စစ်အစိုးရ ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ တရပ်ကို ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၏ အမိန့်ဖြင့် ယနေ့ဖွဲ့စည်းလိုက်ကြောင်း သတင်း ရရှိသည်။
နေပြည်တော်တွင် ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အဖွဲ့ဝင် ၃၁ ဦးပါသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး ကော်မတီတရပ်ကို ဖွဲ့စည်းလိုက်ပြီး အဖွဲ့၏ ဥက္ကဋ္ဌ အဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး(ကြံ့ခိုင်ရေး) ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ ပြည်ထောင်စု လွှတ်တော် ဒုတိယနာယကလည်းဖြစ်သူ ဦးနန္ဒကျော်စွာက ဆောင်ရွက်ကြောင်း၊ ကော်မတီတွင် ကြံ့ခိုင်ရေး လွှတ်တော် အမတ် ၁၄ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၇ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် အမတ် ၂ ဦး နှင့် အခြားနိုင်ငံရေးပါတီများမှ လွှတ်တော်အမတ်တချို့ ဖြင့် ဖွဲ့စည်း လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီလ ၃၁ ရက်နေ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက် ၃ ရက်အကြာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီကို ဖွဲ့စည်း လိုက် ခြင်း ဖြစ်သည်။
“ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးအောင်ကြည်ညွှန့်ရယ်၊ ကျနော်ရယ် ၂ ဦး အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီမှာ ပါတယ်။ ရာခိုင်နှုန်းအားဖြင့်တော့ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီမှာ ကြံ့ခိုင်ရေးနဲ့ တပ်မတော်သားတွေက အများဆုံး ပါတာပေါ့။ ကျနော်တို့ရဲ့ အဓိက တာဝန်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေး မူကြမ်း ထွက်တဲ့အထိ ဆွေးနွေးပြီး အဲဒီမူကြမ်းကို လွှတ်တော်ကို တင်ပြရမှာပေါ့´´ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ဧရာဝတီသို့ ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီကို အထောက်အကူပြုစေရန်နှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် အမျိုးသားပြန်လည် ပေါင်းစည်းရေးကို အကြံပြုနိုင်ရန် တိုင်းရင်းသားပါတီများမှ လွှတ်တော် ကိုယ်စားလှယ်များ ၉ ဦးပါဝင်သော အထောက်အကူပြု ကော်မတီအဖွဲ့ဝင်များ ဖွဲ့စည်းထားပြီး အဆိုပါ အထောက် အကူပြု ကော်မတီဝင်များသည် အစည်းအဝေးများ တက်ရောက်နိုင်သော်လည်း အစည်းအဝေးတွင် မဲပေးခွင့် မရှိဟု သိရှိရသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ကော်မတီသည် အဖွဲ့ဝင် ၃၁ ဦးအနက် အဖွဲ့ဝင်ထက်ဝက်ကျော် တက်ရောက် လျှင် အစည်းအဝေး အထမြောက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆုံးဖြတ်ချက်များကို မဲစနစ်ဖြင့် ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရှိရသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၏ အစီရင်ခံစာတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ကန့်သတ်ချက် ပုဒ်မ ၅၉ (စ)၊ ဖွဲ့စည်းပုံပြင်ဆင်ရေး ပြဋ္ဌာန်းချက် အပါအဝင် အခြေခံဥပဒေ ပြင်ဆင် နိုင်ရေး အဟန့်အတားဖြစ်နေသည့် အရေးကြီးသော ပြဋ္ဌာန်း ချက်များကို မပြင်ဆင်ဘဲ မူလအတိုင်း ထားရှိရန် လူပေါင်း ၁၀၆၁၀၂ ဦးက လက်မှတ်ရေးထိုးတောင်းဆိုထား သည်ဆိုသော မှတ်ချက်ကို ထည့်သွင်း ဖော်ပြခဲ့သည်။