သမ္မတ ဦးသိန်းစိန် အစိုးရသစ် တက်လာပြီးနောက် ပထမဆုံးအကြိမ် ကျင်းပသည့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် တနိုင်ငံလုံး အတိုင်းအတာနှင့် ရွေးကောက်ပွဲမသမာမှု ရာခိုင်နှုန်း ၆၀ ကျော်ရှိခဲ့ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း က ထုတ်ပြန်လိုက်သည်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က စတင်ကျင်းပခဲ့သည့် ရပ်ကွက်၊ ကျေးရွာ အုပ်စု(ရပ်ကျေး)အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲအတွင်း ဒီမိုကရေစီ နည်းလမ်းမကျ ရွေးချယ်ခဲ့ကြသည့် အခြေအနေများနှင့် ပတ်သက်ပြီး ရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေး ပိုင်း ပြုပြင် ပြောင်းလဲရေးဆိုင်ရာ ၂၀၁၃-၂၀၁၄ အစီရင်ခံစာကို ယနေ့ တရားဝင် ထုတ်ပြန်ခြင်း ဖြစ်သည်။
ယင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတဝန်း ရပ်ကွက်ပေါင်း ၂၈၉၁ ရပ်ကွက်၊ ကျေးရွာ အုပ်စုပေါင်း ၁၃၆၉၈ အုပ်စုနှင့် ကျေးရွာ ပေါင်း ၆၄၉၁၇ ရွာ ကျင်းပခဲ့ရာတွင် ပြည်သူလူထု ကိုယ်စားပြု ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှာ တနိုင်ငံလုံး အတိုင်းအတာ၏ ၃၈ ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။
“မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ကြီးကြပ်ပေးရမယ့်အဖွဲ့ဝင် ၅ ဦးကို ကိုယ်နဲ့နီးစပ်ရာတွေကိုပဲ တာဝန်ပြန်ပေးတာ တွေ့ရတယ်။ နောက်ပြီး မြို့နယ်၊ ခရိုင်အဆင့်က အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ သြဇာလွှမ်းမိုးမှုတွေလည်း ရှိတယ်။ ဒါတွေဟာ အခြေခံကျတဲ့ အစိုးရ တွေဖြစ်ဖို့ ဆိုရင် အခြေခံအကျဆုံး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး တခု အနေနဲ့ဆိုရင် ဂရုတစိုက် လုပ်ပေးသင့်တယ်”ဟု ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သည့် ကိုဂျင်မီက ပြောသည်။
ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး ဥပဒေအရ တရပ်ကွက်လျှင် အုပ်ချုပ်ရေးမှူး တဦး၊ ကျေးရွာအုပ်စု တစုတွင် အုပ်ချုပ်ရေးမှူး တဦး ရွေးချယ်ရမည် ဖြစ်သည်။
ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ အခန်း (၄) အပိုဒ် (၆) အရ မြို့နယ်အုပ်ချုပ်ရေးမှူးသည် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအတွင်းရှိ အများကြည်ညိုလေးစားပြီး သြဇာရှိသည့် ရပ်မိ၊ ရပ်ဖ(၅) ဦးကို ရွေးချယ်၍ ကြီးကြပ်ရေးအဖွဲ့အဖြစ် တာဝန်ပေးရမည် ဖြစ်သည်။
လေ့လာတွေ့ရှိချက်များအရ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးများမှာ ပြည်သူလူထု ကိုယ်စားပြု အုပ်ချုပ်ရေးရွေးချယ်မှုများ တွေ့ရသည်။
တိုင်းရင်းသားများ အများစုနေထိုင်သည့် ပြည်နယ်အားလုံးတွင် လူထုကိုယ်စားပြု ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ အလွန် နည်းပါးကြောင်း သိရသည်။
ပြည်နယ်များတွင် အုပ်ချုပ်ရေးမှူးများ မရွေးချယ်နိုင်သည်မှာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးကို လူထုကိုယ်တိုင် ပါဝင်ရွေးချယ်နိုင် ကြောင်း အသိပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် မရှိခဲ့ခြင်း၊ တချို့ပြည်နယ်အများစုတွင် လုံးဝမရှိခဲ့ခြင်းကိုလည်း တွေ့ရှိရသည်။
အုပ်ချုပ်ရေးမဏ္ဍိုင်သည် နှစ်ပေါင်းများစွာ ပြည်သူလူထုနှင့် မသက်ဆိုင်သကဲ့သို့ ကြောက်ရွံ့နေခဲ့ကြသဖြင့် ပြည်သူလူထုအများစု သည် ယခုတိုင် မသက်ဆိုင်သကဲ့သို့ နေထိုင်နေကြခြင်း၊ ထို့အပြင် ပြည်နယ်အများစု၏ ရပ်ကွက်၊ ကျေးရွာများတွင် အုပ်ချုပ်ရေး တာဝန်ကို ထမ်းဆောင်ချင်သူ ရှားပါးခြင်းတို့ကြောင့် ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ပွဲတွင် နိုင်ငံရေးပါတီကြီးများ၏ အားပြိုင်မှုများလည်း ပါဝင်နေကြောင်း သိရ သည်။
လူထုကိုယ်စားပြု ရွေးချယ်တင်မြှောက်ခံရသော ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၂၉ ရာခိုင်နှုန်းသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)မှ ကျောထောက် နောက်ခံပေးထားသူ အများစုပါဝင်နေပြီး ၉ ရာခိုင်နှုန်းခန့်မှာ နယ်စပ်ဒေသ တိုင်းရင်းသား လက်နက် ကိုင် တပ်ဖွဲ့များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းရင်းသားပါတီများ၏ ကျောထောက်နောက်ခံ ပေးထားသော ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ဖြစ်ကြသည်။
ကျန်အုပ်ချုပ်ရေးမှူးများသည် လက်ရှိအာဏာရ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ကျောထောက် နောက်ခံပေးထားသူများအဖြစ် တွေ့ရသည်ဟု အစီရင်ခံစာတွင် ပါရှိသည်။
မသမာမှုများနှင့် ရွေးကောက်ခံထားရသည့် အုပ်ချုပ်ရေးမှူးများအား တိုင်းတန်းခြင်းများရှိလျှင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေအခန်း (၈) အပိုဒ် (၁၆-က) တွင် နုတ်ထွက်ခွင့်ပြုခြင်း (သို့မဟုတ်) တာဝန်မှ ရပ်စဲခြင်းကြောင့် လစ်လပ်ရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်ချုပ်ရေးမှူးနေရာအတွက် ပုဒ်မ ၅၊ ၆၊ ၇ တို့ပါ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်၍ ရက်ပေါင်း ၃၀ အတွင်း အစားထိုးခန့်အပ် တာဝန်ပေးရမည် ဖြစ်သည်။
သို့ပေမယ့် အုပ်ချုပ်ရေးမှူးများအား တိုင်တန်းခြင်းနှင့် အပြစ်ပေး အရေးယူရာတွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ် ရေး ဥပဒေပါ ပြဌာန်းချက်များနှင့် မညီညွတ်ကြောင်း တွေ့ရှိရသည်ဟုလည်း ဆိုသည်။
ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူများကို ဒီမိုကရေစီနည်းလမ်းတကျ လူထုက တိုက်ရိုက်ရွေးကောက် တင်မြှောက်သည့် စနစ် တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၅) ပုဒ်မ(၂၈၈) တွင် ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တို့၏ အုပ်ချုပ်ရေးကို နိုင်ငံ့ဝန်ထမ်း များအား တာဝန်ပေးဆောင်ရွက်စေရမည် ဆိုသည့်အပိုဒ်သည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသည့် ယခုကာလ ပြုပြင်ပြောင်းလဲမှုကို အခြေခံကျကျ ဆောင်ရွက်၍ မရနိုင်သည်အထိ အဟန့်အတားကြီး ဖြစ်နေသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။