မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော လူမျိုးရေး ပဋိပက္ခများသည် Facebook ခေါ် လူမှုကွန်ရက် အသုံးပြုသူများက ဖြစ်စဉ် တချို့အပေါ် ဦးတည်ပြီး လူမျိုး နှစ်မျိုးအကြား အမုန်းပွားမှု ပိုမို တင်းမာလာအောင် အထိန်းအကွပ်မဲ့ ရေးသား ဖော်ပြ နေသောကြောင့် ပဋိပက္ခအရှိန် ပိုမို မြင့်တက် လာရခြင်း ဖြစ်ကြောင်း မြန်မာ့မီဒီယာကို သုတေသန ပြုနေပြီး စာနယ်ဇင်းသမားများအား သင်တန်းပို့ချနေသော Internews က ဆိုသည်။မြန်မာနိုင်ငံရှိ နေ့စဉ် သတင်းစာ ၁၂ စောင်၊ ရေဒီယို ဌာန ၂ ခု၊ အင်တာနက် ဝက်ဘ်ဆိုက်နှင့် Facebook အပါအဝင် သတင်းရေးသား ဖော်ပြချက်ပေါင်း ၆၀ ကျော်၏ ပဋိပက္ခ အကြမ်းဖက်မှုဆိုင်ရာ ရေးသားမှုများအား Internews က လေ့လာ သုတေသနပြုပြီး ဖော်ပြခဲ့သည့် စစ်တမ်း ဖြစ်ကြောင်း သိရသည်။
Internews သည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ဖြစ်စဉ်များ အပေါ် မြန်မာ့ သတင်းမီဒီယာ တချို့၏ ရေးသား ဖော်ပြချက်များအား ၂၀၁၃ ခုနှစ် စက်တင်ဘာလမှ စတင်ကာ နှစ်လကြာ စောင့်ကြည့် လေ့လာမှုများ ပြုလုပ် ခဲ့သည်ဟု သိရသည်။
ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလမ် ဘာသာဝင်များ အကြား အကြမ်းဖက်မှုများ ဖြစ်ပွား ပေါ်ပေါက်ခဲ့ပြီး နောက်ပိုင်း Facebook လူမှု ကွန်ရက်ပေါ်တွင် နှစ်ဘက် အမုန်းပွားမှုများ ပိုမို များပြား လာခဲ့ကြောင်း၊ ယင်းသို့ အမုန်းပွားမှုများ ပိုမို တင်းမာ လာခြင်းသည် အထိန်းအကွပ်မဲ့ ရေးသားချက်များကြောင့် ဖြစ်ပွားရသည်ဟု လေ့လာ တွေ့ရှိရကြောင်း သုတေသန ပြုသူများက ဆိုသည်။
“Facebook ပေါ်မှာက ဒီလို ပဋိပက္ခတွေ ပိုကြီးထွားအောင် အထူးပြု ရေးသားတဲ့သူတွေက အတုအယောင် များပါတယ်။ Facebook အသုံးပြုသူတွေရဲ့ ပရိုဖိုင်းတွေဟာ အစစ် မဟုတ်ဖို့ ရာခိုင်နှုန်း ပိုများတယ်။ ဒီလို အဆိုးဝါးဆုံး ရေးသားချက်တွေရဲ့ နောက်ကွယ်မှာ ဘယ်သူတွေ ရှိနိုင်လဲဆိုတာ သိဖို့ အလွန် ခက်ခဲပါတယ်။ ဒီလို ရေးသားမှုတွေကို ဂျာနယ်၊ သတင်းစာစောင် တွေမှာ ကလောင် အမျိုးမျိုးနဲ့ နာမည် ဖျောက်ပြီး ရေးသားကြတာကို တွေ့ရပါတယ်” ဟု သုတေသနပြုရာတွင် ပါဝင်သူ တဦးက ဆိုသည်။
မြန်မာ သတင်း မီဒီယာသမားများ အနေဖြင့် ပဋိပက္ခ သတင်းများ ရေးသားရာတွင် အစိုးရ သတင်းများကို ပိုမို အားထား ရေးသားခဲ့ကြပြီး ပဋိပက္ခများ ပိုမို ဆိုးဝါးခဲ့ချိန်တွင် တခြား သတင်းရင်းမြစ်များကို ချဲ့ထွင် အသုံးပြုလာသည်ကို တွေ့ရသည်ဟု ၎င်းက ဆိုသည်။
ပဋိပက္ခ သတင်းများ ရေးသားရာတွင် ဖြစ်စဉ်၌ ပါဝင်သူများနှင့် ပတ်သတ်ပြီး အနောက်တိုင်း မီဒီယာများနှင့် မြန်မာ မီဒီယာများ အကြား ရေးသားဖော်ပြမှုမှာ မတူကွဲပြားစွာ ရေးသားမှုများရှိသည်ကို တွေ့ရကြောင်း ၎င်းက ဆက်ပြောသည်။
ယင်းအပြင် ၂၀၁၃ ဧပြီလမှ စတင် ထုတ်ဝေခွင့် ရခဲ့သော ပြည်တွင်း နေ့စဉ်ထုတ်နှင့် အပတ်စဉ်ထုတ် သတင်းစာ၊ ဂျာနယ်များက အဆိုပါ ပဋိပက္ခ သတင်းများအား မျက်နှာဖုံး သတင်းများ အဖြစ် ဖော်ပြကြပြီး အတွင်း စာမျက်နှာများ၌ ရေးသား တင်ဆက်ပုံ အမျိုးမျိုးဖြင့် ပုံနှိပ်ဖော်ပြမှု ပြုရာတွင် သတင်း အရင်းအမြစ် အားနည်းမှု၊ ဘက်လိုက် ရေးသားမှုများကို တွေ့ရကြောင်း လေ့လာမှု စစ်တမ်းတွင် ဖော်ပြထားသည်။
Internews သည် အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနား ပြည်နယ် အခြေစိုက် Non-Profit Organization တခု ဖြစ်ပြီး လက်ရှိတွင် အာရှ၊ ဥရောပ၊ အရှေ့အလယ်ပိုင်း ဒေသ၊ လက်တင် အမေရိကနှင့် မြောက်အမေရိကတို့တွင် နိုင်ငံပေါင်း ၉၀ ၌ မီဒီယာနှင့် ပတ်သက်သော ကမ္ဘာလုံး ဆိုင်ရာ သုတေသနပြု လုပ်ငန်းများ ဆောင်ရွက်လျှက် ရှိသည့်အဖွဲ့အစည်း ဖြစ်သည်။ Internews ကို ၁၉၈၂ ခုနှစ်က စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။