ယခုနှစ် အတွင်း အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ လွှတ်တော်တွင် ဆွေးနွေးရင်း သဘောထား ကွဲလာမှုများ ရှိလာနိုင်ပြီး လူအုပ်စုဖွဲ့၍ တောင်းဆိုမှုများ၊ ဆူပူမှုများ၊ အကြမ်းဖက်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် သက်ဆိုင်ရာအစိုးရဝန်ကြီးဌာနများ အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရန် သမ္မတဦးသိန်းစိန်က လျှို့ဝှက်ညွှန်ကြားချက် တရပ် ထုတ်ပြန်ထားကြောင်း သိရှိရသည်။
နေပြည်တော်တွင် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁/၂၀၁၄ တွင် သမ္မတဦးသိန်းစိန်က ဖြစ်ပေါ်လာနိုင်သော တောင်းဆိုလှုပ်ရှားမှု၊ ဆူပူမှု၊ အကြမ်းဖက်မှုများ အတွက် ကြိုတင်ပြင်ဆင်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်၊ မတ်လတွင် တနိုင်ငံလုံးသန်းခေါင်စာရင်း ကောက်ယူရန်ရှိပြီး ဇန်နဝါရီလမှ နှစ်ကုန်သည်အထိ အာဆီယံဥက္ကဋ္ဌ တာဝန်ကို ရယူရမည်ဖြစ်ကြောင်း၊ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူသော အစည်းအဝေးပေါင်း ၃၀၀ ဆောင်ရွက်ရမည်ဖြစ်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းနေရန် လိုအပ်ကြောင်း၊ လတ်တလော လွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ သဘောထားကွဲလွဲမှုများ ရှိနေပြီး သဘောထားကွဲလွဲမှုများသည် လွှတ်တော်တွင်း ဖြေရှင်းမရနိုင်ပါက လွှတ်တော်ပြင်ပသို့ ကူးစက်ရောက်ရှိပြီး လူအုပ်စုဖွဲ့၍ တောင်းဆိုမှု၊ ဆူပူမှု၊ အကြမ်းဖက်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု အစိုးရ၏ ညွှန်ကြားချက်တွင် ဖော်ပြထား သည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူအုပ်စုဖြင့် ဥပဒေမဲ့ တောင်းဆိုမှုများ၊ အကြမ်းဖက်မှုများ၊ အကျပ်ကိုင်မှုများ ပြုလုပ်နေပြီး မြန်မာနိုင်ငံတွင်လည်း အလားတူ ကိစ္စများပေါ် ပေါက်လာပါက အခက်အခဲ အကျပ်အတည်းများနှင့် ရင်ဆိုင် ကြုံတွေ့ရမည် ဖြစ်ကြောင်း၊ ယခု အချိန်တွင် ဆန့်ကျင်ဘက် သဘောထား ရှိသူများက နယ်မြေ အသီးသီးသို့ ကွင်းဆင်း စည်းရုံးပြီး ဆူပူ တောင်းဆိုမှုများ နေရာ အသီးသီးတွင် ပေါ်ပေါက် လာစေရန် ဖန်တီး လုပ်ဆောင် နေသည်ကို အားလုံး အသိပင် ဖြစ်သည်ဟု သမ္မတက သက်ဆိုင်ရာ ဝန်ကြီး ဌာနများအား ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။
သမ္မတ၏ ညွှန်ကြားချက်တွင် ဆန့်ကျင်ဘက် သဘောထားရှိသူများက စည်းရုံးနေသည်ဟုဆိုရာတွင် အတိအကျ ထုတ်ဖော် ပြောဆိုထားခြင်းမပြုသော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယခု လပိုင်းများ အတွင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ နယ်လှည့် ဟောပြောမှုများ လုပ်ဆောင် နေချိန်နှင့် တိုက်ဆိုင်နေသည်။
လတ်တလော နိုင်ငံတဝန်း လာမည့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင်ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်ရရှိရေး အကန့်အသတ် ဖြစ်နေသည့် ပုဒ်မ ၅၉ ပါ ပြဋ္ဌာန်းချက်များ ပြင်ဆင်ရေး နှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပါ ဒီမိုကရေစီ မဆန်သော ပြဋ္ဌာန်းချက်များ ပြင်ဆင်ပေးရေး ဆန္ဒပြ တောင်းဆိုမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး သဘောထားတင်းမာသူများကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်ဘဲ မူလအတိုင်း ထားရှိရေး လှုပ်ရှား တောင်းဆိုမှုများ ပြုလုပ်လာကြသည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့ ရန်ကုန်မြို့ ဗိုလ်စိန်မှန် အားကစားကွင်းတွင် မြန်မာကွန်ရက်က ဦးဆောင်ပြီး ဖွဲ့စည်းပုံပါ သမ္မတ အရည်အချင်း ကန့်သတ်သည့် ဥပဒေ ပုဒ်မ ၅၉ ပြဋ္ဌာန်းချက်ကို မပြင်ဆင်ဘဲ မူလအတိုင်း ထားရှိရေး ထောက်ခံသည့် လူထု ဟောပြောပွဲ တခု လုပ်ဆောင် ခဲ့ပြီး လူဦးရေ ၅၀၀ ကျော် တက်ရောက်ခဲ့သည်။
အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ နှောင်းပိုင်းက စတင်ခဲ့သည့် အစိုးရ နှုတ်ထွက်ပေးရေး ဆန္ဒပြမှုများ အတွင်း အကြမ်းဖက်မှုများ ပါဝင်လာပြီး ယခုအချိန် အထိ အနည်းဆုံး လူ ၁ဝ ဦး သေဆုံးကာ လူပေါင်း ၅၇၇ ဦး မက ဒဏ်ရာရရှိခဲ့ပြီး ပြည်ပရောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို ပြစ်ဒဏ် လွတ်ငြိမ်း ခွင့်ပြု မည့် လွတ်ငြိမ်း ချမ်းသာခွင့် ဥပဒေကြမ်းကို ထိုင်းဝန်ကြီးချူပ် မစ္စ ယင်လတ် အစိုးရ အဖွဲ့နှင့် ဖွေ့ထိုင်း ပါတီက လွှတ်တော် သို့ တင်သွင်းခဲ့ခြင်းက အစပြု ခဲ့ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံတွင် ဆန္ဒပြမှုများ အရှိန်အဟုန် မြင့်တက်လာမှုကြောင့် ယင်လတ် အစိုးရက ပါလီမန်ကို ဖျက်သိမ်းကာ အိမ်စောင့် အစိုးရ အဖြစ် ဆက်လက် တာဝန်ယူပြီး ဖေဖော်ဝါရီလ ၂ ရက်တွင် ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပြီး ရွေးကောက်ခံ အစိုးရထံ အာဏာလွှဲပြောင်းပေးရန် ပြင်ဆင်လျက်ရှိသည်။
ထိုင်းရွေးကောက်ပွဲ မတိုင်ခင် အထိ ဆန္ဒပြမှု ဖြစ်စဉ်များ အတွင်း အစိုးရ လိုလားသူများနှင့် အစိုးရ ဆန့်ကျင်သူများ အကြား အကြမ်းဖက် တိုက်ခိုက်မှုများ၊ သေနတ် ပစ်ခတ်မှုများ၊ ပေါက်ကွဲမှုများ ထိုင်းနိုင်ငံ တဝှမ်း ဖြစ်ပွား ခဲ့ပြီး အတိုက်အခံ ဒီမိုကရက် ပါတီက အဆိုပါ ရွေးကောက်ပွဲ ကို သပိတ်မှောက်မှုကြောင့် ရွေးကောက်ပွဲ ပြီးဆုံး သွားသည့်တိုင် ဆန္ဒပြမှုများ ဆက်လက် ဖြစ်ပွားနေပြီး ထိုင်းနိုင်ငံရေး အခြေနေမှာ ဆက်လက် တင်းမာနေဆဲ ဖြစ်သည်။
အလားတူ အိမ်နီးချင်း ဘင်္ဂါလားဒေ့ရှ် နိုင်ငံတွင် ယမန်နှစ်က နိုင်ငံရေး တင်းမာမှုများ ဖြစ်ပွားကာ ဒက္ကာ မြို့တော်၌ အစိုးရ ဆန့်ကျင်ရေး တက်ကြွ လှုပ်ရှားသူများနှင့် ရဲတပ်ဖွဲ့ အကြား ပဋိပက္ခ ဖြစ်ပွားမှု အတွင်း ကျောင်းသား တဦး သေဆုံးခဲ့ကြောင်း၊ ယင်းဆန္ဒပြမှု ဖြစ်စဉ် အတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ပါဝင် ရောထွေး လာခဲ့ပြီး ဇန်နဝါရီလ ၅ ရက်၌ ကျင်းပမည့် ရွေးကောက်ပွဲကို ဖျက်သိမ်းပေးရန် အာဏာရ ပါတီ ခေါင်းဆောင် ဝန်ကြီးချုပ် ရှိတ်စ်ဟာစီနာ အစိုးရ အဖွဲ့ကို ဆန္ဒပြသူများက တောင်းဆို ခဲ့ကြကြောင်း၊ ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ပေးရေး၊ အစိုးရ အဖွဲ့ ဖျက်သိမ်း ပေးရေး နှင့် ကြားဖြတ် အစိုးရ တရပ်ကို အာဏာ လွှဲပြောင်းပေးရေး တို့ကို အတိုက်အခံ ပါတီက ဦးဆောင် တောင်းဆိုလျက်ရှိပြီး နိုင်ငံရေးတင်းမာမှုများ ဖြစ်ပွားလျက်ရှိသည်။
အိမ်နီးချင်း နိုင်ငံများတွင် ဖြစ်ပေါ်ခဲ့သည့် မတည်ငြိမ်မှုများကို သင်ခန်းစာ ယူကာ မြန်မာနိုင်ငံတွင် အလားတူ ဖြစ်ရပ် မျိုး မဖြစ်ပေါ်စေရေး အတွက် သက်ဆိုင်ရာ ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများက ပြည်သူများ နှင့် ထိတွေ့ကာ ကွင်း ဆင်း ၍ အစိုးရ၏ အကောင်အထည်ဖော်မှုများကို ပြည်သူများ သိရှိ နားလည်စေရန် နှင့် စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်ရန် သမ္မတက ညွှန်ကြားထားကြောင်း သိရှိရသည်။