ထိုင်း-မြန်မာ နယ်စပ် အုန်းဖျန် ဒုက္ခသည် စခန်းတွင် ယမန်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၁၁ လုံး မီးလောင်၍ အိမ်ခြေ ၅၀ ခန့် ဖြိုချ ဖျက်ဆီး ခံရကြောင်း သိရသည်။
အဆိုပါ ဒုက္ခသည်စခန်းရှိ ရပ်ကွက် ၅တွင် နေထိုင်သူ အသက် ၄ နှစ်ခန့်အရွယ် ကလေးတဦး မီးကစားရာကနေ မီးလောင်မှုဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း အုန်းဖျန် ဒုက္ခသည် စခန်း ဥက္ကဌ စောဝါးထီးက ဧရာဝတီသို့ ပြောသည်။
“မီးလောင်သွားတာ အိမ်ခြေ ၁၁ လုံး အိမ်တွေကို ဖြိုတာတွေကတော့ အလုံး ၅၀၊ အိမ်တွေကို မဖြိုဘူးဆိုရင်တော့ ရေတွက်လို့ တောင်ရမှာ မဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။
မီးလောင်၍ ဖျက်ဆီးခံလိုက်ရသည့် နေအိမ် အားလုံးကို အစိုးရမဟုတ်သော အဖွဲ့အစည်း(NGO) အပါအဝင် လူ့အခွင့်အရေး လှုပ် ရှားနေသည့် အဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း စောထီးဝါးက ရှင်းပြသည်။
ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ ကရင်ဒုက္ခသည်များ ကော်မတီ (KRC)နှင့် တခြားသော NGO အဖွဲ့ အစည်းများ ပါဝင်ပူးပေါင်း၍ ကူညီဆောင်ရွက်ရန် အတွက် ယနေ့ ကျင်းပသည့် အစည်းအဝေးတွင် သဘောတူညီမှု ရရှိထား ကြောင်းလည်း ၎င်းက ပြောဆိုသည်။
လတ်တလောတွင် မီးလောင်ကျွမ်းသွားသော နေအိမ် ၁၁ လုံးမှ လူဦးရေ ၆၀ ခန့် အပါအဝင် မီးဘေး ဒုက္ခသည်များက နီးစပ်ရာ ဆွေမျိုး၊ အသိမိတ်ဆွေများထံ ယာယီနေထိုင်လျက်ရှိပြီး အုန်းဖျန်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ထိုင်း ကြက်ခြေနီ အဖွဲ့တို့ ပူးပေါင်း၍ စောင် အထည် ၅၀ နှင့် အသုံးအဆောင်ပစ္စည်း အထုပ် ၅၀ တို့ကို လာ ရောက် ထောက်ပံ့ပေးထားကြောင်း သိရသည်။
မီးလောင်မှုကြောင့် ထိခိုက်သေဆုံးသူ မရှိသကဲ့သို့ ပြစ်မှုကျူးလွန်သည့် ကလေးငယ်နှင့် မိသားစုဝင်များကို အရေးမယူရန် ထိုင်းမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားကြောင်း စောထီးဝါးက ပြောပြသည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါလ အတွင်းကလည်း မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁၀၀၀ ခန့် ပျက်စီးရှုံးဆုံးခဲ့ဖူးသည်။ အုန်းဖျန် စခန်းတွင် ရပ်ကွက် ၁၆ ရပ်ကွက်ရှိပြီး မြန်မာနိုင်ငံမှ ဒုက္ခသည် ၁၂၉၁၄ ဦး နေထိုင်သည့် ဒုတိယ အကြီးဆုံး စခန်းတခုဖြစ်သည်။
အုန်းဖျန် ဒုက္ခသည် စခန်း အပါအဝင် မယ်လ ၊ နို့ဖိုး၊ မယ်လဦး၊ မယ်ရာမို၊ ထန်ဟင်း၊ ဘန့်ဒုံယမ်း စသည့် ဒုက္ခ သည် စခန်း ၇ ခုနှင့် ကရင်နီ စခန်း အမှတ် (၁)၊ အမှတ် (၂) စခန်းတို့ရှိပြီး ၎င်း စခန်းများတွင် ဒုက္ခသည် တသိန်း နှစ်သောင်းခန့် ရှိကြောင်း ကူညီ ကယ် ဆယ်ရေးနှင့် အထောက်အပံ့ပေးရေး အဖွဲ့များ၏ စာရင်းအရ သိရသည်။
ဒုက္ခသည်များသည် ၁၉၈၃ ခုနှစ်မှ စတင်၍ မြန်မာ အစိုးရတပ်များ၏ ထိုးစစ်ဆင်မှုကြောင့် ထွက်ပြေးလာကြသူများ ဖြစ်သည်။