တရားမျှတသည့် ရွေးကောက်ပွဲများ ပြုလုပ်နိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၌ တိုင်းရင်းသား ခေါင်းဆောင်များ၊ အသိ ပညာရှင်၊ အတတ်ပညာရှင်များကို ပါဝင်ထည့်သွင်း ဖွဲ့စည်းပေးရန် နိုင်ငံရေးပါတီ ၂၀ က တောင်းဆို လိုက်ကြောင်း သိရသည်။
တိုင်းရင်းသား ပါတီ ၁၆ ခုဖြင့် ဖွဲ့စည်းထားသော ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း(NBF) နှင့် တခြား တိုင်းရင်းသား ပါတီ ၄ ခုမှ ခေါင်းဆောင်များသည် နေပြည်တော်၌ ဖေဖော်ဝါရီလ ၁ ရက်မှ ၂ ရက်နေ့ အထိ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ၎င်းတို့ ၏ သဘောထားကို နိုင်ငံတော် အစိုးရ၊ လွှတ်တော် အသီးသီးနှင့်အများပြည်သူ သိရှိစေရန် ထုတ်ပြန်ခြင်း ဖြစ်သည်ဟု NBF အဖွဲ့ဝင်များ က ပြောသည်။
လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲ ကော်မရှင် အဆင်ဆင့်တွင် တိုင်းရင်းသား အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ခေါင်းဆောင်များ၊ အများပြည်သူ ကြည်ညိုသော ဒေသခံ တိုင်းရင်းသား ခေါင်း ဆောင်များ ထည့်သွင်း ဖွဲ့စည်းရန် တိုက်တွန်းကြောင်း ယမန်နေ့က ထုတ်ပြန်သည့် NBF ၏ ကြေညာချက် တွင်လည်း ဖော်ပြ ထားသည်။
“လက်ရှိကော်မရှင်က စစ်တပ်က ဖွဲ့စည်းထားတာဆိုတော့ ဒီကော်မရှင်ဟာ ပါတီတခုတည်း အတွက် ဖွဲ့စည်းထားသလို ဖြစ် နေ တယ်၊ ကျနော်တို့က ဒီကော်မရှင် အစား ပညာရှင်အစုံ ပါဝင်တဲ့ ကော်မရှင် အသစ်ကိုပဲ လိုလားပါတယ်၊ ဒါမှ တရားမျှတ တဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်ပါတယ်”ဟု NBF အဖွဲ့ဝင် ချင်းအမျိုးသား ပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ် က ဧရာဝတီ ကို ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲအတွက် ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(ကြံ့ခိုင်ရေးပါတီ)၏ ဗဟိုအဖွဲ့ဝင် တဦးဖြစ်ခဲ့ပြီး ကော်မရှင် အဖွဲ့ဝင် အများစုသည်လည်း ကြံ့ခိုင်ရေးပါတီ ဝင်များ၊ ပါတီဝင်ဟောင်းများ၊ စစ်တပ် အရာရှိဟောင်းများ ဖြစ်ကြသည်။
ထို့အတူ စစ်တပ်အရာရှိ ၆၀ ကျော်ကိုလည်း အရပ်ဘက်သို့ ပြောင်းလဲ၍ ခရိုင်၊ မြို့နယ် အဆင့် ကော်မရှင်များ၌ ပြီးခဲ့သည့် လ အနည်းငယ်က ခန့်အပ် တာဝန်ပေးခဲ့သည်။ စစ်တပ်အရာရှိများအား ခန့်အပ်ထားခြင်းသည် ၂၀၁၅ ရွေးကောက်ပွဲ အတွက် ကြံ့ခိုင် ရေး ပါတီ၏ ကြိုတင် ပြင်ဆင်မှု ဖြစ်နိုင်ကြောင်းလည်း ဝေဖန်မှုများရှိနေသည်။ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ကမူ ၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရန် ဆောင်ရွက်သွားမည်ဟု မီဒီယာများကို ပြောဆိုထားသည်။
မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၏ ဥက္ကဋ္ဌ နိုင်ငွေသိန်း က “ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တွေဟာ ကြံ့ခိုင်ရေး ပါတီနဲ့ပတ်သက်သူတွေ မဖြစ်ဖို့ အရေးကြီးပါတယ်၊ စစ်သားတွေကိုလည်း မခန့်ထားသင့်ဘူးလို့ ထင်တယ်”ဟု ပြောသည်။
ပြည်နယ်၊ တိုင်းဒေသ ဝန်ကြီးချုပ်များကို သက်ဆိုင်ရာ ဒေသခံ လွှတ်တော်အသီးသီးက ရွေးချယ်ခန့်အပ်ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ နောက်ဆက်တွဲ ဇယား ၁၊ ၂၊ ၃ နှင့် ၅ တို့ကို ပြင်ဆင် ပြဌာန်းပေးရန်နှင့်လွှတ်တော် အသီးသီး၌ တပ်မ တော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေမှုကို လွှတ်တော် သက်တမ်း အလိုက် လျှော့သွားရန်လည်း NBF ၏ ကြေညာချက်တွင် ဖော်ပြ ထားသည်။ ဖက်ဒရယ် စနစ် တည်ဆောက်မည်ဆိုပါက ဇယား ၁၊ ၂၊ ၃ နှင့် ၅ စသည်တို့ကို ပြင်ဆင်ရမည် ဖြစ်သည်။
“ကျနော်တို့ တောင်းဆိုမှုတွေဟာ ပါတီ တခုတည်းရဲ့ သဘောထား မဟုတ်ပါဘူး၊ နိုင်ငံရေး ပါတီ ၂၀ ရဲ့ ဆန္ဒ သဘော ထားတွေ ဖြစ်ပါတယ်၊ ဒါကြောင့် လွှတ်တော်နဲ့ သမ္မတ က အလေးထားမယ်လို့ ယုံကြည်ပါတယ်၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ကို ပြောင်းလဲ ဖွဲ့စည်းတာ၊ ပြင်ဆင်တာတွေကိုလည်း သမ္မတ က လုပ်ပိုင်ခွင့် အပြည့်ရှိတယ်”ဟု ဦးဇိုဇမ် က ပြောသည်။
NBF ၏ ကြေညာချက်တွင် ယာယီသက်သေခံ လက်မှတ် (White Card) ကိုင်ဆောင်ထားသူများအား နိုင်ငံရေးပါတီ တည်ထောင် ခွင့်၊ ရွေးချယ်ခံပိုင်ခွင့်၊ မဲပေးခွင့် ပေးခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိပါးစေကြောင်း၊ တိုင်းရင်း သား ဒေသများတွင် တိုင်းရင်းသား ဘာသာစာပေ သင်ရိုးညွှန်းတမ်း စနစ်တကျ ရေးဆွဲ၍ ကျောင်းချိန်အတွင်း သင်ကြားပေးရန်လည်း တောင်းဆို ထားကြသည်။
ထို့အတူ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုး ဟု သတ်မှတ်ပြီး Code Number ပေး၍ သန်းခေါင်စာရင်း ကောက်ယူရန် စီစဉ်နေ ခြင်း သည် တိုင်းရင်းသား လူမျိုးများ အချင်းချင်း အကြား စိတ်ဝမ်း ကွဲပြားစေသည့်အတွက် သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးများနှင့် ညှိနှိုင်း၍ ပြန်လည် သုံးသပ်ဆောင်ရွက်ရန်လည်း အစိုးရကို တိုက်တွန်းထားသည်။
NBF အဖွဲ့၌ ချင်းအမျိုးသားပါတီ၊ ရှမ်းတိုင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မွန်ဒေ သ လုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဓနု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ၊ တိုင်းရင်းသား လူမျိုးစုများ ဖွံ့ဖြိုးရေးပါတီ၊ တိုင်းလိုင်(ရှမ်းနီ)၊ ပလောင်(တအာင်း)၊ ပအို့ဝ်၊ “ဝ” ဒီမို ကရက်တစ် ပါတီ၊ “ဝ” အမျိုးသား စည်းလုံး ညီညွတ်ရေး ပါတီ၊ ကယန်း အမျိုးသားပါတီ စသည်တို့ ပါဝင်သည်။
အလားတူ ကယား လူမျိုးစု ဒီမိုကရေစီပါတီ၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ၊ လီဆူ အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ထား ဝယ် တိုင်းရင်းသားများပါတီ နှင့် ကချင် ဒီမိုကရက်တစ် ပါတီတို့ကလည်း ဆွေးနွေးပွဲသို့ လေ့လာသူ အဖြစ်တက်ရောက်ခဲ့ကြ ပြီး NBF ၏ ကြေညာချက်အား သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြကြောင်း သိရသည်။