သင်္ကန်းကျွန်းဈေး လမ်းပိုင်မြေတွင် အဆောက်အအုံ တည်ဆောက်နေခြင်းနှင့် ပတ်သက်ပြီး ရပ်ကွက်နေသူများ၊ ဈေးသူဈေးသားများနှင့် ရန်ကုန်မြို့တော် အရှေ့ပိုင်းခရိုင် စည်ပင်သာယာရေး ကော်မတီတို့ အကြား အငြင်းပွားမှုမှာ ပြေလည်မှု မရရှိသေးကြောင်း သိရ သည်။
ရပ်ကွက်နေ ပြည်သူများနှင့် ဈေးသူ၊ ဈေးသားများက ကန့်ကွက်မှုများ ရှိနေသော်လည်း အဆောက်အအုံ ဆက်လက် တည်ဆောက် နေခြင်းကြောင့် ဆန္ဒပြ တောင်းဆိုမှုများကို ထပ်မံ ပြုလုပ်သွားမည်ဟု ကန့်ကွက်သူများက ဧရာဝတီကို ပြောသည်။
ရပ်ကွက်နေ ပြည်သူများက လမ်းမြေ ပြန်လည် ရရှိရေး အတွက် တလ အတွင်း နှစ်ကြိမ်ခန့် ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်လျက် ရှိသော်လည်း တစုံတရာ ထူးခြားမှုမရှိသည့်အတွက် ထပ်မံဆန္ဒပြ တောင်းဆိုမှုများ ဆက်လက် ပြုလုပ်သွားမည်ဟုလည်း ဆိုသည်။
သင်္ကန်းကျွးန်းဈေး ကပ်လျက်ရှိလမ်းမြေပေါ်၌ အောင်ကောင်းကျော် ကုမ္ပဏီက ဈေးတာဝန်ခံရုံးနှင့် အရှေ့ပိုင်းခရိုင် ဈေးများဌာနရုံး ဖွင့်လှစ်ရန် အတွက် ၂ထပ် အဆောက်အအုံ ဆောက်လုပ်နေသောကြောင့် ရပ်ကွက်နေ ပြည်သူများက ကန့်ကွက်ဆန္ဒပြခြင်း ဖြစ် သည်။
လွန်ခဲ့သည့် နှစ် ၁၀၀ ခန့်ကပင် ယင်းလမ်းနေရာသည် သက်ဆိုင်ရာ ဌာနများမှ တရားဝင် ထုတ်ပြန်ထားသော မြေပုံတွင် သာမက၊ မြို့ရွာနှင့် အိုးအိမ် ဦးစီးဌာနမှ ထုတ်ပြန်သော မြို့နယ် မြေပုံညွှန်း၌ တရားဝင် ပါရှိခဲ့ကြောင်း သင်္ကန်ကျွန်း ဈေးသာယာရေး ဒု ဥက္က္ကဋ္ဌ ဦးကျင်သိန်းက ဧရာဝတီကို ပြောသည်။
အဆိုပါ လမ်းပိုင်း အမည်သည် အနော်ရထာလမ်း ဖြစ်ပြီး သင်္ကကျွန်းမြို့နယ် ဦးစံဖေ ရပ်ကွက်တွင် ပါဝင်သည်။ လေးထောင့်ကန် လမ်းမကြီးအား ဆက်သွယ်ပေးထားသည့် လမ်းပိုင်းတခုလည်း ဖြစ်သည်။
လမ်းအကျယ်သည် ပေ ၅၀နှင့် အရှည် ၂၅၀ ပေခန့် ရှိပြီး ရပ်ကွက်အတွင်း မီးဘေးအန္တရာယ် ကြုံတွေ့ပါက အလွယ်တကူ အသုံးပြုနိုင်သည့် လမ်းပိုင်းတခု ဖြစ်သည့် အတွက် ယင်းလမ်းပိုင်းပေါ်တွင် အဆောက်အအုံ ဆောက်လုပ်နေခြင်းကို ရပ်ကွက်တွင်း နေထိုင် သူများက ကန့်ကွက်ကြခြင်း ဖြစ်သည်ဟု သိရသည်။
သင်္ကန်းကျွန်းဈေးအတွင်း ဈေးရောင်းချသူ တဦးဖြစ်သည့် ကိုသိန်းလွင်က“ဒီလမ်းက ရပ်ကွက်နဲ့ ဆက်သွယ်ထားတော့၊ ရပ်ကွက်ရဲ့ မီးရေး၊ထင်းရေး ကိစ္စတွေ ကြုံတွေ့လာရင် အဓိက အသုံးပြုရမယ့်လမ်း”ဟု ဧရာဝတီသို့ ပြောသည်။
ယခုကဲ့သို့ ခရိုင် စည်ပင်ရုံး အဆောက်အအုံ ဆောက်လုပ်ခြင်းကို ရပ်ကွက်နေ ပြည်သူများက ကန့်ကွက်ကြောင်းကို ရန်ကုန်မြို့တော် ဝန်၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ ဌာနအသီးသီးသို့ တိုင်ကြားစာများ ပေးပို့ထားသော်လည်း တစုံ တရာ အကြောင်းပြန်ကြားခြင်း မရှိကြောင်းလည်း ၎င်းက ပြောဆိုသည်။
“ကျနော်တို့က ဈေးမြေကိုလမ်းလုပ်ပေးပါလို့ တောင်းဆိုကြတာ မဟုတ်ပါဘူး။ ရှိပြီးသားလမ်းကို ပြန်လည် ရရှိရေးအတွက် တောင်း ဆို နေကြတာပါ။ အမှန်ဆိုရင် ရပ်ကွက်သူ ရပ်ကွက်သားတွေက မတရား သိမ်းထားတာတို့၊ ပြည်သူတွေက သိမ်းထားတာတို့ ဖြစ်ရ မှာ၊ အခုကျတော့ အရှေ့ပိုင်းခရိုင် စည်ပင်သာယာရုံးက လမ်းမြေကို ပြန်သိမ်းနေလို့ ကျနော်တို့တွေ တောင်းဆို နေရတာပါ”ဟု ရပ်ကွက်အတွင်း နေထိုင်သူတဦး ဖြစ်သည့် ဦးတိုးမြင့်က ပြောသည်။
သင်္ကန်းကျွန်း ဈေးသူ၊ဈေးသားများနှင့် ရပ်ကွက်နေ ပြည်သူများသည် လမ်းမြေ ပြန်လည် ရရှိရေးအတွက် စုပေါင်း ဆန္ဒ ထုတ်ဖော် မှု အား ဇန်နဝါရီ ၁၀ ရက်က တကြိမ် ပြုလုပ်ခဲ့ပြီး တစုံတရာ ထူးခြားမှု မရှိသည့်အတွက် ဇန်နဝါရီ ၂၈တွင် ထပ်မံပြီး ဆန္ဒထုတ်ဖော် ရခြင်းဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်များက ဆိုသည်။
ပထမ အကြိမ် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ပြီး နောက်တွင် အဆောက်အအုံ ဆောက်လုပ်ခြင်းအား အင်အားသုံးကာ အရှိန်အဟုန်မြှင့် ဆောက်လုပ်လာသည်ကို တွေ့ရကြောင်း ကိုသိန်းလွင်က ပြောသည်။
“အမှန်ဆိုရင် ဒေသခံတွေက တောင်းဆိုမှုတွေ ပြုလုပ်တဲ့ အချိန်မျိုးမှာ ခဏလောက်တော့ စောင့်သင့်တယ်၊ ဒေသခံတွေနဲ့ ညှိနှိုင်း သင့်တယ်။ အခုဟာက မစောင့်တဲ့အပြင် ထပ်ပြီးတော့တောင် အင်အားသုံး ဆောက်လုပ်နေတယ်။ အခုဆို ပြီးတောင် ပြီးတော့ မယ်။ ကျနော်တို့ကလဲ ဆန္ဒပြ တောင်းဆိုမှုတွေ ထပ်ပြီး လုပ်သွားမယ်”ဟု ၎င်းက ဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး သင်္ကန်းကျွန်းဈေးမှ ဈေးတာဝန်ခံ ဒေါ်သင်းသင်းညွှန့်က “အစ်မတို့ ကတော့ အဆောက်အအုံကို ရပ်ဆိုင်းဖို့ ဆိုတာ မပြောနိုင်ဘူး။ အထက်က အမိန့်အတိုင်း ဆောင်ရွက်နေတာပါ”ဟု ပြောဆိုသည်။
ယခုကဲ့သို့ ပြန်လည် ဆောက်လုပ်ရာတွင် လမ်းမြေကို ၂၅ပေခန့် ချန်ထားပေးပြီး မြေလွတ် နေရာတွင် ကားအစီး ၄၀ ခန့် ရပ်နားနိုင် မည့် ကားပါကင်ကိုပါ စီစဉ်ပေးထားကြောင်း၊ အဆောက်အအုံ၏ အောက်ထပ်တွင် သင်္ကန်းကျွန်းဈေး၏ ဈေးတာဝန်ခံရုံး ထားမည်ဖြစ်ပြီး အပေါ်ထပ်တွင် အရှေ့ပိုင်း ခရိုင် ဈေးများရုံး ထားရှိမည် ဖြစ်ကြောင်းလည်း ဒေါ်သင်းသင်းညွန့်က ဆက်ပြောသည်။
ယင်းဖြစ်ရပ်များနှင့် ပတ်သက်ပြီး ဧရာဝတီမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများ ဌာနမှ ဌာနမှူး ဦးစံရွှေထွန်း အား မေးမြန်းရာတွင် အဆိုပါ လမ်းနေရာသည် လွန်ခဲ့သည့် ၁၉၅၈ ခုနှစ်ခန့်ကပင် ဈေးအဖြစ်အသုံးပြုခဲ့သည့် နေရာဖြစ်ကြောင်းနှင့် ဈေးသစ်ကြီး တည်ဆောက်ပြီးသည့် အချိန်တွင် ဌာန၏ လိုအပ်ချက်အရ ဧရိယာ၏ ၁၀ပုံ ၁ပုံခန့်ကို ဈေးတာဝန်ခံရုံးနှင့် ခရိုင်ရုံးအဖြစ် အသုံးပြုရန် တည်ဆောက်ခြင်း ဖြစ်ပြီး ကျန်ရှိသည့် နေရာများကို ဈေးသူဈေးသားများ အတွက် ယာဉ်ရပ်နား နေရာနှင့် ယာဉ်ဝင်၊ ယာဉ်ထွက် လမ်းအဖြစ် အသုံးပြုထားကြောင်း ပြောပြသည်။
သင်္ကန်းကျွန်းဈေး အတွင်း ဈေးရောင်းချသူ တဦးဖြစ်သည့် ကိုသိန်းလွင်က “တကယ်ဆိုရင် သူတို့တွေက အထောက်အထားတွေနဲ့ ပြသင့်တယ်။ ကျနော်တို့က လမ်းဖြစ်ကြောင်း မြေပုံတွေ အထောက်အထားတွေနဲ့ ပြခဲ့တယ်။ ဈေးသစ် ပြန်ဆောက်တော့ ဈေးသူ ဈေးသားတွေ အတွက် အထပ်တထပ် ပြန်ရတယ်။ အဲ့ဒီအထပ်မှာ ဆိုင်ခန်း ၇၈၄ ခန်းပဲ ရှိတယ်။ ဈေးစည်ပင်က ၂ထပ် ရတယ်။ အဲ့ဒါတွေကို အခုပုဂ္ဂလိကကို ငှားလိုက်တယ်။ ပြီးမှ နေရာ မရှိပါဘူး၊ ဌာနရဲ့ လိုအပ်ချက်ပါလို့ ပြောတယ်”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ကိစ္စရပ် အရေး ဆောင်ရွက်သူများက သက်ဆိုင်ရာဌာန၏ ဆောင်ရွက်မှု အပေါ် မူတည်ကာ ဆန္ဒပြ တောင်းဆိုမှုများ ဆက် လက် ပြုလုပ်သွားမည်ဟု ဆိုသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဇန်နဝါရီ ၃၁ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ပုံမှန်အစည်းအဝေး၌ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သည့် ဦးကျော်က ထပ်မံ တင်ပြ သွားမည်ဟု သိရသည်။
သင်္ကန်းကျွန်း ဈေးကြီးသည် ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၂ ရက်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ယင်းဈေး မြေနေရာပေါ်၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် အောင်ကောင်းကျော် ကုမ္ပဏီတို့က အကျိုးတူ ပူးပေါင်းကာ ပြန်လည် ဆောက် လုပ်ခဲ့ခြင်း ဖြစ်သည်။