခသည်များ အုပ်စုလိုက် အခြေချ နေထိုင်ခွင့် အစီအစဉ် ရပ်ဆိုင်းလိုက်သည့်အတွက် ဒုက္ခသည်များအကြား ရိုက်ခတ်မှုများ ဖြစ်နေကြောင်း ဧရာဝတီကို ပြောသည်။
“ကျနော်တို့ ဒုက္ခသည်အကုန်လုံးနီးပါးက တတိယနိုင်ငံတွေကို သွားဖို့ အဓိကထားတယ်။ ထားတဲ့အခါမှာ အမေရိကန် က အဓိ က ဖြစ်တယ်။ သူက အများဆုံး ခေါ်တဲ့လူဖြစ်တာကြောင့်ပါ။ အဲဒီအပေါ်မှာ ဒုက္ခသည်တွေက အများကြီး မျှော်လင့် ထား ခဲ့တာ၊ အခု အမေရိကန်က ရပ်လိုက်တော့ မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားတာပေါ့”ဟု အုန်းဖျန် ဒုက္ခသည်စခန်းမှ နိုင်ငံ ရေး အကျဉ်းသားဟောင်း ကိုအောင်ခိုင်က ပြောဆိုသည်။
တချို့ဒုက္ခသည်များ၏ မိသားစု အရင်း အချာ၊ ဇနီး၊ ခင်ပွန်းသည်များက အမေရိကန်သို့ ရောက်နှင့်ပြီး ဖြစ်နေရာ ထိုကဲ့သို့ အစီ အစဉ် ရပ်ဆဲလိုက်ခြင်းအတွက် မိသားစု ပြန်လည် ပေါင်းစည်းရေး မျှော်လင့်ချက်ပျောက်ဆုံး ကုန်ကြောင်း၊ ဒုက္ခသည် အများစု သည် မြန်မာပြည်သို့ လုံး၀ မပြန်လိုကြကြောင်း၊ အခြား နိုင်ငံများက ခေါ်ယူသည့် အရေအတွက်သည် အလွန်နည်းပြီး တချို့ နိုင်ငံများကလည်း ခေါ်ယူရေး အစီအစဉ် အလွန်ကြာမြင့်ကြောင်းလည်း သူက ဆက်ပြောသည်။
ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က လည်း ယခုကဲ့သို့ ဒုက္ခသည်များအား အုပ်စုလိုက် ပြန်လည်အခြေချခွင့်ကို ရုပ်သိမ်းလိုက်ခြင်းသည် စောလွန်းသေးကြောင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်း ဒုက္ခသည်များကိုလည်း အတင်းအကျပ် အိမ်ပြန်ပို့သည့် အနေအထားမဖြစ်ရန် လိုကြောင်း ဧရာဝတီကိုပြောသည်။
“ဒီလို အခြေအနေမှာ အမေရိကန်က Resettlement (ပြန်လည် အခြေချနေထိုင်ခွင့် အစီအစဉ်) ကို မလုပ်တော့ဘူး ဆိုတော့ စောလွန်းနေတယ်လို့ ကျနော်တို့ ထင်တယ်။ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက သူတို့ကိုယ်တိုင်က မြန်မာပြည်တွင်းမှာ လုံခြုံတယ် လို့ စိတ်ထဲမှာ မခံစားရသေးဘူး။ ဆိုတော့ အတင်းအကျပ် အိမ်ပြန်ပို့တဲ့ အစီအစဉ်မျိုး တွန်းပို့ လိုက်တာကတော့ မသင့်တော်ဘူးပေါ့”ဟု သူက ဆိုသည်။
ဒုက္ခသည် စခန်းများအတွင်းရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများမှာ နှစ်ပေါင်းများစွာ ယခင် မြန်မာ စစ်အစိုးရ အကျဉ်းထောင် များတွင် နေလာခဲ့ရသူများဖြစ်ပြီး မည်သည့်ပိုင်ဆိုင်မှုမျှလည်း မရှိကြသကဲ့သို့ မြန်မာပြည်ပြန်၍ မည်သို့မျှ အခြေချနေထိုင်စရာ လည်း မရှိကြောင်း၊ အကျဉ်းထောင်တွင်း နှစ်ပေါင်းများစွာနေလာခဲ့ရပြီး ဒုက္ခသည်စခန်းများတွင် ဆင်းဆင်းရဲရဲ ဆက်လက် နေ ထိုင်ရင်း ၎င်းတို့အနေဖြင့် သက်မွေးဝမ်းကျောင်းမှု ပြန်လည်ထူထောင်နိုင်ရန် အလွန်ခက်ခဲကြောင်း ကိုအောင်ခိုင်ကလည်း ပြော ဆိုသည်။
မြန်မာပြည်သို့ ပြန်သွားရန် မဖြစ်သည့် နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ စစ်ပြေး ဒုက္ခသည်များအတွက် အမေရိကန်၌ အခြေချနေထိုင်ခွင့်ပေးရန် ပြန်လည် သုံးသပ်သင့်ကြောင်း ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းများရှိ နိုင်ငံရေး အကျဉ်းသား ဟောင်း တချို့ကလည်း ပြောသည်။
ထိုင်း-မြန်မာ နယ်စပ်ရှိ နို့ဖိုး ဒုက္ခသည် စခန်း ရမ်မဇံ ရပ်ကွက် ၁၂ တွင် နေထိုင်သူ ဒုက္ခသည် အမျိုးသမီး တဦးကလည်း “အမေရိကန်ကတော့ ပြန်လည် ပေါင်းစည်းရေး အစီအစဉ်ကို ရပ်လိုက်ပြီလို့ မနေ့ညက အသံချဲ့စက် နဲ့ စခန်းထဲမှာ လိုက်ကြေ ညာတယ်။ အမေရိကန်က ရပ်လိုက်ပြီဆိုတော့ ကျမတို့ကို ခေါ်တဲ့ ကျန်တဲ့ နိုင်ငံတွေမှာပဲ ပြောင်းရွှေ့ အခြေချလို့ ရတော့မှာပေါ့၊ မျှော်လင့်ချက်တော့ အတော်အားယုတ်သွားတယ်”ဟု ဧရာဝတီ ကို ပြောသည်။
ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းများရှိ နိုင်ငံရေး၊ စစ်ဘေး ဒုက္ခသည်များမှာ တတိယနိုင်ငံ အခြေချနေထိုင်ရေး မျှော်လင့် ချက် ပျောက်ဆုံးမှု၏ နောက်ကွယ်တွင် စားဝတ်နေရေး အခက်အခဲများကြောင့် စာရိတ္တ ပျက်စီးယိုယွင်းခြင်းများလည်း ရှိလာကြောင်း၊ လူငယ်ပိုင်းများသည် မူးယစ်ဆေးဝါးကို အလွန်အကျွံသုံးစွဲမှုများပင် ဖြစ်လာနေပြီး အမျိုးသမီး ငယ်လေးများသည် လည်း ဒုက္ခသည်စခန်းများတွင် လိင်ဖျော်ဖြေရေး လုပ်ဆောင်နေမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနေကြောင်း ဧရာဝတီက စုံစမ်း သိရှိရသည်။
“အခုလို နိုင်ငံခြားလည်း မထွက်ရဘူး၊ ရိက္ခာကလည်း လျှော့တဲ့အခါကျတော့ စားဝတ်နေရေး မပြေလည်လာတဲ့အခါ အိမ်ထောင် ရေး ပြဿနာတွေ အများကြီးတက်တယ်။ မိန်းကလေးငယ်တွေဆို ငွေတတ်နိုင်တဲ့ သူတွေ(အမေရိကန်တို့ ဘာတို့က ထောက်ပံ့မှုရှိတဲ့သူတွေ)ရဲ့တိုးတိုးတိတ်တိတ် မယားငယ်တွေဖြစ်နေကြတယ်”ဟု ဒုက္ခသည် စခန်းများ၏ အခြေ အနေကို လေ့လာ မှတ်တမ်းပြုနေသူ တဦးက ပြောသည်။
ဒုက္ခသည်စခန်းတွင်း စားဝတ်နေရေး အဆင်မပြေမှုများနှင့် တတိယနိုင်ငံ အခြေချနေထိုင်ရေး မျှော်လင့်ချက် ပျောက်ဆုံးနေမှု များ၏ နောက်ဆက်တွဲအဖြစ် အိမ်ထောင်ရေး ပြိုကွဲမှုများနှင့် လူမှုရေးပြဿနာများပါ တိုးပွားလာလျက်ရှိ ကြောင်း သိရသည်။
ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ အုန်းဖျန်မြို့နယ်ရှိ နို့ဖိုး ဒုက္ခသည်စခန်းတွင် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ကို ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းက ဒုက္ခသည် ၁၅၀ ကျော် ဆန္ဒပြမှု ဖြစ်ပွားခဲ့သေးသည်။
တတိယနိုင်ငံများတွင် ပြန်လည် အခြေချနေထိုင်ရေး အစီအစဉ်များတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ခွဲခြား ဆက်ဆံမှုများ ရှိနေသည့်အတွက် အဆိုပါလုပ်ရပ်များ ရပ်တန့်ပေးရေး အတွက် ဆန္ဒပြကြခြင်း ဖြစ်သည်။
ထို့နောက် ယခုကဲ့သို့ အမေရိကန်က ၎င်းတို့ နိုင်ငံတွင် အခြေချနေထိုင်ခွင့် အစီအစဉ် ရပ်ဆိုင်းသည့် ထုတ်ပြန်ကြေညာမှုပေါ်ထွက်လာခြင်းဖြစ်သည်။
နို့ဖိုး ဒုက္ခသည်စခန်းတွင် ဆန္ဒပြမှုနှင့်ပတ်သက်၍ UNHCR အနေဖြင့် ဆန္ဒပြသူများ ပြောနေသကဲ့သို့ ခွဲခြား ဆက်ဆံမှု မရှိကြောင်း ထိုင်းနိုင်ငံ ဘန်ကောက် အခြေစိုက်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ မစ္စ Vivian Tan က UNHCR ကိုယ်စား ပြန်လည် တုံ့ပြန် ပြောဆိိုထားသည်။
ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းများရှိ ဒုက္ခသည်များ၏ မိသားစုဝင်များ တစည်းတလုံတည်း အတူနေရေး မျှော်လင့်နေကြ သည်ဟု အခိုင်အမာယုံကြည်ကြောင်း၊ သို့သော်လည်း တတိယနိုင်ငံတွင် မိသားစုအရင်းအချာရှိသည့် ဒုက္ခသည်များ အတွက် သာ UNHCR က တတိယနိုင်ငံများတွင် ပြန်လည် အခြေချ နေထိုင်ရေးကို မျက်နှာလိုက် လုပ်ဆောင်နေခြင်း မဟုတ် ကြောင်း မစ္စ Vivian Tan က ဧရာဝတီကို အီးမေးလ် ဖြင့် အကြောင်းပြန်ကြားသည်။
“ဒုက္ခသည် တဦးဖြစ်ဖို့ ဆိုတာ ထိုင်းနိုင်ငံက စခန်းတွေမှာ ပြန်လည်နေရာချထားရေးအတွက် စဉ်းစားပေးဖို့ ဆိုတာ ထိုင်း တာဝန်ရှိသူတွေက အဲဒီသူကို မှတ်ပုံတင် စာရင်းသွင်းဖို့ ပထမဆုံး လုပ်ရမှာပါ။ အဲဒီနေ့က အုပ်စု(ဆန္ဒပြသူများ)က ဘယ် တုန်းကမှ ပုံမှန် လုပ်ရတဲ့ မှတ်ပုံတင်ထားတာမျိုး မရှိဘူး။ ပြီးတော့ အဲဒီ အုပ်စုဟာ တတိယနိုင်ငံ အခြေချရေး အရည်အချင်း လည်း မပြည့်မီပါဘူး”လို့ သူက ဆိုသည်။
နို့ဖိုးစခန်းတွင်းရှိ ဆန္ဒပြ ဒုက္ခသည်များက ၎င်းတို့ထဲကအများစုသည် UNHCR တွင် မှတ်ပုံတင်ထားပြီး Pre ဟု ခေါ်ဆိုသော ဒုက္ခသည်အဖြစ် ပဏာမ သတ်မှတ် စာရင်းဝင်၍ UNHCR နှင့် နယ်စပ် တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်း အဖွဲ့(TBC)က ရိက္ခာနှင့် ကျန်းမာရေးဆိုင်ရာကို ထောက်ပံ့ခံနေရသူများ ဖြစ်ကြောင်း ဒုက္ခသည်တဦး ဖြစ်သည့် ကိုကျော်မြင့်ဆွေ က ဧရာဝတီကိုပြောသည်။
ဆက်လက်ပြီး ဆန္ဒပြမှုတွင် ပါဝင်သူ ၎င်းအနေနှင့် တတိယနိုင်ငံ အခြေချခွင့် အရည်အချင်းလည်း ပြည့်မီကြောင်း၊ ဇနီးသည် လည်း အမေရိကန်တွင် အခြေချနေထိုင်နေသည့် အတွက် ကိုင်ဆောင်ထားသည့်လက်မှတ်မှာ ထိုင်းအစိုးရနှင့် UNHCR တို့ အသိအမှတ်ပြုထားသည် MPO အဆင့် ဖြစ်ကြောင်းလည်း ရှင်းပြသည်။
ထိုင်းမြန်မာ နယ်စပ်ရှိ အုန်းဖျန်၊ နို့ဖိုး၊ မယ်လ၊ မယ်လဦး၊ ထန်ဟင်း၊ ဘန့်ဒုံယမ်း၊ မယ်ရာမို၊ ကရင်နီ စသည့် ဒုက္ခသည် စခန်း ၉ ခု တွင် လက်ရှိ ဒုက္ခသည် ၁၂၀၀၀၀ ကျော်ရှိနေကြောင်းလည်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက် အရ သိရသည်။