Ethnic Issues

ကယားပြည်နယ်က ထူးဆန်းတဲ့ ကျတ်ဂူ

This article has been converted from Zawgyi One to Unicode


ကယားပြည်နယ် လွိုင်ကော်မြို့နယ်ထဲမှာ ဝိညာဉ်တွေ ခိုအောင်းတယ်ဆိုပြီး ဒေသခံတွေကြားမှာ ပြောစမှတ်ဖြစ်နေတဲ့“ကျတ်ဂူ”လို့ခေါ်တဲ့ သဘာဝ မြေအောက် လိုဏ်ဂူကြီးထဲမှာ ရုပ်အလောင်းတွေထည့်တဲ့ အခေါင်းသဏ္ဌာန် ထူးဆန်းတဲ့ သစ်သားထွင်း အခေါင်း ကြီးတွေ ရာနဲ့ချီပြီး ရှိနေပါတယ်။

ကြီးမားပြီး ရှည်လျား လွန်းတဲ့ အဲဒီလှိုက်ဂူကြီးရဲ့ အဆုံးအဆွန်ကို ရောက်ဖူးသူ မရှိသေးတဲ့အတွက် အစအဆုံး အကွာအဝေးကို အစိုးရနဲ့ ပညာရှင်တွေဘက်ကလည်း တွက်ချက် ထုတ်ပြန်နိုင်ခြင်းလည်းမရှိသေးပါဘူး။

အဲဒီ့လှိုဏ်ဂူဟာ လွိုင်ကော် မြို့ရဲ့ အရှေ့ဘက် ၁၀ မိုင်ခန့် အကွာမှာရှိပြီး လွိုင်ကော်-ရှားတော အဝေးပြေး ကားလမ်းမကြီး ပေါ်ကနေ နောက်ထပ် ၃ ဖာလုံ လောက် ဆက်သွားရင် ရောက်နိုင်ပါတယ်။ တောင်ခြေရောက်ရင်တောင် ဂူပေါက်ဝကိုရောက်ဖို့ တောင်ပေါ်ကို ပေ ၁ ရာ ကျော်လောက်ထပ်တက်ရပါသေးတယ်။

ဂူကြီးရဲ့ အဝင်ဝဟာ အထက်အောက် ပေ ၂၀ ခန့်ကျယ်ဝန်းပြီး ပေ ၅၀ လောက်အထိပဲ အလင်းရောင်ရပါတယ်။ အထဲမှာ တော့ ပိန်းပိန်းမှောင် နေပြီး ဓာတ်မီးထိုးတဲ့ နေရာထက်ပိုပြီး အလင်းရောင်မရရှိပါဘူး။ ကျောက်ဆွယ်၊ ကျောက်ခက်တွေနဲ့ မညီညာတဲ့ ဂူအတွင်း အဝင်လမ်းတွေကြောင့် မီးမရှိရင်တော့ ဘယ်လိုမှ ဝင်လို့ ထွက်လို့ မရတဲ့ ဂူကြီးလည်းဖြစ်ပါတယ်။

ကျနော်တို့ ရောက်ရှိချိန်မှာတော့ အလင်းရောင် ရရှိဖို့ ဓာတ်မီးနဲ့ လက်ကိုင်ဖုန်းမီးတွေကို အသုံးပြုခဲ့ရပါတယ်။ အထဲမှာတော့ ကျောက်ဆောင်၊ ကျောက်ခက်တွေ ထိုးထွက်နေတာကြောင့် တချို့နေရာတွေဟာ လူတစ်ယောက်လောက်ပဲ လျှောက်လို့ရလောက် အောင် ကျဉ်းပေမယ့် တချို့နေရာတွေကြတော့လည်း ဂူရဲ့ အမြင့်ပေ ၃၀ လောက်ရှိပြီး အောက်ခြေမြေပြန့်တင် ပေ ၅၀ လောက် ကျယ်ဝန်းပါတယ်။

လင်းနို့ချေးနံ့တွေရနေတဲ့ ဂူကြီးရဲ့ အတွင်းပိုင်း နံရံတွေမှာတော့ ငွေရောင်၊ အညိုရောင်အဆင်းရှိတဲ့ သဘာဝ ကျောက်စက် ပန်းဆွဲတွေကို တွေ့မြင်ရပါတယ်။ တချို့နေရာတွေက ကျောက်ခက်ပန်းဆွဲတွေဟာ ရေတံခွန်လို ပုံသဏ္ဌာန်မျိုးတွေဖြစ်ပြီး တချို့နေရာတွေမှာ ဆင်ဦးခေါင်းနဲ့ နှာမောင်းတွေ တန်းစီထားသလိုမျိုးတွေ့ရပါတယ်။

တချို့နေရာတွေမှာ အဖုအထစ်၊ အဆွယ်တွေ အဆင့်ဆင့် ထိုးထွက်နေတဲ့ ကျောက်ဆွယ်တွေကိုလည်း တွေ့မြင့်ရသလိုတချို့ နေရာတွေမှာတော့ စိမ့်စမ်းရေတွေစိမ့်ကျနေတာ တွေ့ရပါတယ်။ ဂူအတွင်းပေ ငါးရာလောက်အရောက်မှာတော့ ဒေသခံတွေ ပြောပြောနေတဲ့ လူသေ ရုပ်အလောင် ထည့်တဲ့ အခေါင်းတွေဆိုတဲ့ သစ်သားအခေါင်းကြီးတွေကို တွေ့မြင် ခဲ့ရပါတယ်။

ကျိုးပဲ့ပျက်စီးနေတဲ့ သစ်သား အခေါင်းတွေရဲ့ အကျိုးအပဲ့ အပိုင်းအစအပုံကြီးကို မညီမညာ အစုလိုက် အပုံလိုက် တွေ့ရပါတယ်။ အကောင်းအတိုင်း ရှိနေသေးတဲ့ အခေါင်းတွေလည်း မြေပြင်ပေါ်မှာပဲတွေ့ပါတယ်။ အဲဒီ့အခေါင်းတွေဟာ အလျား ၁၅ ပေ အနံ ၂ ပေခွဲလောက်ရှိပြီး ဂူရဲ့ မြေပြင်ပေါ်မှာတင် စုစုပေါင်း ၁၅ ခုလောက် တွေ့ရသလို အလျား ၈ ပေ၊ အနံ ၂ ပေ ခွဲ လောက်ရှိတဲ့ သစ်သားခေါင်းကြီးတွေလည်း အများအပြားတွေ့မြင်ရပါတယ်။

ဂူရဲ့ အပေါ်ပိုင်းနံရံတွေပေါ်မှာတော့ အလျား၊ အနံ ၄ ပေ လောက် ရှိတဲ့ ဂူပေါက်လေးတွေတွေ့ရပြီး အဲဒီဂူပေါက်လေးတွေ ထဲမှာလည်း အောက်မှာမြင်တွေ့ရတဲ့ သစ်သားခေါင်းမျိုးတွေ ရှိနေပါတယ်။ အဲဒီအခေါင်းတွေထဲမှာနဲ့ အောက်မြေပြင်ပေါ်မှာတော့ လူအရိုးစု အစအနတွေကို တွေ့မြင်ခဲ့တာတော့မရှိပါဘူး။

တချို့ အခေါင်းတွေရဲ့ အောက်ဘက် အစွန် ၂ ခုနဲ့ အလယ်ပိုင်းတွေမှာ ကြိုးထိုးလို့ရအောင်လုပ်ထားတဲ့ အပေါက်ပုံစံတွေလည်း တွေ့ရတဲ့ အတွက်ကြောင့် တချို့က နွားစာကျွေးတဲ့ နွားစာကျင်းနဲ့ တူတယ်လို့ ပြောဆိုသူတွေလည်း ရှိပါတယ်။

ဒီဂူထဲကိုလာလည်တဲ့ နိုင်ငံခြားသားတချို့ကတော့ လှေတွေဖြစ်နိုင်တယ်လို့ ပြောဆိုကြသူတွေရှိကြသလို နွားစာကျင်းနဲ့ တူတယ်၊ ရုပ်အလောင်းထည့်တဲ့ အခေါင်းတွေနဲ့ တူတယ် စသဖြင့် အမျိုးမျိုး ထင်ကြေးပေး ပြောဆိုနေကြတာတွေပဲရှိပြီး တိကျတဲ့ အဖြေ ကတော့ ဒေသခံ အစိုးရအာဏာပိုင်တွေဆီမှာတောင် မရှိသေးဘူးလို့ စုံစမ်းသိရှိရပါတယ်။

လိုဏ်ဂူအတွင်း လမ်းတလျှောက်မှာတော့ ကျယ်တဲ့နေရာတွေက အိမ်တလုံးစာလောက် ကျယ်သလို ကျဉ်းတဲ့နေရာတွေမှာလည်း လူနှစ်ယောက် ရှောင်ရရုံသာပါပဲ။ ဂူအတွင်း မြေပြန့်ကျယ်တဲ့ နေရာတချို့က အောက်မြေပြင်ကို ခြေဖနောင့်နဲ့ ခပ်ဆတ်ဆတ်လေး ပေါက်ကြည့်ရင် အောက်က လိုဏ်သံထွက် နေပါတယ်။

လိုဏ်ဂူအတွင်းပိုင်းမှာ ပေ ၁၇၀၀ လောက်အထိ သွယ်တန်းထားတဲ့ ဓာတ်ကြိုးတချောင်းနဲ့ ခပ်စိပ်စိပ် သွယ်ထားတဲ့ မီးလုံးတချို့ ကိုတော့ ရုပ်ရှင်မင်းသား လွင်မိုးက လာပြီး လှူဒါန်းထားတာလို့ သိရပါတယ်။ မီးကြိုးသွယ်တန်းထားပုံဟာ ဂူအတွင်းပိုင်းရဲ့ အလှကိုတောင် အကျည်းတန်သလို ဖြစ်နေပါသေးတယ်။ ကျနော်တို့ သွားတဲ့အချိန်မှာတော့ မီးစက်ပျက်နေလို့ဆိုပြီး မီးမပေးနိုင်ပါဘူး။

ဒေသခံတွေနဲ့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ ပြောပြချက်အရ ဒီလိုဏ်ဂူကို ဆုံးအောင်သွားနိုင်တဲ့သူတွေ မရှိသေးတဲ့ အတွက် ဘယ်နေရာမှာ ဆုံးတယ်ဆိုတာ သိသူမရှိကြသေးဘူးလို့ သိရပါတယ်။ ဒီလိုဏ်ဂူကြီးကို ဒေသခံတိုင်းရင်းသားတွေက စတင်တွေ့ရှိခဲ့ပြီး နောက်ပိုင်းမှာ နိုင်ငံခြားသားတချို့ ၂ မိုင်လောက်အထိ ဝင်ရောက် လေ့လာခဲ့ဖူးပြီး ဂူပေါက် အဆုံးအထိကိုတော့ မရောက်ရှိခဲ့ ဘူးလို့ ပြည်နယ် အစိုးရက ပြောပါတယ်။

ဒီဂူနဲ့ ပတ်သက်ပြီး ကယားပြည်နယ် အစိုးရက သုတေသန ပြုလုပ်ဖို့ ဘူမိဗေဒ ပညာရှင်တွေကို ဖိတ်ကြားထားသလို မြန်မာနိုင်ငံ ရှေးဟောင်း သုတေသန ဌာနကို အကြောင်းကြားသွားမယ်လို့ ဆိုပါတယ်။

လိုဏ်ဂူကြီးနဲ့ပတ်သက်ပြီး အချက်အလက်တွေ ခိုင်ခိုင်လုံလုံမရှိသေးပေမယ့် ကယားပြည်နယ် အစိုးရကတော့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်တွေ လာရောက် လေ့လာနိုင်အောင်ဆိုပြီး နားနေဆောင်တခုနဲ့ ဂူပေါက်ဝအထိ ကွန်ကရစ် လှေခါးထစ်တွေ ပြုလုပ် ထားတာကိုလည်း တွေ့ရပါတယ်။

ဒီလိုဏ်ဂူကြီးကို ၁၉၆၀ ကာလတွေတုန်းက ဒေသခံတွေ စတင်တွေ့ရှိခဲ့တာလို့ အရပ်စကားတွေ အရသိရပါတယ်။ ဂူထဲမှာ လူသေ အလောင်းထည့်တဲ့ အခေါင်းပုံစံလုပ်ထားတဲ့ သစ်ခေါင်းတွေ အများအပြားတွေ့ရှိရတာကြောင့် ဒေသခံတွေက ဝိညာဉ်တွေ နေတဲ့ ဂူဆိုပြီး ကျတ်ဂူလို့ ခေါ်ဆိုကြတာလို့ ဂူအနီး ကျောင်းသင်္ကန်းတခုမှာ သီတင်းသုံးနေတဲ့ ဆရာတော် ဦးဝါယမ က မိန့်ကြားပါတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က လယ်တွေမှာ မြေသြဇာအဖြစ်သုံးဖို့ ဒီဂူကြီးထဲမှာ လင်းနို့ချေးတွေ ညအိပ် ညနေ သွားကျုံးယူခဲ့ဖူးတဲ့ လွိုင်ကော်မြို့ဒေါအူခူ ရပ်ကွက်သား ကိုအောင်လွင်နဲ့ တွေ့တော့ သူကလည်း အဲဒီတုန်းက အခြေအနေတွေနဲ့ မြင်ကွင်း ကိုပြန်ရှင်းပြ ပါတယ်။

“ကျနော်တို့ လင်းနို့ချေး ကျုံးတုန်းကဆိုရင် အဲဒီဂူထဲက အခေါင်းတွေက မပျက်စီးသေးဘူးဗျ၊ အဲဒီဂူထဲက ဂူပေါက်လေးတွေထဲမှာ ထိုးထည့်ထားတဲ့ အတိုင်းပဲ ရှိသေးတယ်၊ ဘယ်သူမှလည်း အဲဒီ အခေါင်းတွေကို သွားမတို့ရဲကြဘူး၊ ကျနော်တို့လာတာက လင်းနို့ချေး ကျုံးဖို့အတွက်ပဲလေ”လို့ ကိုအောင်လွင်က သူ့အတွေ့အကြုံကို ပြန်ပြောပြပါတယ်။

လင်းနို့ချေး တခါသွားကျုံးရင် ဂူထဲမှာပဲ ရိက္ခာ အပြည့် အစုံနဲ့ တပတ်လောက်နေပြီး ကျုံးကြတယ်လို့ ဆိုပါတယ်။ လင်းနို့ချေးဟာ စပါးပင်တွေ ရှင်သန်ကြီးထွားဖို့နဲ့ စပါးအထွက်နှုန်းကောင်းဖို့အတွက် အကောင်းဆုံးမြေသြဇာလို့ ဒေသခံတွေက ပြောပါတယ်။

လယ်သမားတွေအပြင် ဘိန်းစိုက်တဲ့ ဘိန်းတောင်သူတွေကလည်း လင်းနို့ချေးကို ဈေးကောင်းပေးဝယ်လို့ လာကျုံးတဲ့ သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဒီဂူထဲမှာတော့ လင်းနို့တွေ အနေများတဲ့ အတွက် တပတ်ကျုံးရင် လူတယောက်ကို ၁၅ တင်းလောက် ရပြီး ရက်ပြည့်မှပဲ နွားလှည်း တွေနဲ့ လာတိုက်ကြတယ်လို့ ပြောပါတယ်။ ချက်ပြုတ်စားသောက် တာတွေ ကိုတော့ ဂူအပြင်ဘက်မှာပဲ ပြုလုပ်ပြီး ညအိပ်ရင်လည်း အဲဒီဂူကြီးထဲမှာပဲ လက်နှိပ်ဓာတ်မီးတွေ အသုံးပြုပြီး နေထိုင်ကြတယ်လို့ ဆိုပါတယ်။

“လင်းနို့ချေး သွားကျုံးတဲ့အခါ တခြားလယ်သမားတွေနဲ့ အုပ်စုဖွဲ့ပြီး သွားကြတယ်၊ စားချိန်ပဲ အပြင်ထွက်တယ်၊ ဂူထဲမှာတော့ မှောင် လွန်းလို့ အချိန်တိုင်းဟာ ညပဲ၊ နေ့လယ်ဆိုတာ နာရီက ပြတာပဲသိရတာ၊ အိပ်ချိန်တွေဆိုရင်တော့ လမ်းလျှောက်တဲ့ ခြေသံတွေအရမ်းကြားရတယ်၊ အဖေက ထမကြည့်ဖို့ မကြောက်ဖို့ ကျနော့်ကို အမြဲတမ်းသတိပေးတယ်”လို့ ကိုအောင်လွင် က ပြောပါတယ်။

အစက ဒီဂူကြီးထဲမှာ ဝိညဉ်တွေ နေထိုင်ကြတယ်လို့ ဒေသခံတွေက ယုံကြည်နေကြပါတယ်။ နောက်ပိုင်းမှာ လူတွေ အဝင်အထွက် များလာပြီး အခေါင်းတွေလည်း ဘယ်သူဖျက်ဆီးလို့ ဖျက်ဆီးမှန်း မသိကြသလို လင်းနို့တွေတောင် အရင်ကလောက် မခိုအောင်းနိုင် ကြတော့ဘူးလို့ ဆိုပါတယ်။

“လင်းနို့တွေကတော့ အထဲမှာ သောင်းနဲ့ သိန်းနဲ့ချီပြီး နေကြတယ်၊ ကျနော်တို့ ချေးဝင်ကျုံးတဲ့ အချိန်တွေဆိုရင် လင်းနို့တွေ နေရာ ပြောင်းနေကြတယ်။ ကျနော်တို့ကတော့ လင်းနို့ချေးတွေရှိတဲ့ ဂူလမ်းကြောင်းအတိုင်းပဲ လိုက်ကျုံးတာ ၂ မိုင်လောက် အထိတော့ ရောက်ဖူးတယ်၊ အဆုံးအထိတော့ ဘယ်သူမှ မရောက်ဖူး သေးဘူး”လို့ ကိုအောင်လွင် ကပြောပါတယ်။

နောက်ပိုင်းမှာ ဂူထဲက သစ်ခေါင်းတွေ ဘာကြောင့်ပျက်စီးကုန်လဲ ဆိုတာကိုတော့ ဒေသခံတွေဘက်မှာ တိကျတဲ့ အဖြေမရှိပါဘူး။ နယ်မြေ မတည်ငြိမ်သေးခင် ကာလတုန်းက ဒေသတွင်းမှာ လှုပ်ရှားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေလည်း ဒီဂူထဲမှာ ခိုလှုံခဲ့ကြဖူးတယ်လို့ သိရပါတယ်။

ဒါ့အပြင် နောက်ပိုင်းမှာ သမီးရည်းစား စုံတွဲတွေလည်း ဒီဂူထဲမှာ မကြာခဏ လာရောက်ချိန်းတွေ့ကြသလို မူးယစ်ဆေးဝါး သုံးစွဲသူ တချို့လည်း ဒီဂူထဲကို ဝင်ရောက် အသုံးပြုလာကြတဲ့ အတွက် ဒေသခံတွေက ဒီဂူကြီးကို စနစ်တကျ ထိန်းသိမ်း စေချင်ကြပါတယ်။

Loading