ကရင် အမျိုးသားအစည်းအရုံး (KNU) က အစိုးရနှင့် ပူးပေါင်း ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဧရာဝတီတိုင်း ဒေသကြီးရှိ ကရင် တိုင်းရင်းသားများထံ ရှင်းလင်း တင်ပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
KNU က ကရင် အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကော်မတီ (KUPC) နှင့်ပူးပေါင်းပြီး ပုသိမ်မြို့တွင် ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ကရင်လူထုနှင့် တွေ့ဆုံပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။ ယင်းတွေ့ဆုံပွဲ၌ KNU အဖွဲ့ ကိုယ်စား ဖဒို မန်းငြိမ်းမောင် ဦးဆောင်သော အဖွဲ့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ကရင် လူထုထံ ရှင်းလင်း တင်ပြခဲ့သည်။
“နိုင်ငံတော် အစိုးရနဲ့ ကရင် အမျိုးသား အစည်းအရုံးတို့ဟာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ အတွက် အပစ်အခတ် ရပ်စဲရေး လုပ်နိုင်ခဲ့တယ်။ အခုဆိုရင် ၂ နှစ်ကျော် ရှိပြီ။ ဒီကာလ အတွင်းမှာ ငြိမ်းချမ်းရေး အခြေအနေ၊ တိုးတက်မှု အခြေအနေတွေကို ကျနော်တို့ ကရင် အမျိုးသားတွေရော၊ ကျန်တဲ့ တိုင်းရင်းသားတွေပါ သိရှိအောင် ရှင်းလင်းတဲ့ပွဲပါ။ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ကရင် အမျိုးသားထု တရပ်လုံးကနေ ပါဝင် ထောက်ခံဖို့ အတွက် အရေးကြီး ပါတယ်။ ဒါကြောင့် လူထုကို ချပြ ရှင်းလင်း တာပါ” ဟု KNU ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဖဒို မန်းငြိမ်းမောင်က ဧရာဝတီကို ပြောသည်။
KNU၊ KUPC နှင့် ဧရာဝတီတိုင်း ဒေသကြီးရှိ ကရင် လူထု တွေ့ဆုံပွဲကို ပုသိမ်မြို့ တကောင်း ဘုရားလမ်းရှိ ကက်သလစ် ခရစ်ယာန် ဘာသာရေးဝင်း အတွင်း၌ ဇန်နဝါရီ ၃၀ ရက်နှင့် ၃၁ ရက်နေ့ တို့တွင် ကျင်းပခဲ့သည်။
KNU အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ ကရင် တိုင်းရင်းသား ရေးရာ ဝန်ကြီးများ၊ ကရင် နိုင်ငံရေး ပါတီ ခေါင်းဆောင်များ၊ ကရင် ဘာသာရေး ခေါင်းဆောင်များ၊ ကရင် လူမှု အဖွဲ့အစည်းများနှင့် ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်မှ ကရင် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အစိုးရနှင့် KNU တို့၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအပေါ် ဆွေးနွေး မေးမြန်းမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
KNU ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကိစ္စရပ်များနှင့် ပတ်သတ်ပြီး ဧရာဝတီတိုင်း ဒေသကြီး တခုလုံးရှိ ကရင် တိုင်းရင်းသား ကိုယ်စားလှယ်များကို ပုသိမ်မြို့၌ ယင်းသို့ တွေ့ဆုံ ရှင်းလင်ခြင်းသည် ပထမဆုံး အကြိမ်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်း ဒေသကြီးသည် ကရင် တိုင်းရင်းသား အများဆုံး နေထိုင်သည့် ဒေသတခု ဖြစ်ပြီး ကရင် တိုင်းရင်းသားဦးရေ ၃ သန်းကျော် ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးဌာန စာရင်းများအရ သိရသည်။
KNU ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ယခုကဲ့သို့ လာရောက် ရှင်းပြခြင်းနှင့် ပတ်သတ်ပြီး ပန်းတနော်မြို့နယ် ကရင် စာပေနှင့် ယဉ်ကျေးမှု ကော်မတီ တွဲဘက် အတွင်းရေးမှူး ၁ မန်းဝင်းမောင်က “အခုလို ဖဒို မန်းငြိမ်းမောင် ဦးဆောင်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ လာရှင်းပြတာ အရမ်း ဝမ်းသာပါတယ်။ ကျနော်တို့ အနေနဲ့လည်း ငြိမ်းချမ်းရေး လိုလားပါတယ်။ ငြိမ်းချမ်းဖို့ လုပ်ဆောင်နေတဲ့ ကိစ္စတွေကိုလည်း အားပေး ထောက်ခံတယ်။ ဟိုခေတ်အခါက မငြိမ်းချမ်းခဲ့လို့ အိမ်အောက်မှာ ကတုတ်ကျင်း တူးပြီး နေခဲ့၊ စားခဲ့ရတဲ့ ဘဝတွေကို ကျနော်တို့ ဖြတ်သန်းခဲ့ဖူး ပါတယ်။ အဲဒီလို ဘဝတွေကို ပြန်မရောက် ချင်ပါဘူး ”ဟု ပြောသည်။
ယခင် အစိုးရများ လက်ထက်က မငြိမ်းချမ်းခဲ့သည်များကို အစိုးရသစ် လက်ထက်တွင် ငြိမ်းချမ်းမှု ရရှိစေရန်နှင့် ရရှိထားသည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကိစ္စများကို နောက်ကြောင်းပြန် မလှည့်စေရန် ကြိုးပမ်းနေကြောင်း ဖဒို မန်းငြိမ်းမောင်က ဆက်ပြောသည်။
“သမ္မတကြီး ဦးသိန်းစိန် တက်လာတဲ့ နောက်ပိုင်းမှာ ပြည်တွင်းစစ် ရပ်စဲဖို့၊ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ဖို့ သမ္မတကြီးက ရိုးရိုးသားသားနဲ့ လုပ်ဆောင် အကောင်အထည် ဖော်ခဲ့တယ်။ ကျနော်တို့ သမ္မတကြီးနဲ့လည်း ၅ ကြိမ် တွေ့ဆုံခဲ့ပြီးပြီ။ သမ္မတကြီးရဲ့ တိုင်းပြည် အပေါ်ထားတဲ့ သဘောထားတွေကို ကျနော်တို့ အသေအချာ သိတယ်။ တိုင်းပြည်ကို တကယ် တိုးတက်စေချင်တဲ့ဆန္ဒ သူ့မှာ ရှိတဲ့ အတွက် နောက်ကြောင်း ပြန်မလှည့်နိုင်ပါဘူး။ ကျနော်တို့ကလည်း ပြည်တွင်း စစ်ကို နှစ်ပေါင်း ၆၀ ကျော် ဖြတ်ခဲ့ရတဲ့ လူမျိုးတမျိုး၊ အဖွဲ့အစည်း တခု အနေနဲ့ နောက်ကြောင်း ပြန်မလှည့်နိုင်အောင် ဘက်စုံ ကြိုးပမ်း နေတယ်” ဟု ၎င်းက ဆိုသည်။
သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ အဖွဲ့နှင့် KNU တို့သည် အပစ်အခတ် ရပ်စဲရေး စာချုပ်ကို ၂၀၁၂ ဇန်နဝါရီလ ၁၂ ရက်က လက်မှတ် ရေးထိုးခဲ့ကြသည်။ အပစ်အခတ် ရပ်စဲပြီး နောက်ပိုင်း ၂ နှစ်တာ ကာလအတွင်း မတော်တဆ ဖြစ်ရပ်များမှ လွဲပြီး ကရင်ပြည်နယ်၌ တိုက်ပွဲများ မရှိတော့သည့် အတွက် ဒေသခံ ပြည်သူများ စိတ်ချမ်းသာ နေကြကြောင်း ဖဒို မန်းငြိမ်းမောင်က ပြောသည်။
“အပစ်အခတ် ရပ်စဲပြီး ၂ နှစ်တာ ကာလ အတွင်းမှာ ကရင် ဒေသတွေမှာ မတော်တဆ ဖြစ်မှုက လွဲလို့ တိုက်ပွဲစဉ်တွေ လုံး၀ မရှိတော့ဘူး။ အဲဒီတော့ ပြည်တွင်းစစ်ရဲ့ဒဏ်ကို နှစ်ပေါင်း ၆၀ ကျော် ခံခဲ့ရတဲ့ လူမျိုး တမျိုး အနေနဲ့ ကျနော်တို့ ကရင် အမျိုးသားတွေ ၂ နှစ်တာ ကာလ အတွင်းမှာ တော်တော်ကို စိတ်ချမ်းသာကြ ပါတယ်။ ဒါက ငြိမ်းချမ်းရေး ဖြစ်ထွန်း တိုးတက်မှုပေါ့” ဟု ၎င်းက ဆိုသည်။
KNU က တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ကို အစိုးရနှင့် လက်မှတ် ရေးထိုးပြီးပါက ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်လှမ်းမှာ ဖြစ်ကြောင်း ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဖဒို မန်းငြိမ်းမောင်က ရှင်းပြသည်။
“တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ကို KNU အနေနဲ့ လက်မှတ် ထိုးပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲကို တက်လှမ်းမှာ ဖြစ်တယ်။အဲဒီ နိုင်ငံရေး ဆွေးနွေးပွဲမှာတော့ တတိုင်းပြည်လုံးမှာ ပါဝင် ပတ်သတ်တဲ့ အင်အားစုတွေ ဖြစ်တဲ့ အစိုးရရယ်၊ လွှတ်တော်ရယ်၊ တပ်မတော်ရယ်၊ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေရယ်၊ ဒီမိုကရေစီ အင်အားစုတွေရယ် လူထု အသင်းအဖွဲ့တွေရယ် ပါဝင်ပြီးတော့ အများ ပြောနေကြတဲ့ ပင်လုံ ကဲ့သို့သော ညီလာခံကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
KNU ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်က စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ပြည်တွင်းစစ်တွင် အရှည်ကြာဆုံး တိုက်ပွဲ ဝင်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခု ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်း ဒေသကြီးသည် ကရင် အမျိုးသား ခေါင်းဆောင်များ အများအပြား မွေးထုတ်ပေးခဲ့ရာ ဒေသတခု ဖြစ်ပြီး ယခင်က အစိုးရ စစ်တပ်နှင့် KNU တပ်တို့ကြား တိုက်ပွဲပေါင်း မြောက်မြားစွာ ဖြစ်ပွားခဲ့သည့် အနက်ရောင် နယ်မြေ ဒေသ တခု ဖြစ်ခဲ့သည်။