ရှမ်းပြည်နယ်မြောက်ပိုင်း၌ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) သည် ယခု ပွင့်လင်းရာသီ အတွင်း ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးအတွက် ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေကြောင်း သိရသည်။
ဘိန်းခင်းများကို TNLA စိုးမိုးသည့် အရပ်ဒေသတလျှောက်ဖြစ်သည့် မိုးမိတ်၊ မိုးကုတ်၊ နမ္မတူ၊ ကွတ်ခိုင်၊ မန်တုံ နှင့် နမ့်ခမ်းမြို့များတွင် အဓိက ဖျက်ဆီးခြင်း ဖြစ်ပြီး ဘိန်းစိုက်ပျိုးသူများကို ဘိန်းအစားထိုးအနေဖြင့် နှမ်း၊ ပြောင်းဖူးများ စသည့် သီးနှံများလည်း ထောက်ပံ့ ပေးနေကြောင်း TNLA မှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော်က ဧရာဝတီသို့ ပြောသည်။
“ဘိန်းစိုက်တဲ့သူတွေကို ပထမအကြိမ်အနေနဲ့ အသိပေးတယ်၊ ဒုတိယအနေနဲ့ လူမှုအကျိုးပြု လုပ်ငန်းဖြစ်တဲ့ တံတား၊ လမ်းတွေကို
ဆောက်လုပ်ခိုင်းတယ်၊ ဘိန်းအစားထိုးအနေနဲ့ ခန့်မှန်းခြေ ဧက ၆၀၀ ခန့် ထောက်ပံ့ပေးထားပါတယ်”ဟု ဗိုလ်မှူးကြီး တာဘုန်းကျော် က ဆိုသည်။
ဘိန်းစိုက်ပျိုးမှုသည် ယခင်နှစ်ထက် များစွာလျော့ကျခဲ့ကြောင်း၊ ၂၀၁၃ ခုနစ်တွင် ဘိန်းစိုက်ပျိုးဧက ၃၀၀၀ ကျော်ဖျက်ဆီးနိုင်ခဲ့ပြီး ဘိန်းစိုက်ပျိုးမှုမှာ သိသာစွာ ကျဆင်းခဲ့ကြောင်း၊ သို့သော် ပြည်သူ့စစ်များ စိုးမိုးသည့် ဒေသတွင် ဘိန်းစိုက်ခင်းများ ဖျက်ဆီးရန် ခက်ခဲနေသေးကြောင်း ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောဆိုသည်။
“အခု ကျနော်တို့ TNLA အနေနဲ့တော့ ဘိန်းဖျက်ဆီးမှုတွေလုပ်ပြီး ရပ်ရွာတွေမှာ ပိုစတာတွေ၊ လက်ကမ်းစာစောင်တွေ၊ ပြီးတော့ ပညာပေးမှုတွေ လုပ်နေပါတယ်”ဟု TNLA မှ စစ်ဦးစီးမှူး တဦးကလည်း ပြောသည်။
TNLA နှင့် အစိုးရ စစ်တပ်သည် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပြီး နောက်ပိုင်း တိုက်ပွဲ ၇၀ ခန့် ဖြစ်ပွားခဲ့ရာ ပြင်းထန်သည့် တိုက်ပွဲများလည်း ရှိကြောင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အင်တိုက်အားတိုက် လုပ်နေသည့်အတွက်လည်း ဘိန်းစိုက်ပျိုးသည့် ပန်းဆေး ပြည်သူ့စစ်များ၏ ခြိမ်းခြောက်မှု မကြာခဏ ခံနေရပြီး တိုက်ပွဲ ဖြစ်နေရကြောင်းလည်း TNLA စစ်ဦးစီးမှူးက ဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် အတွင်း ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ၂၆ ရာခိုင်နှုန်း တိုးလာပြီး မက်ထရစ် တန်ချိန် ၈၇၀ အထိ ရှိလာကြောင်း မကြာသေးခင်က ထုတ်ပြန်သော ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး(UNODC)၏ အစီရင် ခံစာ ၌ ပါရှိသည်။
ဘိန်းစိုက်မျိုးမှု၏ ၉၂ ရာခိုင်နှုန်းသည် ရှမ်းပြည်နယ်တွင် ဖြစ်ပြီး ကျန် ၈ ရာခိုင်နှုန်းသည် ကချင်ပြည်နယ်တွင် ဖြစ်ကြောင်း၊ ဘိန်း စိုက်ဧရိယာသည် ၂၀၁၂ ခုနှစ်တွင် ၁၇ ရာခိုင်နှုန်းအထိ တိုးလာကြောင်း၊ ဒေသတွင်း မက်သာအဖက်တမင်း စိတ်ကြွဆေး ထုတ် လုပ်ရာ အဓိက နိုင်ငံတခုဖြစ်သကဲ့သို့ အိမ်နီးချင်း နိုင်ငံများ၌လည်း မြန်မာနိုင်ငံက ထုတ်လုပ်သည့် စိတ်ကြွဆေး ဖမ်းဆီးရမိမှု ပိုမိုများပြားလာကြောင်းလည်း UNODC က ဆိုသည်။
TNLA နှင့် အစိုးရသည် ၂၀၁၃ ခုနစ် ဇူလိုင်လ ၃၁ ရက်နေ့က မူဆယ်မြို့၌ ကျင်းပသည့် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးပွဲတွင် နှစ် ဘက် ခေါင်းဆောင် များက အောင်မြင်သော တွေ့ဆုံ ဆွေးနွေးပွဲဖြစ်ကြောင်း၊ နောက်တကြိမ် တွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံး ပြုလုပ်ရန်နှင့် အပစ်အခတ် ရပ်စဲ ရေး လက်မှတ် ရေးထိုးနိုင်ရန်၊ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပြီးလျှင် အားလုံး ပါဝင် သည့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ လုပ်ဆောင်ရန် နှုတ်အားဖြင့် သဘော တူခဲ့သော်လည်း ယခုအချိန်အထိ မအောင်မြင်ခဲ့ကြောင်း သိရသည်။
“အခု လောလောဆယ်တော့ ကျနော်တို့အဖွဲ့နဲ့ အစိုးရနဲ့ ထပ်တွေ့ဖို့ အစီအစဉ် မရှိသေးပါဘူး၊ သူတို့ဘက်ကလည်း ဘာမှမပြော သလို၊ ကျနော်တို့ တင်ပြထားတာကိုလည်း ဘာမှအကြောင်းမပြန်သေးဘူး”ဟု ဗိုလ်မှူးကြီး တာဘုန်းကျော်က ဆိုသည်။
အစိုးရ စစ်တပ်နှင့် TNLA တို့ သည် ပြီးခဲ့သည် ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းတွင် နမ့်ဆန်မြို့နယ် အနောက်ကင်း ကျေးရွာအုပ်စု ဟိုလ ကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး အစိုးရတပ်မှ စစ်ကြောင်းမှူး နှင့် တပ်သား ၄ ဦး ကျဆုံးခဲ့ကြောင်း သတင်းများတွင် ဖော်ပြထား သည်။