ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း အတွင်း လှုပ်ရှားနေသော တိုင်းရင်းသား လက်နက်ကိုင် နှစ်ဖွဲ့ ဖြစ်သည့် KIA နှင့် TNLA တပ်ဖွဲ့ဝင်များသည် ယခု ရက်ပိုင်းအတွင်း အစိုးရ စစ်တပ်နှင့် ထိပ်တိုက် ရင်ဆိုင်မှု တိုက်ပွဲများ ဖြစ်ပွားကြောင်း သိရသည်။
ကချင်ပြည်နယ် အတွင်း လှုပ်ရှားနေသည့် ကချင် လွတ်လပ်ရေး တပ်မတော်(KIA) တပ်ဖွဲ့ဝင်များနှင့် အစိုးရတပ်တို့သည် ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၁ ရက် အထိ ဗန်းမော်မြို့ မန်စီ မြို့နယ်ရှိ နန့်ဟန်နှင့် နန့်ကောက် ကျေးရွာတွင် သစ်မှောင်ခို ကိစ္စနှင့် တိုက် ပွဲ ဖြစ်ပွားခဲ့ကြောင်း ကချင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ မှ ဦးလမိုင်ဂွန်ဂျာက ဧရာဝတီသို့ ပြောသည်။
သစ်မှောင်ခိုများ တရားမဝင် တင်ပို့မည့် သစ်တန်ချိန် ၉၀၀ နှင့် သစ်တင်ကား ၂၁ စီး ပေါ်မှ သစ်တန်ချိန် ၆၀၀ ကို အစိုးရဘက်မှ ဖမ်းမိထားကြောင်း သိရသည်။
“အစိုးရတပ်က သစ်မှောင်ခိုတွေကို ဝင်ရှင်းရင်းနဲ့ တိုက်ပွဲ ဖြစ်တာပါ။ အသေးစိတ်ကတော့ မသိသေးဘူး။ အပစ်အခတ် ရပ်စဲရေး မယူသေးသရွေ့တော့ အောက်ခြေမှာတော့ အနည်းအကျဉ်းတော့ တိုက်ပွဲတွေ ဖြစ်နေဦးမှာပါ”ဟု ဦးလမိုင်ဂွန်ဂျာက ဆိုသည်။
အဆိုပါ တိုက်ပွဲနှင့်ပတ်သက်ပြီး ဗန်းမော်ခရိုင် အခြေစိုက် လူမှုရေး အဖွဲ့အစည်းမှ ကိုနော်ဒင်းကလည်း“တိုက်ပွဲက တော်တော် ကြာ တယ်။ တရက်နီးပါး ပါပဲ။ ပြည်သူတွေကိုတော့ ဘာမှ မထိခိုက်ဘူး။ အဓိက ကတော့ အစိုးရနဲ့ KIA ထိပ်တိုက်တွေ့ပြီး ဖြစ်သွားတဲ့ တိုက်ပွဲပါ”ဟု ပြောသည်။
အလားတူ ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)နှင့် အစိုးရ စစ်တပ် သည် ယနေ့နံနက် ၆ နာရီတွင် မိုးကုတ် မြို့နယ် အေးသာယာရွာအနီးတွင် တိုက်ပွဲများထပ်မံဖြစ်ပွားခဲ့ကြောင်း TNLA ပြန်ကြား ရေး ဌာနမှ မိုင်းအိုက်ကျော်က ဆိုသည်။
“အစိုးရတပ် ကတော့ ရှေ့ဆက်ပြီး စစ်အရှိန် မြှင့်ဖို့ပဲ ရှိတယ်။ ကျနော်တို့က မူးယစ် တိုက်ဖျက်ဖို့ သွားနေချိန်မှာ သူတို့နဲ့ ထိပ်တိုက် တွေ့တော့ အစိုးရတပ် အနေနဲ့ အရှိန် မလျှော့ရင် ထပ်ဖြစ်မှာပါ”ဟု မိုင်းအိုက်ကျော်က ပြောဆိုသည်။
TNLA စိုးမိုးသည့် ဒေသများဖြစ်သော မိုးမိတ်၊ မိုးကုတ်၊ နမ္မတူ၊ ကွတ်ခိုင်၊ မန်တုံနှင့် နမ့်ခမ်းမြို့များတွင် ဘိန်းခင်းများကို အဓိကဖျက် ဆီးခဲ့ပြီး ဘိန်းစိုက်ပျိုးသူများကို ဘိန်းအစားထိုးအနေဖြင့် နှမ်း၊ ပြောင်းဖူး စသည့်သီးနှံများ ထောက်ပံ့ပေးနေကြောင်း သိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း၌လည်း ယနေ့ နေ့လယ် ၁နာရီမှ စတင်၍ ပလောင်(တအာင်း) တိုင်းရင်းသားများသည် မူးယစ်ဆေးဝါး ပပျောက်ရေး အတွက် စီတန်း ဆန္ဒပြမှုများ ပြုလုပ်နေကြောင်း ပလောင် ကျောင်းသားနှင့် လူငယ်များ အဖွဲ့မှ ကိုမိုင်းရှိန်ထွန်းက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ ပလောင်(တအာင်း) ဒေသမှာ လူငယ် တော်တော်များများ ဆေးသုံးစွဲလာပြီး ဒေသဖွံ့ဖြိုးမှု အလွန်အားနည်း လာတဲ့ အတွက် ဒီလို ဆန္ဒပြမှုတွေ ပြုလုပ်ရတာပါ”ဟု ကိုမိုင်းရှန်ထွန်းက ဆိုသည်။
TNLA က ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် အစိုးရဘက်က ကမ်းလှမ်းလာမည်ဆိုပါက အဆင်သင့်ဖြစ်ရန် ဆောင်ရွက်နေကြောင်း၊ လတ်တလော အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိုသာ အဓိက ဆောင်ရွက်နေသဖြင့် အစိုးရတပ်နှင့် ထိပ်တိုက် တွေ့မည် ဆိုပါက တိုက်ပွဲများ အချိန်မရွေး ထပ်မံဖြစ်နိုင်သဖြင့် အစိုးရအနေဖြင့် စစ်ကို အရှိန်လျှော့ပေးရန် တောင်းဆိုထားကြောင်း မိုင်းအိုက်ကျော်ကလည်း ပြောသည်။
အစိုးရနှင့် ဆွေးနွေးနိုင်ရန် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT)က ဦးဆောင်ပြီး တိုင်းရင်းသားများသဘော တူ ရေးဆွဲသည့် အပစ်အခတ် ရပ်စဲရေး မူကြမ်းကို လော်ခီးလာ တိုင်းရင်းသား ညီလာခံသို့ တက်ရောက်လာသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက လက်ခံ သဘောတူထားကြောင်း သိရသည်။
အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ ဒေါက်တာ မင်းဇော်ဦးက“လတ်တလော တိုက်ပွဲတွေ ပြန်ဖြစ်တာ ကတော့ အဓိက အနေဖြင့် အပစ်အခတ် ရပ်စဲရေး ဖြစ်ဖို့ လိုတယ်။လက်ရှိတော့ တနိုင်ငံ လုံး အပစ်အခတ် ရပ်စဲရေးကို အဓိက ဦးစားပေး လုပ်နေတော့ တဖွဲ့ချင်းနဲ့ ဆွေးနွေးဖို့ နောက်ကျနေတယ်။ ပုံမှန်တော့ စကားပြော ဖြစ်ကြပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။