လက်ရှိမြန်မာနိုင်ငံမှာ လူငယ်တွေရဲ့အကြား Sex Education နဲ့ပတ်သက်ပြီး ဗဟုသုတ ပျံ့ပွားမှု ဘယ်လောက် ရှိနေသလဲ၊ ဒီအပေါ်မှာ လူငယ်တွေက ဘယ်လိုလက်ခံသလဲ၊ ပညာပေးဖြန့်ဝေမှုတွေ အနေနဲ့ရော ဒီလိုပညာပေးရာမှာ ဘယ်လို အခက်အခဲ အတွေ့အကြုံတွေ ရှိသလဲဆိုတာကို မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ အမျိုးသမီး ဆရာဝန်များအဖွဲ့က ဒေါက်တာ ဒေါ်နုနုဆွေကို ဧရာဝတီ အယ်ဒီတာ အေးချမ်းမြေ့က တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။ ။ အခု မြန်မာပြည်က လူငယ်တွေ၊ ဆယ်ကျော်သက်တွေအတွက် Sex Education ပေးနိုင်မှုက အိမ်နီးချင်း နိုင်ငံတွေလောက် မလုပ်ပေးနိုင် သေးတဲ့အခြေအနေမှာ ဆယ်ကျော်သက်လူငယ်တွေ အနေနဲ့ ဒီလို Sex ကိစ္စကို စမ်းသပ်ပြီဆိုရင် ဆောင်ရန် ရှောင်ရန်တွေက ဘာတွေရှိနိုင်မလဲ။
ဖြေ။ ။ အဲဒီကိစ္စတွေကို အရင်တုန်းက Sensitive issue ဖြစ်တဲ့အတွက် ဘယ်သူမှလည်း မလုပ်ကြဘူး။ ကျမတို့က ဆရာဝန်အသင်း အနေနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက် ကတည်းက ကျောင်းတွေမှာ သွားပြီး ၆ တန်းကနေ ၁၀ တန်းအထိ အမျိုးသမီး လေးတွေကို စုလိုက်တယ်။ စုပြီးရင် မသဘာဝ ဘာညာပြောတယ်။ သူတို့က သိသင့်သမျှကို သိထားသင့်တယ်။ မသိဘဲနဲ့ စမ်းသပ်တာ အန္တရာယ်များတယ်။ အလင်းရောင်လေးရှိတဲ့ နေရာကိုသွားတာ ကောင်းတယ်လေ။ မှောင်ထဲကို မသိဘဲနဲ့ စမ်းတဝါးဝါးသွားတာ မကောင်းဘူး။ အရမ်း စိုးရိမ်စိတ်ပိုတဲ့ လူကြီးတွေကတော့ ဒါတွေကို ဒီလို အရွယ်လေးတွေမှာ
သိအောင် ပြောလိုက်ရင် သူတို့တွေရဲ့ စိတ်ကို နှိုးဆွသလို ဖြစ်မလားဆိုပြီးတော့ ဆောင်ရန်ရှောင်ရန် မရောက်ခင်မှာကို အတိုက်အခံ လုပ်ပြီးတော့ အမျိုးသမီးဆရာဝန်အဖွဲ့က မသဘာဝ ဆယ်ကျော်သက်ဘဝ ဆိုပြီးတော့ ပြောတယ်။ အဓိက ကတော့ ဆောင်ရန် ရှောင်ရန်တွေက ဆယ်ကျော်သက်လို့ ပြောလိုက်ပေမယ့် အမျိုးသမီးတွေဘက်က ပိုပြီးတော့
နစ်နာဆုံးရှုံးနိုင်ချေ များတယ်လေ။ အဲဒါကြောင့် အမျိုးသမီးတွေကို ပိုပြီးတော့ ဦးစားပေးပြောတယ်။ လူနေမှုစနစ်က တံခါးဖွင့်ဆို၊ ဖွင့်နေတဲ့အချိန်မှာ အကုန်လုံးဝင်လာမယ်။ အဲဒီမှာ ကိုယ်က နည်းမှန်လမ်းမှန်
အသိမပေးဘဲနဲ့ သူတို့ဟာသူတို့ ရှာဖွေမှာပဲလေ။ ဒါ စူးစမ်းတဲ့အရွယ်၊ အဲဒီမှာ မဟုတ်တဲ့၊ မမှန်တဲ့ အချက်တွေတွေ့ရင် အန္တရာယ် အရမ်းများတယ်။ အဲဒါကို မျှော်တွေးပြီးတော့၊ အတိုက်အခံလုပ်ပြီးတော့ ကျောင်းတွေမှာ မ သဘာဝကိစ္စ
ပြောတယ်။
အရေးကြီးတဲ့ အန္တရာယ်က ကိုယ်ဝန်တခုတည်း မဟုတ်ဘူး။ လိင်ကတဆင့် ကူးစက်တဲ့ STD လို့ခေါ်တဲ့ အရာတွေရဲ့ အန္တရာယ်။ AIDS ပဲ လူတွေက ကြောက်တာ။ အသည်းရောင် အသားဝါပိုးတွေ၊ အဲဒါတွေကလည်း တသက်လုံး လူလုံးမလှဘူးလေ။ နောက်ဆက်တွဲ ကင်ဆာတွေ၊ ဘာတွေ ဖြစ်တယ်။ အဲဒါမျိုး ဆိုးကျိုးတွေ အများကြီးရှိတယ်။ ဘယ်အသက်အရွယ် မဆို လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေက အန္တရာယ် ဖြစ်တယ်ပေါ့။ ကိုယ်ဝန်ရတယ် ဘာဖြစ်လဲ။ ကိုယ်ဝန်ရသွားရင် ဖျက်ချလိုက်မယ်။ ဖျက်ချပြီးရင် နောက်အပျိုလိုပဲ နေပြီးတော့ အိမ်ထောင်ပြုကြမယ် ပေါ့နော်။ ဒီလူနဲ့ပဲ ယူရင်လည်း ယူမယ်ပေါ့။ အဲဒီလိုမျိုးတွေ တိမ်တိမ်လေးမတွေးဖို့ပေါ့နော်။ ကိုယ့်အတွက်က ဘယ်လောက် အန္တရာယ်များလဲ၊ ကိုယ်ဝန် ဖျက်ချတာရဲ့ နောက်ဆုံး အောင်မြင်သွားတဲ့ လူတွေက ဒီလိုပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ နေကြတယ်လို့ လူတွေက ထင်တယ်။ ဒါပေမယ့် တကယ်တော့ အဲဒီလိုမဟုတ်ဘူး။ တကယ်လို့ ဒီလူနဲ့ မဟုတ်ဘဲ၊ ကိုယ့်ကို တန်ဖိုးထားတဲ့ လူနဲ့ အိမ်ထောင်ကျပြီး ကလေးယူမယ်ဆိုရင် ကိုယ်လိုချင်တဲ့ အချိန်ကျရင် မရတော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်ဝန်ဆောင်တဲ့ သားအိမ်ကနေ လမ်းကြောင်းတွေကို ဖျက်ဆီးလိုက်တဲ့အချိန်မှာ ပိုးဝင်တယ်၊ အနာဖြစ်တယ် ဆိုရင် အနာရွတ်တွေ ဘာတွေက သားဥပြွန် ဆင်းတဲ့ လမ်းကြောင်းမှာ အနှောင့်အယှက်ဖြစ်တယ်။ နောက်ပြီး ဒီထက်ပိုဆိုးတာက မီးယပ်ပိန်၊ မီးယပ်ခြောက် ဖြစ်တာ။ အိမ်ထောင်ပြုတဲ့အချိန်မှာ ကိုယ့်အိမ်ထောင်ရေး သာယာမှုမရှိတာပေါ့။ ဒါတွေက လူတွေမသိတဲ့ နောက်ဆက်တွဲ
ဆိုးကျိုးတွေပေါ့။
မေး။ ။ ဒီကိစ္စတွေမှာ မိန်းကလေးတွေကို ပညာပေးတယ်ဆိုတော့ ယောကျာ်လေးတွေကရော အန္တရာယ် မရှိနိုင်ဘူးလား။
ဖြေ။ ။ အဲဒီဟာတွေကို လုပ်တာကျတော့ ဆရာဝန်အသင်းမှာ Reproductive health ဆိုတာ၊ ဆယ်ကျော်သက် မျိုးဆက်ပွား ကျန်းမာရေး ဆိုတာ ရှိတယ်။ အဲဒါကတော့ Mobile Educator တွေ ဆင်းပြီးတော့ ပြောတယ်။ အဲဒီမှာ ယောကျာ်လေး တွေကို ဘာပြောလဲဆိုတော့ သူတို့က ကိုယ်ဝန်မရနိုင်လို့ ကိစ္စမရှိတာ မဟုတ်ဘူး။ နောက် ကိုယ့်ဆီကနေ တဆင့် STD ကို ဖြန့်ဖြူးတဲ့ ကိစ္စဟာ အလွန် အရေးကြီးတယ်ဆိုတာ ပြောတာပေါ့။ ကျမတို့ အကြောက်ဆုံးကတော့ တသက်လုံး ကုနေရမယ်၊ လူမှုအသိုင်းအဝိုင်းထဲမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်နေမှာလေ။ အဲဒီလိုဆို သူ့လုပ်အားကိုလည်း ဆုံးရှုံးမယ်၊ သူကို ဝိုင်းစောင့်ရှောက်ရတဲ့ လူတွေအတွက်လည်း လုပ်အားဆုံးရှုံးမယ်။ တိုင်းပြည်အတွက်လည်း တိုးတက်ဖွံ့ဖြိုးမှုမှာ နှေးနိုင်မယ် ပေါ့နော်။ အနှောင့်အယှက် ပြုနိုင်တဲ့ ကိစ္စရပ်အားလုံးကို ကျမတို့က ကူညီပြီးတော့ တိုက်ဖျက်ပေးတာပေါ့။ မှန်ကန်တဲ့ အသိ သူတို့မှာ ရှိသွားအောင်ပေါ့။ လူငယ် တော်တော်များများက ဒါကိုလုပ်၊ ဒါမလုပ်နဲ့ဆို မကြိုက်ဘူး။ ဘာလုပ်လဲ ဆိုတော့ ပုဂ္ဂိုလ်ခင်မှ တရားမင်မယ် ဆိုသလိုလေ သူတို့ ယုံကြည်စိတ်ချတဲ့၊ သူတို့အားကိုး စိတ်ချတဲ့ လူကိုပဲ ပြန်ပြီးတော့ Educate လုပ်စေတယ်။ Educate ဆိုတာ ပြောတော့ လွယ်တယ်။ အခုနောက်ပိုင်း ကမ္ဘာမှာ Health Education က Education နဲ့ မပြီးဘူး။ Health Promation နော်၊ Promation လာရမယ်။
မေး။ ။ အခုနောက်ပိုင်းမှာ မလိုချင်ဘဲရတဲ့ ကိုယ်ဝန်ကိစ္စ၊ အဲဒါတွေက ဘယ်လောက်အထိ များလာလဲ။
ဖြေ။ ။ အရမ်းများတယ်။ ကိုယ် လက်တွေ့လုပ်နေတဲ့ ဆေးခန်းမှာဆိုရင်လေ အမျိုးကောင်း သမီးလေးတွေလည်း ရောက်လာတယ်။ သူတို့ဟာ ပိုက်ဆံလိုချင်လို့လည်း မဟုတ်ဘူး၊ အပျော်ရှာချင်လို့လည်း မဟုတ်ဘူး။ ကံမကောင်း အကြောင်း မသင့်လို့ ဖြစ်မယ်။ စောစောကလို Sex Education မရှိတဲ့ဟာ အဓိက အချက်လို့ ထင်တယ်။ ရည်းစားရှိတဲ့ ကောင်မလေး တယောက်ကို သမီးရေ ဒီလိုတော့ မနေနဲ့ ဘယ်အချိန်က ကိုယ်ဝန်ရှိနိုင်တယ်။ ဒါတွေ ကိုယ့်ကို ကျူးလွန်မခံနဲ့ ပြောလိုက်လို့ ရှိရင် ဘယ်အချိန်ကတော့ ဖြစ်နိုင်တယ် ဆိုပြီး အဲဒီအချိန်မှာ တခါတည်း ပါသွားမှာ။ အဲဒါ ဆိုရင် ဘယ်အချိန်မှာ နေလို့ရတယ် ဆိုတာကြီးပါ သင်ပေးသလိုမဖြစ်အောင် အဲဒါ အရမ်းအန္တရာယ် ကြီးတယ် ဆိုတာတော့ ပြောတတ်ဖို့ လိုတယ်။ ကျမတို့က ရယ်စရာပြောတယ် ပေါ့နော်။ ကလေးတွေကို ခိုးစားနည်း သင်အပေးနဲ့ဆိုတာ ကိုယ်ပြောကာမှ သူတို့ ခိုးစားတတ်သွားရင် ဒါကြီးကို ကိုယ်ဝန်လည်း မရနိုင်ပါဘူးကွာဆိုပြီး အဲဒီလိုမျိုး Attitude ဘက် ရောက်သွားမှာ၊ အရမ်း အန္တရာယ်များတယ်။
မေး။ ။ ငယ်ရွယ်တဲ့အချိန်မှာ၊ ဥပမာ – ၁၄ နှစ်ကနေ ၁၆ နှစ်ပေါ့။ အဲဒီလိုဝန်းကျင်မှာ ကိုယ်ဝန်ဆောင်မိ၊ ကိုယ်ဝန်လွယ်မိရင် အန္တရာယ် ဘယ်လိုရှိနိုင်လဲ။
ဖြေ။ ။ ဆေးပညာ အလိုအရတော့ ၁၈ နှစ်ကနေ ၃၅ နှစ်ဟာ ကိုယ်ဝန်ဆောင်ရတာ အသင့်လျော်ဆုံးပဲလို့ ပြောတယ်။ ရုပ်ခန္ဓာ အရတော့ အန္တရာယ်တွေတအား မများဘူးပေါ့နော်။ လူတွေက ထင်တယ်၊ ငယ်ငယ်ရွယ်ရွယ် ဆိုရင်
အန္တရာယ်တွေ များတယ်လို့။ အမှန်မှာတော့ သိပ်မရှိဘူးလို့ ပြောတယ်။ စိတ်ကြောင့်၊ စိတ်ဖိစီးမှုတွေရှိပြီးတော့ ရုပ်ခန္ဓာ အားနည်းတာတို့ မစားနိုင်တာတို့ သူတို့ အဆင်သင့် မဖြစ်ရင် သူတို့ အပေါ်မှာ ဒါကြီးက စိတ်ဒဏ်ရာ ရမယ်လို့ ထင်တယ်။ တကယ် အန္တရာယ် များတာကတော့ ၃၅ နှစ်ကျော် ၄၀ သက်ကြီးပိုင်း သားဦးမွေးတာ။
မေး။ ။ အခုအချိန်မှာ Valentine’s Day ကလည်း နီးလာပြီလေ။ Valentine’s Day ဆိုတာ အရင်တုန်းက မြန်မာပြည်မှာ သိပ်ခေတ်မစား ပေမယ့် အခု နောက်ပိုင်း အရမ်း ခေတ်စားလာတယ်။ အဲဒီလို ရက်တွေမှာ စုံတွဲတွေ အတူနေကြမယ် ဆိုတာမျိုး ဖြစ်လာတဲ့အခါကျတော့ အဲဒီနေ့ အတွက်၊ လူငယ်စုံတွဲတွေ အတွက် စကား လက်ဆောင် တခုလောက် ပေးပါလား။
ဖြေ။ ။ လူငယ်တွေအတွက်တင် မကဘူး၊ အဓိက ကတော့ ဘေးက ဝိုင်းဝန်းပြီး မြှောက်ပေးနေတဲ့ မီဒီယာတွေရယ်၊ စီးပွားရေးသမားတွေရယ် အဲဒါတွေကစပြီး ပိတ်ရမှာ။ ကလေးဆိုတာတော့လေ ဒီလိုပဲ မြှောက်ပေးတော့ သူတို့ဟာသူတို့တော့
ဟုတ်တယ်ထင်နေမှာပဲ။ ဘေးက အရမ်းလိုတယ်။ ကိုယ့်ရဲ့ စီးပွားရေးပေါ့။ ကိုယ့်နာမည် ကြော်ငြာတခု အတွက်၊ မြန်မာနိုင်ငံရဲ့
သားကောင်းရတနာ လေးတွေကို ချောက်ထဲ တွန်းမပို့ စေချင်ဘူး။ အဲဒီနေ့ဆို ဟိုတယ်တွေ ပြည့်လို့ဆိုတာ ကြားတယ်။ တည်းခိုခန်း တွေမှာ အကုန်ပြည့်နေတယ် ဆိုတော့ ဒါ မဖြစ်သင့်ဘူးလေ။ တံခါးဖွင့်တာ ဟုတ်တယ်။ သို့သော်
တံခါးဖွင့်လာရင် စောစောက ပြောသလို ဖုန်တွေ သဲတွေ ဝင်လာတဲ့အထဲမှာ ဒီဖုန်ကတော့ အဆိုးဆုံးပဲ။ ဘဝပျက်နိုင်တဲ့ ဖုန်မှုန်တွေ။ အဲဒါတွေကိုတော့ ကာကွယ်ရမယ်ဆိုတော့ ဘေးက ပံ့ပိုးမှုကို ဝိုင်းဝန်းပြီးတော့ပေါ့နော်၊ ဥပမာ – သီချင်းဆို ပြိုင်ပွဲ၊ ဒီလို ရိုးရိုးသားသား လေးတွေတော့ ကောင်းပါတယ်။ ဒါပေမယ့် မြန်မာ့ရိုးရာ အစဉ်အလာ ရှိတယ်လေ။ ကိုယ့်ဟာကိုယ် ယူကာမှသာ ယူရော ဒီရည်းစား တယောက် အနေနဲ့ ဘာဖြစ်လို့ ဒီလိုပေါ်တင်ကြီး ဒါ ကျမချစ်သူပါလို့ မိန်းကလေးတွေ အနေနဲ့ရော ပြတာတော့ မကောင်းဘူး။ ဘယ်သူ ကြိုက်ကြိုက် မကြိုက်ကြိုက် ဒါကတော့ ကိုယ့်အမြင်ပဲ။ နေရာတကာမှာ ခေတ်ဆန်လွန်းတာ၊ နိုင်ငံခြားကနေ ပုံတူကူးချတာတော့ မကောင်းဘူး။ လူငယ်တွေကို ဘာပြောချင်သလဲ ဆိုတော့
စကားတခွန်းက ချစ်တာက ချစ်ပါ၊ ချစ်လို့ရတယ်လို့။ နောင်တချိန်မှာ နောင်တရစရာ ဆိုတာ ပြန်ပြင်လို့ရမယ့် အမှားဆိုရင်
တော်သေးတယ်။ ကိုယ့်ဘဝကို အရိပ်မည်း ထိုးမယ့်ဟာမျိုးကို ဘယ်လိုမှ မလုပ်ပါနဲ့၊ ချစ်သူထားတဲ့အရွယ် ဆိုတာလည်း တနည်းနည်းတော့ ဝေဖန်နိုင်ပြီ၊ စဉ်းစားနိုင်ပြီ၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားသလို ကိုယ့်ရဲ့ လက်တွဲဖော်ကိုလည်း တန်ဖိုး ထားပါ။ အချစ်နဲ့ Sex ကို မရောထွေးပါနဲ့၊ စောင့်စည်းပြီးတော့ သစ္စာရှိတဲ့ အချစ်ကသာ ဘဝလမ်းကို ဖြောင့်ဖြူးနိုင်ပါတယ် ဆိုတာ ပြောချင်ပါတယ်။