ပေါက်မြို့နယ်ရှိ လက်နက်စက်ရုံသတင်းကို ရေးသားခဲ့သော Unity အပတ်စဉ် ဂျာနယ်၏ နယ်ခံသတင်းထောက်ကို နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု ပုဒ်မဖြင့် အရေးယူရန် ပြင်ဆင်နေကြောင်း ပေါက်မြို့နယ် ရဲစခန်းမှူး ဦးငွေထွန်းက ဧရာဝတီကို အတည်ပြုကြားသည်။
“ဟုတ်ပါတယ်။ သူ့ကို နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု ပုဒ်မ ၃/ ၁ ( က ) ၉ နဲ့ အမှုဖွင့်လိုက်ပါပြီ။ အခု သူ့ကို ကျနော်တို့ စခန်းကနေ ပခုက္ကူမြို့က သတင်းတပ်ဖွဲ့ကို လွှဲလိုက်ပါပြီ။ ကျနော်တို့ စခန်းမှာ မရှိတော့ဘူး။ သူ့ကို ပခုက္ကူမှာ စစ်ဆေးဦးမှာပါ။ ထောင်ကို တန်းပို့မယ်တော့ မထင်ပါဘူး” ဟု ၎င်းက ပြောသည်။
ထို့အပြင် Unity ဂျာနယ်၏ CEO ဖြစ်သူ ဦးတင့်ဆန်းကိုလည်း ဖေဖော်ဝါရီ ၁ ရက်နေ့ နေ့လည်ပိုင်းတွင် ဂျာနယ်တိုက်မှ ရဲ သတင်းတပ်ဖွဲ့မှ စစ်ဆေးရန် လာရောက်ခေါ်သွားကြောင်း၊ အဆိုပါသတင်းတွင် ပူးပေါင်းပါဝင်ရေးသားခဲ့သော Unity ဂျာနယ်မှ အကြီးတန်း သတင်းထောက်များဖြစ်သူ ကိုရာဇာဦးနှင့် ကိုပိုင်သက်ကျော်တို့မှာလည်း ဂျာနယ်မှ ဆက်သွယ်၍ မရ သေးကြောင်း Unity ဂျာနယ်၏ တာဝန်ခံအယ်ဒီတာ ဦးမင်းထက်မြတ်က ပြောသည်။
ဇန်နဝါရီလ ၂၅ ရက် နေ့စွဲဖြင့်ထုတ်ဝေသော Unity ဂျာနယ် အတွဲ ၃ အမှတ် ၄ ပါ မျက်နှာဖုံးသတင်းမှာ အဆိုပါစက်ရုံအတွင်း ဝင်ရောက်လုပ်ကိုင်နေကြသော ဒေသခံများ၏ ပြောဆိုမှုကို အဓိကထား အခြေခံရေးသားထားခြင်းဖြစ်ပြီး နယ်ခံများက ဓါတု လက်နက်စက်ရုံ ဖြစ်နိုင်သည်ဟု ယူဆပြောဆိုခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
“အခု CEO ကို အထက်ကအရာရှိက တွေ့ချင်တယ်ဆိုပြီး ခေါ်သွားတယ်။ သူဘ ယ်လိုဆက်ဖြစ်မလဲဆိုတာကို စောင့်ကြည့်ရဦးမယ်။ ကျနော်တို့ဂျာနယ်ရဲ့ ဥပဒေပညာရှင်တွေနဲ့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီက တာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီးမှ ဘာ ဆက်လုပ်မလဲဆိုတာ ပြောနိုင်မယ်” ဟု ဦးမင်းထက်မြတ်က ဧရာဝတီသို့ ဆိုသည်။
Unity ဂျာနယ် အတွဲ ၃၊ အမှတ် ၄ ဂျာနယ်တွင် ဖော်ပြခဲ့သော “ဗိုလ်ချုပ်မှူးကြီးဟောင်း၊ တရုတ်ပညာရှင်နှင့် လက်ရှိ ကာ/ ချုပ်တို့၏ ပေါက်မြို့နယ်မှ လျှို့ဝှက် ဓါတုလက်နက်စက်ရုံ” ဆိုသည့် သတင်းနှင့် ပတ်သက်ပြီး မိမိကိုယ်တိုင် ဦးဆောင်ကာ အတွင်းပိုင်းအထိ ရောက်အောင်သွားကာ လေ့လာခဲ့ပြီး တိကျခိုင်လုံသော သက်သေ အထောက်အထားများပါ လက်ဝယ် ရှိထားပြီးဖြစ်ကြောင်း Unity ဂျာနယ်၏ CEO ဦးတင့်ဆန်းက ရဲများလာရောက်မခေါ်မီ ဧရာဝတီ၏ ဖုန်းဖြင့် ဆက်သွယ်မှုကို ဖြေကြားခဲ့သည်။
“ကျနော်တို့မှာ သက်သေ အထောက်အထားတွေ တိတိကျကျ ရှိတယ်။ ဒီသတင်းက သတင်းမှားလည်း မဟုတ်ပါဘူး။ တချို့အချက်အလက်တွေကို ကျနော်ကိုယ်တိုင်က နိုင်ငံတော် လျှို့ဝှက်ချက်တွေ ပေါက်ကြားသွားမှာစိုးလို့ ထည့်မရေးခဲ့ပါဘူး။ ကျနော့်ဘက်ကတော့ ရင်ဆိုင်ဖို့အသင့်ပဲ” ဟု ၎င်းက ဆိုသည်။
ဂျာနယ်၏ ထုတ်ဝေသူဖြစ်သည့် ဒေါ်လတ်လတ်ကိုလည်း သတင်းရဲတပ်ဖွဲ့များမှ သွားရောက်တွေ့ဆုံကာ ဓာတ်ပုံမှတ်တမ်းများ ရိုက်ယူသွားခဲ့သေးကြောင်း ထုတ်ဝေသူနှင့် တယ်လီဖုန်း အဆက်အသွယ်ရခဲ့သည်ဟုလည်း ဦးတင့်ဆန်းက ပြောသည်။
သတင်းတွင် ဖော်ပြပါရှိသော စက်ရုံကို ၂၀၀၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး စက်ရုံအတွက် မြေ ၃၃၃၈၇ ဧက သိမ်းယူခဲ့ကြောင်း၊ လက်ရှိအ ချိန်တွင် စက်ရုံသည် တည်ဆောက်မှု ပြီးစီးလုနီးပါးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။
ပင်မ အဆောက်အဦးနှင့် ကျန်အဆောက်အဦးများကို တောင်တလုံးခြားပြီး သံမဏိ ဥမင်လိုဏ်ခေါင်း ပေ ၁ ထောင်ကျော် ဖြင့် ဆက်သွယ်ထားကြောင်း၊ စက်ရုံအတွင်းသို့ ပေါင်းအိုအဖြူကြီးများ၊ ဘိလပ်မြေများကို ၂၂ ဘီးကားဖြင့် မကြာခဏ လာပို့သည်ကိုတွေ့ရကြောင်း၊ ဂန့်ဂေါခရိုင်ရှိ အမှတ် ၂၃ က-ပ-စ စက်ရုံနှင့် ဆိပ်ဖြူမြို့နယ်ရှိ အမှတ် ၂၂ က-ပ-စ စက်ရုံတို့နှင့်လည်း ကားလမ်းအဆက်အသွယ်ရှိကြောင်း ဖော်ပြထားသည်။