အမျိုးသမီးများသည် နိုင်ငံရေး၊ လူမှုရေး လုပ်ငန်းများ၌ ခေါင်းဆောင်မှုနှင့် ဆုံးဖြတ်ချက်ချရာတွင် အမျိုးသားများနှင့် တန်းတူ အခွင့် အရေး မရရှိပါက နိုင်ငံ ဖွံ့ဖြိုးမှု နှောင့်နှေးနိုင်ကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။
မြန်မာနိုင်ငံ၏ လူဦးရေ ထက်ဝက်ခန့်သည် အမျိုးသမီးများ ဖြစ်သောကြောင့် ၎င်းတို့အနေဖြင့် အမျိုးသားများနှင့် တန်းတူညီမျှ အခွင့် အရေး ရရှိပါက နိုင်ငံ ဖွံ့ဖြိုးမှု ရာနှုန်းပြည့်ဖြစ်လာမည် ဖြစ်ကြောင်း Gender Equality Network မှ ဒေါ်မေစံပယ်ဖြူက ဧရာဝတီ သို့ ပြောသည်။
“အမျိုးသမီးတွေ ကိုယ်တိုင် အခွင့်အရေး ရရင်တောင် ယုံကြည်ချက် ရှိရှိနဲ့ နေရာယူဖို့ လိုပါတယ်။ ဦးဆောင်နိုင်တဲ့ ဆုံးဖြတ်ချက် ချနိုင်ဖို့ အတွက် ကျမတို့ သင်တန်းတွေကို နေရာအနှံ့ ဆက်တိုက် ပေးနေပါတယ်”ဟု ဒေါ်မေစံပယ်ဖြူက ဆိုသည်။
ယင်းအပြင် အမျိုးသမီးများ ကာကွယ်ရေး ဥပဒေ ထွက်လာရန် အတွက်လည်း ဆောင်ရွက်နေကြောင်းလည်း ၎င်းက ပြောသည်။
အမျိုးသမီးများ၏ အတွေ့အကြုံ ခံစားချက်များကို ဥပဒေ ရေးဆွဲချိန်တွင် ထည့်သွင်း ရေးဆွဲမည် ဖြစ်ကြောင်း၊ အမျိုးသမီးအဖွဲ့ အစည်းအမျိုးမျိုးနှင့် နေရာဒေသအနှံ့ရှိ အမျိုးသမီးများနှင့်ပါ ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
“အမျိုးသမီးတွေ အရည်အသွေး မြှင့်တင်ပြီး ဆုံးဖြတ်ချက်ချတဲ့ နေရာမှာလည်း များများ ပါဝင်လာဖို့ အတွက် အမျိုးသမီး ခေါင်း ဆောင်မှု သင်တန်းတွေကို လိုက်ပေးနေတာပါ။ ကျမတို့က ၂၀၁၁ ခုနစ် ကတည်းက သင်တန်း စပေးတာပါ”ဟု Women’s Organizations Network of Myanmar မှ ဒေါ်မာမာချိူက ဧရာဝတီသို့ ပြောသည်။
မြန်မာ အမျိုးသမီးများအား အရည်အသွေး မြှင့်တင်ပြီး နိုင်ငံရေး၊ ရပ်ကျေးများတွင် အုပ်ချုပ်ရေးပိုင်းများ၌ ပါဝင်လာရန် အတွက် အဓိက လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ သင်ကြားပေးသည့် အခါလည်း စီမံခန့်ခွဲတတ်မှု၊ ခေါင်းဆောင်မှုနှင့် ကုလသမဂ္ဂ၏ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူ စာချုပ်(CEDAW) စသည်တို့ကို သင်ကြားပေးကြောင်း ဒေါ်မာမာချိုက ဆိုသည်။
“သင်တန်းကို နယ်မြေ အသီးသီးလိုက် ပေးနေပါတယ်။ နယ်မှာရှိတဲ့ အမျိုးသမီးတွေကလည်း အခုဆိုရင် ပူးပေါင်း ပါဝင်လာကြပါတယ်။ အမျိုးသမီးများ ကာကွယ်ရေး ဥပဒေ ထွက်လာဖို့အတွက် ကျမတို့ ပူးပေါင်း ဆောင်ရွက် နေပါတယ်”ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံရှိ အမျိုးသမီးများသည် တရားဥပဒေ အရ ကိုယ်တိုင် အကာအကွယ် ပြုနိုင်ရန် အတွက် ပညာပေးနေကြောင်း၊ အမျိုးသမီး အခွင့်အရေးနှင့် ပတ်သက်ပြီး သိရှိလာရန် နယ်ဒေသများသို့ လိုက်လံ ပညာပေး သွားမည် ဖြစ်ကြောင်း၊ အမျိုးသမီး ဖွံ့ဖြိုးမှု အတွက် များစွာလိုအပ်နေသေးကြောင်း New Generation (ရှမ်းပြည်) မှ မသန္တာက ဧရာဝတီသို့ ပြောသည်။
“အမျိုးသမီး အခွင့်အရေးနဲ့ ပတ်သက်ပြီး သင်တန်းတွေ ပေးနေပါတယ်။ လူငယ်ပိုင်းတွေကို အဓိကထားပြီး လုပ်နေပါတယ်။ နယ် တွေက အစ သွားပေးနေပါတယ်”ဟု မသန္တာက ဆိုသည်။
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်က ကုလသမဂ္ဂ၏ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး သဘောတူစာချုပ် (CEDAW) တွင် လက်မှတ်ရေးထိုးထား သော်လည်း အမျိုးသမီး အခွင့်အရေး ကာကွယ်ပေးခြင်းနှင့် ပတ်သက်ပြီး ဆောင်ရွက်မှုများသည် ထိရောက်မှု မရှိကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ဝေဖန် ပြောဆိုလျက် ရှိသည်။