ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ ချောင်းသာကမ်းခြေရှိ လက်ရှိတပ်ပိုင်မြေများပေါ် ကျူးကျော်သည်ဟူသော ဒေသခံ ၂၀၀ ကျော် ကို အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) က ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။
ထိုဒေသခံများကို ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ ဖြင့် ပုသိမ်မြို့နယ် တရားရုံး၌ တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း၊ တရားစွဲခံရသူများ သည် ကျူးကျော် နေထိုင်သူ ၂၀၉ ဦး နှင့် မူလ မြေပိုင်ရှင်များ၏ သားသမီး ၁၃ ဦး ပါဝင်ကြောင်း တရားစွဲခံရသူများက ပြောသည်။
ပုသိမ်မြို့နယ် ရွှေသောင်ယံ မြို့နယ်ခွဲ ချောင်းသာ ကျေးရွာရှိ တပ်ပိုင်မြေ ၃၃.၉၆ ဧကပေါ်တွင် မူလမြေပိုင်ရှင်များက ခြံစည်းရိုးများ ကာရံခဲ့ပြီး အဆောက်အအုံများ ဆောက်လုပ်ခဲ့သည့် အတွက် နတခ က ချောင်းသာ ရဲစခန်းတွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက တကြိမ်၊ ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် တကြိမ် အမှုဖွင့်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်တွင် ပုသိမ်မြို့နယ် တရားရုံး၌ တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မူလ မြေပိုင်ရှင် သားသမီး တဦးလည်း ဖြစ်ပြီး တရားစွဲ ခံနေရသည့် ချောင်းသာ ကျေးရွာမှ ဒေါ်သန်းအုန်းက“ကျမတို့ကို နတခက ဒု ဗိုလ်မှူးကြီး သက်ထွန်းက တရားလိုလုပ်ပြီး တရားစွဲထားတာ ဖြစ်ပါတယ်။ တရားစွဲ ခံနေရသူ(မူလမြေပိုင်ရှင် သားသမီး)က ၁၃ ဦး ရှိတယ်။ အကုန်လုံးက အရင်တုန်းက မြေသိမ်းခံခဲ့ရတဲ့ မူလ မြေပိုင်ရှင်တွေရဲ့ သားသမီးတွေပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလက ချောင်းသာ ရဲစခန်းကနေ ကျမတို့ကို ပုသိမ် တရားရုံးကို ခေါ်သွားပြီး ရုံးတင်ခဲ့တယ်။ အာမခံပေးမယ့် လူက ၂ ဦးပဲ ခေါ်သွားမိလို့ ခံဝန် လက်မှတ် ထိုးဖို့ အဆင်မပြေခဲ့ဘူး။ တရားရုံးက နောက်တကြိမ် ထပ်ခေါ်မယ် ပြောတယ်”ဟု ဧရာဝတီကို ပြောသည်။
ယင်းအမှုများကို ချောင်းသာ ရဲစခန်းက ပြစ်မှု နံပါတ် ၅၉/၂၀၁၂၊ ပြစ်မှု နံပါတ် ၅၆/၂၀၁၃ တို့ဖြင့် လက်ခံ အမှုဖွင့်ထားခြင်း ဖြစ် သည်။
ချောင်းသာ ကျေးရွာရှိ အုန်းခြံနှင့် လယ်မြေများကို ပုသိမ် ခရိုင် အုပ်ချုပ်ရေးမှူး ဗိုလ်မှူး ရင်စိန်က ၁၉၉၆ ခုနှစ်တွင် သိမ်းယူခဲ့ပြီး တပ် ပိုင် ဧည့်ရိပ်သာ ဆောက်လုပ်ရန် မြေ ၃၃.၉၆ ဧကအား နတခ သို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြေသိမ်းစဉ်က အသီးရှိသည့် အုန်းပင် တပင်လျှင် ၃၅၀ ကျပ်၊ အသီး မရှိသည့် အုန်းပင်ကို ၂၀၀ ကျပ် နှုန်းသာ လျော်ကြေး ပေးခဲ့ ကြောင်း၊ ချောင်းသာ ဒေသခံများ ဓားမဦးချ ခုတ်ထွင်ရှင်းလင်းခဲ့သည့် မြေများအတွက် လျော်ကြေးပေးခြင်း လုံးဝမရှိကြောင်း ဒေသခံ များက ပြောသည်။
ယင်းမြေများပေါ်တွင် တပ်ပိုင်ဧည့်ရိပ်သာတခု ဆောက်လုပ်ခဲ့ပြီးနောက် မြေလွတ် ၁၅ ဧကခန့် ကျန်ရှိနေခဲ့ကြောင်း၊ တပ်ပိုင်မြေများ ပြန်ပေးရန် သတင်းများ ထွက်ပေါ်လာချိန်တွင် ကျူးကျော်သူများ ဝင်ရောက်နေထိုင်မည်ကို စိုးရိမ်သည့်အတွက် ခြံစည်းရိုးများ ကာ ရံ၍ အဆောက်အအုံများ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ချောင်းသာဒေသရှိ မူလမြေပိုင်ရှင်များ၏ သားသမီးများက ပြောဆိုသည်။
“ကျနော်တို့ မြေတွေကို တပ်က ၁၉၉၆ ခုနှစ်က သိမ်းသွားပြီးတော့ အဆောက်အအုံတချို့ပဲ ဆောက်လုပ်ခဲ့တယ်။ ဘာမှ မဆောက် ဘဲ မြေလွတ်အဖြစ်ထားတဲ့ မြေက ၁၅ ဧက လောက်ရှိတယ်။ အဲဒီ နေရာမှာဆို ချုံနွယ်တွေနဲ့ ဒီအတိုင်းပဲ ထားခဲ့တာပါ။ တပ်ပိုင်မြေ တွေ ပြန်ပေးမယ်လို့ သတင်းထွက်လာတဲ့ အချိန်မှာ တခြား ဒေသကနေ ချောင်းသာကို လာနေကြတဲ့ ကျူးကျော် သမားတွေက အဲဒီ မြေလွတ်တွေမှာ ဝင်နေဖို့ ပြင်နေကြတယ်။ အဲဒါနဲ့ ကျနော်တို့ မြေတွေကို ကျူးကျော်တွေ ဝင်လာမှာ စိုးလို့ ခြံစည်းရိုးခတ်တာ တွေ၊ အဆောက်အအုံ ဆောက်တာတွေ လုပ်ခဲ့ကြတာပါ”ဟု တရားစွဲ ခံနေရသူ တဦး ဖြစ်သည့် ဦးကိုကိုလွင်က ပြောသည်။
ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းထားသည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှု စုံစမ်း စစ်ဆေးရေး ကော်မတီ အစီရင်ခံစာ အပိုင်း (၁) အရ ဧရာဝတီတိုင်း ဒေသကြီးတွင် တပ်မတော်မှ သိမ်းဆည်း ထားသည့် မြေ ၅၀၀၆.၁၂ ဧက ရှိကြောင်း၊ ယင်းမြေများ အနက်မှ ၈၂၄.၁၈ ဧက ကို ကာကွယ်ရေး ဝန်ကြီးဌာနက တိုင်းဒေသကြီး အစိုးရထံ ပြန်လည် အပ်နှံထားကြောင်း သိရသည်။
ရာခိုင်နှုန်းအားဖြင့် ကာကွယ်ရေး ဝန်ကြီးဌာနက ဧရာဝတီတိုင်း ဒေသကြီးရှိ တပ်သိမ်း မြေများ၏ ၁၆.၄၅ ရာခိုင်နှုန်းသာ ပြန်လည် ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“ကော်မရှင်က မသုံးတဲ့ မြေတွေ ပြန်ပေးဖို့ အကြံပြု ထားတယ်၊ ပြည်ထောင်စု လွှတ်တော်ကလည်း ဒီအစီရင်ခံစာတွေကို တရားဝင် အသိအမှတ် ပြုပြီးသွားပြီ၊ ကာချုပ်ကလည်း ပြန်ပေးမယ် ပြောထားတယ်၊ ပြန်ပေးမယ့် အသံတွေ ထွက်တဲ့ နောက်ပိုင်း ဘာတွေ ဖြစ်လာလဲ ဆိုတော့ တပ်တွေကနေ မူလ မြေပိုင်ရှင်တွေကို ပြန်ပေးရမှာ စိုးလို့ ပိုင်နက် ကျူးလွန်မှု၊ အကျိုး ဖျက်ဆီးမှုတွေနဲ့ တရား စွဲ လာတာ တွေ့ရတယ်၊ ဒါတွေက လုံး၀ မဖြစ်သင့်တဲ့ ကိစ္စတွေပါ”ဟု လူ့အခွင့်အရေး လှုပ်ရှားသူ ကိုထွန်းထွန်းဦးက ပြောသည်။
ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းထားသည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်း စစ်ဆေးရေး ကော်မတီ ထံသို့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ အထိ မြေသိမ်းမှုနှင့် ပတ်သက်သည့် တင်ပြ တိုင်ကြားစာပေါင်း ၅၆၅ စောင်ရှိပြီး စစ်တပ် သိမ်းမြေ ၂၄,၇၀၇၇. ၆၀ ဧက ရှိကြောင်း ယင်း ကော်မတီက ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသည့် အစီရင်ခံစာ အရ သိရသည်။