မြန်မာနိုင်ငံက အမျိုးသမီး ဂီတအဖွဲ့ဖြစ်တဲ့ Me & Ma Girl အဖွဲ့ဟာ VIMA Asia Music Award ဆု ရွေးချယ်တဲ့ အထဲမှာ နောက်ဆုံး ဆန်ခါတင် အဆင့်ထဲ ပါဝင်နေတယ်လို့ သိရပါတယ်။
သူတို့ အဖွဲ့ဟာ အရင်တုန်းက ၃ ဦးပါဝင်ခဲ့ပေမယ့် အခုချိန်မှာ အဖွဲ့ဝင် နှစ်ဦးဖြစ်တဲ့ အမွန်းနဲ့ Kimi သာရှိတော့တာပါ။ နောက်ပြီး သူတို့နှစ်ဦးသာ ဒီအဖွဲ့ အနေနဲ့ ဆက်လက်ပြီး အနုပညာအလုပ်တွေ လုပ်သွားမယ်လို့လည်း အမွန်းက ဟြေပါတယ်။
Me & Ma Girl ရဲ့ သီချင်းဖြစ်တဲ့ Girl Strong ဆိုတဲ့သီချင်းဟာ ၂၀၁၃ ဧပြီလောက်မှာ ထွက်ထားခဲ့တာ ဖြစ်ပြီး Music Vedio ကလည်း ၂၀၁၃ ထဲမှာပဲ ထွက်ထားခဲ့တာပါ။ အဲဒီသီချင်းလေးကို VIMA ဆိုတဲ့ အာရှ ဂီတဆုပေးအဖွဲ့က အကောင်းဆုံး Pop သီချင်း၊ အကောင်းဆုံး Music Vedio များအဖြစ် ဆန်ခါတင်အဆင့်ထဲမှာ ထည့်သွင်းလိုက်တာလို့ သိရပါတယ်။
“အဓိကကတော့ LA အခြေစိုက် Power Music INC ကုမ္ပဏီက ညီမတို့ကို သီချင်းရေးတာလည်း ကူပေးခဲ့တယ်၊ ဒီ Girl Strong ဆိုတဲ့ သီချင်းလေးကိုလည်း Joseph ဆိုတဲ့ နာမည်ကြီးဒါရိုက်တာ ကပဲ ရိုက်ထားပေးတာပါ။ ညီမတို့ကတော့ သေချာ လေ့ကျင့်ပြီး ဆိုခဲ့ရတယ်၊ Music Vedio အတွက်လည်း Work Up တွေ၊ Training တွေ ဆင်းခဲ့ရပါတယ်။ နောက်ပြီး နိုင်ငံတကာမှာ နာမည်ကြီးနေတယ်လို့ အဟြေခံရတာနဲ့ ညီအောင် ကြိုးစားနေတုန်းပဲ ရှိပါသေးတယ်။ ညီမတို့ Me & Ma Girl က မြန်မာနိုင်ငံကနေ Hollywood မှာသွားပြီး ပထမဆုံး အသံသွင်းခွင့်ရတဲ့၊ သီချင်းဖြန့်ခွင့်ရတဲ့ International Girl Band ဖြစ်တာမို့ လူသိများနေတာ ဖြစ်ပါတယ်။ အဲဒါနဲ့ ထိုက်တန်အောင်လည်း ညီမတို့ အရမ်းကြိုးစားနေကြပါတယ်” လို့ အမွန်းက ဧရာဝတီကို ဟြေပါတယ်။
သူတို့ အဖွဲ့ကိုနိုင်ငံတကာက အားပေးနေပေမယ့် မြန်မာနိုင်ငံမှာ သိပ်အားပေးမှု မရှိသေးတာနဲ့ ပတ်သက်လို့ အမွန်းက မြန်မာ ပရိသတ်က သိပ်မသိသေးတာကြောင့်လည်းပါတယ်လို့ ဆိုပါတယ်။
“ပရိသတ်က နာမည်တော့ ကြားဖူးမယ်၊ ညီမတို့က သီချင်းတွေကို အင်္ဂလိပ်လို ဆိုတာတွေပဲ များတယ်၊ ညီမတို့ ပထမ ထွက်ထားတဲ့ မင်္ဂလာပါ ဆိုတဲ့ အယ်လ်ဘမ်လေးက အများကြီး မဖြန့်လိုက်ဖြစ်ဘူး။ အဲဒီတုန်းက Producer လည်း မရှိတော့ ညီမတို့ ကိုယ်တိုင် ကိုယ့်ခြေကိုယ့်လက်နဲ့ လုပ်ရတာဆိုတော့ အဲဒီ အားနည်းချက်တွေကြောင့် ညီမတို့ရဲ့ အခွေက အောင်မြင်သင့် သလောက် မအောင်မြင်ခဲ့ဘူး၊ Me & Ma Girl အဖွဲ့လို့ လူတွေသိတာက LA ကို သွားတာကြောင့်ပါ။ အခုလည်း ညီမတို့ကို မြန်မာနိုင်ငံက ပရိသတ်တွေ သိအောင်လို့ သီချင်းလေးတွေ တင်ဆက်နေပါတယ်” လို့ သူက ဆက်ဟြေပါတယ်။
မြန်မာ တေးဂီတ အဖွဲ့အနေနဲ့ နိုင်ငံတကာနဲ့ ယှဉ်နိုင်အောင်၊ အာရှမှာ တန်းဝင်အောင် Me & Ma Girl တစိုက်မတ်မတ် ကြိုးစားခဲ့ရတယ်လို့ သိရပါတယ်။
“Commitment ကအရေးကြီးတယ်လို့ ထင်ပါတယ်၊ နိုင်ငံတကာပဲ သွားသွား၊ မြန်မာနိုင်ငံမှာပဲလုပ်လုပ် Commitment က အရေးကြီးပါတယ်၊ International ကိုသွားမယ်ဆိုတော့ ပိုပြီးတော့ အရေးကြီးပါတယ်။ လေ့ကျင့်မှုတွေ၊ သင်ကြားမှုတွေ၊ သင်ယူမှုတွေ အရမ်းများပြီး ကြိုးစားရတော့ ဒီအဖွဲ့အနေနဲ့ ရာနှုန်းပြည့် Commitment ရှိနေမှ အဆင်ပြေမှာပါ” လို့ အမွန်းက ဟြေပါတယ်။
သူတို့အဖွဲ့ စတင်စဉ်က အဖွဲ့ဝင် ငါးဦးရှိခဲ့ပြီး ငါးဦးကနေမှ လေးဦး၊ နောက်ဆုံးမှာ နှစ်ဦးတည်း ကျန်ရှိပါတော့တယ်။ ၂၀၁၃ ခုနှစ်က ထွက်ခဲ့တဲ့ Girl Strong Single အခွေဟာ Kimi နဲ့ အမွန်း နှစ်ဦးတည်း ကျန်ရှိချိန်မှာ ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ထွက်သွားတဲ့သူတွေနဲ့ ကျန်ရှိသူတွေအကြားမှာ ဘာပြဿနာမှ မဖြစ်ခဲ့ဘဲ ကုမ္ပဏီနဲ့ မပြေလည်မှု အနည်းငယ် ရှိတာကြောင့်လို့ သိရပါတယ်။
“ကုမ္ပဏီကလည်း Commitment ကိုပဲလိုချင်တာပါ၊ သူတို့ကလည်း ရင်းနှီးထားရတော့ ရာနှုန်းပြည့် စိတ်ရော၊ လူရော၊ အင်အားရော အကုန်ပါဝင်တာကို လိုချင်တယ်။ အဲဒါလေးတွေ အားနည်းတော့ သူတို့နဲ့ ကုမ္ပဏီနဲ့ ကတောက်ကဆ ပြဿနာလေးတွေ နည်းနည်း ရှိနေပါတယ်။ အမွန်းနဲ့ Kimi ကလည်း အဲဒါကို အမြန်ဆုံး ပြေလည်သွားဖို့ မျှော်လင့်ပါတယ်၊ အမွန်းတို့နဲ့တော့ Personal Case ပြဿနာ ဘာမှမရှိပါဘူး။ အဓိကကတော့ Commitment နဲ့ Partnership ရယ်၊ တယောက်ကို တယောက် ယုံယုံကြည်ကြည်နဲ့ အချိန်ပြည့် လေးလေးစားစားနဲ့ ဒီအနုပညာကို သေသေချာချာ လုပ်ကိုင်တဲ့ စိတ်ပေါ့၊ အဲဒါက အရေးကြီးဆုံးပါပဲ” လို့ အမွန်းက ရှင်းပြပါတယ်။
Pop သီချင်းအယ်လ်ဘမ်တွေ အများကြီးနဲ့ သီချင်းတွေအများကြီး ရှိတဲ့အထဲကမှ အမွန်းနဲ့ Kimi သီဆိုထားတဲ့ Girl Strong သီချင်းကို ရွေးချယ်ခံထားရတာ ဖြစ်ကြောင်း သိရပါတယ်။ VIMA Asia Music Award ရဲ့ Grand Final ဆုပေးပွဲကိုတော့ ဖေဖော်ဝါရီ လကုန်ပိုင်းမှာ မလေးရှားနိုင်ငံမှာ ကျင်းပမှာ ဖြစ်ပါတယ်။