မြန်မာပြည် ခေတ်သစ်သမိုင်းမှာ ပြည်သူတွေကို စိတ်ဒဏ်ရာအကြီးအကျယ်ရစေခဲ့တဲ့ ကာလနှစ်ခုရှိခဲ့ပါတယ်။ ၁၉၆၂ ဗိုလ်ချုပ် နေဝင်း အာဏာသိမ်းတုန်းက တကြိမ်နဲ့ ၁၉၈၈ အာဏာထပ်သိမ်းတုန်းကတကြိမ် ဖြစ်ပါတယ်။ အဲဒီအာဏာသိမ်းမှုတွေဟာ ပြည်သူတွေကို စိတ်ပိုင်းဆိုင်ရာထိခိုက်စေရုံတင်မက၊ တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေးတွေကိုပါချွတ်ခြုံကျစေခဲ့ပါတယ်။ အခုအချိန် မှာ အရပ်သားအစိုးရလို့ ပြောနေတဲ့ ဦးသိန်းစိန် အစိုးရအဖွဲ့တက်လာတာ သုံးနှစ်နီးပါးကြာခဲ့ပြီ ဖြစ်ပေမယ့်လည်း မြန်မာပြည်ဟာ စစ်အာဏာသိမ်းမှု ထပ်မကြုံနိုင်ဘူးလို့ ဘယ်သူမှအာမ မခံနိုင်သေးပါဘူး။
ဒါပေမယ့် အဲဒီလို အာဏာသိမ်းမှုတွေ နောက် ထပ်ဖြစ်မလာဖို့အတွက် မြန်မာနိုင်ငံအနေနဲ့ သေချာ ပေါက်လုပ်နိုင်တာ တခုရှိပါတယ်။ အဲဒါကတော့ တပ်မတော်ကို တိုင်းပြည်ကာကွယ်ရေးတာဝန်ပဲ ထမ်းဆောင်မယ့် လက်နက်ကိုင် အင်အားစုတရပ်အဖြစ် အသွင်ပြောင်းဖို့ပါ။ ဒါကလွယ်ကူတဲ့ တာဝန်တရပ် မဟုတ်ပေမယ့် လုပ်လို့ရတဲ့ ကိစ္စတစ်ရပ်ပါ။ အရေး လည်းကြီးပါတယ်။ အဲဒီလိုမှသာ တပ်မတော်အရာရှိ တွေအနေနဲ့ ယနေ့ရရှိထားတဲ့ လွှတ်တော်နဲ့ ဝန်ကြီး ဌာနက ရာထူးတွေကိုစွန့်ပြီး သူတို့ရဲ့စစ်တန်းလျား များဆီ ပြန်သွားမှာ ဖြစ်ပါတယ်။
ပြောရမယ်ဆိုရင် တပ်ဆိုတာ တိုင်းပြည်အုပ် ချုပ်ရေးအတွက် ထူထောင်ထားတဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး။ ဒါပေမယ့် ၁၉၆၂ ခုနှစ် အာဏာသိမ်း ယူပြီးနောက်ပိုင်း အစဉ်အဆက်တက်လာခဲ့တဲ့ စစ် ခေါင်းဆောင်တွေဟာ နိုင်ငံရေးနယ်ပယ်ကို လုံးဝ မစွန့်ခွာခဲ့ကြပါဘူး။ ရလဒ်အနေနဲ့ မြန်မာနိုင်ငံဟာ ဗိုလ်ချုပ်ကြီးတွေရဲ့ ၅၃ နှစ်ကြာ အုပ်ချုပ်မှုကို ခံခဲ့ ရတယ်။
သမိုင်းကိုပြန်ကြည့်မယ်ဆိုရင် ၁၉၅၈ ခုနှစ် ကနေ ၁၉၆၀ အတွင်း အိမ်စောင့်အစိုးရကို ဗိုလ်ချုပ် ကြီးနေဝင်းက ဦးဆောင်ခဲ့တယ်။ ၁၉၆၂ မှာ စစ်တပ် နဲ့သူကအာဏာသိမ်းခဲ့ပြီး ၁၉၈၈ ခုနှစ်အထိ ဆိုရှယ် လစ်စနစ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်ခဲ့တယ်။ အဲဒီနှစ် ထဲမှာပဲ စစ်တပ်က ပြန်အာဏာသိမ်းယူလိုက်ပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အဖြစ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပြီး နောက်ပိုင်းမှာ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အဖြစ် နာမည်ပြောင်းခဲ့တယ်။ ၂၀၁၁ ခုနှစ်မှာ စစ်အစိုးရက ရာထူးဖယ်ပေးပြီး အရပ်သားအမည်ခံ အစိုးရတက်လာခဲ့ပေမယ့်လည်း သမ္မတဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဟာ ဗိုလ်ချုပ်ဟောင်း အများစုနဲ့ ဖွဲ့စည်း ထားတာဖြစ်သလို လွှတ်တော်ထဲမှာလည်း ဗိုလ်ချုပ် ဟောင်းတွေက ကြီးစိုးနေတုန်းပါပဲ။
ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို စတင် ဖွဲ့ စည်းခဲ့တဲ့ ၁၉၄၁ ခုနှစ်ကတည်းက စစ်တပ်ဟာ မြန်မာနိုင်ငံမှာအလွန်အမင်းကိုဩဇာကြီးခဲ့ပါတယ်။ BIA ဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသားတပ် မတော်ဖြစ်ပြီး ဗြိတိသျှကိုလိုနီလက်အောက်ကလွတ် မြောက်ရေး ကြိုးပမ်းမှုမှာ အရေးပါတဲ့ အခန်းကဏ္ဍ က ပါဝင်ခဲ့တယ်။ လွတ်လပ်ရေး ရရှိပြီးနောက် ပြည် တွင်းမငြိမ်မသက်မှုမှာလည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်ဖြစ် သူ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့တပ်အပေါ် ပြည်သူတွေက ဆက်လက်ပြီး လေးစား အားထားကြ တုန်းပါပဲ။ ဒါပေမယ့် ၁၉၆၂ ခုနှစ် အာဏာသိမ်းယူပြီး နောက်ပိုင်းမှာတော့ တပ်ရဲ့ဂုဏ်သိက္ခာကျဆင်းခဲ့ရ ပါတယ်။ ၁၉၈၈ ခုနှစ်မှာတော့ အဆိုးဆုံး အခြေ အနေအထိ ရောက်သွားပါတော့တယ်။
လက်ရှိအနေအထားမှာ ပြုပြင်ပြောင်းလဲရေးကို တနိုင်ငံလုံး အနေအထားနဲ့ တောင်းဆိုနေပေမယ့် စစ်တပ် စစ်တန်းလျားကို ပြန်သွားရေးကတော့ မကြာမီကာလ အတောအတွင်းမှာ ဖြစ်လာနိုင်ချေ မရှိပါဘူး။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ ပြီးသွားရင် တောင် မဖြစ်နိုင်သလောက်ပါ။ ၂၀ဝ၈ ခုနှစ်ဖွဲ့စည်း ပုံက တပ်ကို ဒီမိုကရေစီစနစ်ရဲ့ အထက်မှာ အခိုင် အမာနေရာပေးထားပါတယ်။ လွှတ်တော်မှာ အမတ် နေရာ ၂၅ ရာခိုင်နှုန်းကို တပ်မတော်သားကိုယ်စား လှယ်တွေအတွက် ဖယ်ထားပေးရပါတယ်။ တပ်မ တော်ခေါင်းဆောင်တွေအနေနဲ့ အဲဒီရပိုင်ခွင့်ကိုလွယ် လွယ်စွန့်လွတ်မယ့်သဘော မတွေရပါဘူး။
အပြောင်းအလဲအတွက် အချိန်ယူရပါမယ်။ ဒါပေမယ့် တပ်မတော်ကို တိုင်းပြည်ကာကွယ်ရေး ကိုသာ အဓိကဆောင်ရွက်တဲ့ အဖွဲ့အစည်းတခုအဖြစ် မြှင့်တင်နိုင်ရေးအတွက်ခေါင်းဆောင်တွေကိုကျနော် တို့တိုက်တွန်းအားပေးနိုင်ပါတယ်။ စစ်တပ်ရဲ့အဓိက အကျဆုံးတာဝန်ဟာ နိုင်ငံကိုကာကွယ်ဖို့ပဲ ဖြစ်သင့် ပါတယ်။ နေပြည်တော်ကနေပြီးတော့ နိုင်ငံကို စီမံ အုပ်ချုပ်ဖို့ မဟုတ်ပါဘူး။
သမ္မတဦးသိန်းစိန်အစိုးရကအမေရိကန်၊ ဗြိတိန် နဲ့ ဩစတြေးလျတို့ အပါအဝင် အနောက်နိုင်ငံတွေ နဲ့ စစ်ရေးပူးပေါင်းမှုကို ပြန်လည်စတင်ဖို့ဆန္ဒရှိကြောင်း မနှစ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ယမန်နှစ် ဇူလိုင်လမှာ သွားရောက်ခဲ့တဲ့ ဦးသိန်းစိန်ရဲ့လန်ဒန်ခရီး စဉ်အတွင်း ဗြိတိန်က မြန်မာစစ်တပ်နဲ့ ဆက်ဆံရာမှာ လူ့အခွင့်အရေးနဲ့ တာဝန်ယူမှုကို ဦးတည်ချက်ထားဖို့ လည်း သဘောတူခဲ့ပါတယ်။
“မြန်မာနိုင်ငံရဲ့ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးမှု အတွက် အဓိကအချက်တွေကတော့ စစ်တပ်ကို ပြုပြင်ပြောင်း လဲဖို့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုဆက်လက် အကောင်ထည်ဖော်ဖို့ ဖြစ်ပါတယ်” လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဖိလစ်ဟမ်မွန်က ပြောခဲ့တယ်။ “ကျနော်တို့ နှစ်နိုင်ငံတပ်မတော်တွေရဲ့ထိတွေ့ဆက်ဆံ မှုကခေတ်မီလက်နက်ကိုင် တပ်ဖွဲ့တခုမှာဒီမိုကရေစီ နည်းလမ်းအရ တာဝန်ယူနိုင်မှုတွေ ဖွံ့ဖြိုးလာဖို့သာ လျှင်ဖြစ်ပါတယ်။ မြန်မာစစ်တပ်ကို လေ့ကျင့် သင်တန်း ပေးဖို့လည်း ကျနော်တို့ အဆိုပြုပြီးပါပြီ” လို့လည်း သူက ဆိုတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်း အမေရိ ကန်ကာကွယ်ရေးဝန်ကြီး ချပ်ဟေဂယ်နဲ့ မြန်မာ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်တို့ ဘရူနိုင်းနိုင်ငံမှာပြုလုပ်တဲ့ ဒေသတွင်း အစည်းအဝေး တခုမှာ တွေ့ဆုံခဲ့ကြတာဟာ နှစ်နိုင်ငံစစ်ဘက်ခေါင်း ဆောင်ချင်းပထမဆုံးတွေ့ဆုံမှုပါပဲ။ သမ္မတ အိုဘား မား အစိုးရကလည်း စစ်တပ်ချင်း ဆက်ဆံရေးဟာ မြန်မာနိုင်ငံအတွက် တရားမျှတမှုကို ဦးတည်စေနိုင် ပြီးတပ်နဲ့ အရပ်သားတွေကြားက ဆက်ဆံရေးကို လည်း တိုးတက်လာအောင် ကူညီနိုင်လိမ့်မယ်လို့ ယုံကြည်နေပုံရပါတယ်။
အတိတ်တုန်းက လူအခွင့်ရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ပြီး အခုလည်း လူ့အခွင့်အရေး ချိုးဖောက် မှုတွေ ရှိနေတယ်လို့ စွပ်စွဲခံနေရဆဲဖြစ်တဲ့ မြန်မာ့ တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်ရာမှာအမေရိကန် အစိုးရအနေနဲ့ အင်မတန် သတိထားနေပါတယ်။ အနောက်နိုင်ငံ စစ်တပ်တွေအနေနဲ့ သူတို့ရဲ့ရည်ရွယ်ချက်တွေကို ရှင်းရှင်းလင်းလင်းထားပြီး တိုက်ခိုက်ရေး မဟုတ်တဲ့ သင်တန်းတွေပဲပေးပြီး တပ်က လူ့အခွင့်အရေးဆိုင်ရာစွမ်းဆောင်ချက်တွေတိုးတက် လာဖို့ လုပ်နေပါတယ်။
စစ်တပ်ချင်း ထိတွေ့ဆက်ဆံရေးဟာ မြန်မာ့ တပ်မတော်ကို ပညာရည်ပြည့်ဝပြီး တာဝန်သိတဲ့ တပ်ဖွဲ့တခုဖြစ်လာအောင် ကူညီနိုင်ပါလိမ့်မယ်။ ဒါပေမယ့်တကယ့်အောင်မြင်မှုက မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင် အနေနဲ့တပ်မတော်နဲ့ ပတ်သက်ပြီးဘယ် လို ရည်ရွယ်ချက် ရှိသလဲအပေါ်မှာ လုံးလုံးလျားလျား တည်နေပါတယ်။ သူနဲ့ သူ့ရဲ့ ဗိုလ်ချုပ်ကြီးတွေဟာ နိုင်ငံရေး နယ်ပယ်အတွင်းက သူ့ရဲ့အရာရှိတွေကို ပြန်လည်ခေါ်ယူဖို့ဆုံးဖြတ်ချက် မြန်မြန်ချမှာမဟုတ် တာကတော့ သေချာပါတယ်။ တကယ်တမ်း ၂၀ဝ၈ ခုနှစ်အခြေခံဥပဒေရဲ့ အခန်း (၁) မှာ တိုင်းပြည်ရဲ့ အမျိုးသားနိုင်ငံရေးမှာ တပ်မတော်ကဦးဆောင်ပါဝင် ရမယ်လို့ ဆိုထားပါတယ်။
တပ်က မလုပ်သင့်တာတွေကို ဆက်လုပ် နေတာနဲ့အမျှ မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၅၀ ကျော် တွေ့ကြုံခဲ့တဲ့ နိုင်ငံရေး ပြဿနာတွေနဲ့ ဆက်လက် ရင်ဆိုင်နေရပါလိမ့်မယ်။
တပ်ကို စနစ်တကျ အသွင်ကူးပြောင်းရေး လုပ်သင့်ခဲ့တာကြာပါပြီ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နဲ့ လက်ရှိတပ်ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၅ ခု ကာလအတွင်း ပြည်သူတွေနဲ့ နိုင်ငံ တကာအသိုင်းအဝိုင်းရဲ့ အမြင်မှာသူတို့ ဘယ်လောက် နာမည်ပျက်ခဲ့သလဲဆိုတာကို ဆန်းစစ်ကြည့်သင့်ပါ တယ်။ တကယ်လို့ ဒီခေါင်းဆောင်တွေက တပ်ကို ပညာရည်ပြည့်ဝပြီး တာဝန်သိတဲ့ အဖွဲ့အစည်းတခု ဖြစ်လာအောင် ပြောင်းပေးနိုင်ခဲ့မယ်ဆိုရင် မြန်မာ့ တပ်မတော်ဟာ ဗိုလ်ချုပ်အောင်ဆန်း လက်ထက်က ရရှိခဲ့ဖူးတဲ့ ချစ်ခင်လေးစားမှုမျိုးကို ပြန်လည်ရယူ နိုင်ပါလိမ့်မယ်။