ရန်ကုန်မြို့ ဆေးဘက်ဆိုင်ရာ နည်းပညာ တက္ကသိုလ်ကျောင်းသူ နော်မေသူသူဇော် သေဆုံးခဲ့မှုနှင့် ပတ်သက်ပြီး ခရိုင်တရားရုံး၏ တရားစီရင်မှုကို မကျေနပ်သဖြင့် တိုင်းတရားရုံးသို့ ပြန်လည် တင်ပြသွားမည်ဟု သိရသည်။
အဆိုပါ အမှုကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အမျိုးသမီးဌာန၊ ကျောင်းသားများ သမဂ္ဂအဖွဲ့၊ ၈၈ မျိုးဆက်ရေးရာ ဥပဒေအဖွဲ့နှင့် မိသားစုဝင်များ ပူးပေါင်းကာ မျှတသည့် အမှုမှန်ပေါ်ပေါက်ရန် ဆောင်ရွက်သွားမည်ဟု နော်မေသူသူဇော်၏ မိသားစုဝင်များက ပြောကြားသည်။
မြန်မာနိုင်ငံ၏ တရားစီရင်မှု အားနည်းကြောင်း၊ သေဆုံးသူ၏ မိသားစုဝင်များ လိုချင်သည့် အဖြေ မရရှိခဲ့ကြောင်း၊ တရားဥပဒေ လုပ်ထုံးလုပ်နည်းများ၊ ရဲ လုပ်ထုံးလုပ်နည်းများလည်း အားနည်းနေပြီး တရားစီရင်မှုကို မကျေနပ်ကြောင်း နော်မေသူသူဇော်၏ မိခင်ဖြစ်သူ ဒေါ်နော်မယ်ဆေးက ဧရာဝတီသို့ ပြောသည်။
“ရဲတွေက သမီးရဲ့ မှတ်ပုံတင်နဲ့ ကျောင်းသားကတ်ကို တွေ့ပေမယ့် အိမ်ကို လုံးဝ အကြောင်းမကြားဘူး။ ကျမတို့သာ မရှာရင် သမီးကို အခုချိန်အထိ တွေ့မှာမဟုတ်ဘူး။ ပြီးတော့ ရဲတွေက ပိုင်ရှင်မဲ့ အမှုဖွင့်ခဲ့တယ်” ဟု မိခင်ဖြစ်သူ ဒေါ်နော်မယ်ဆေးက ဆိုသည်။
၂၀၁၃ ခုနစ် ဧပြီ ၁၉ ရက်နေ့တွင် သေဆုံးသူ နော်မေသူသူဇော်သည် ထိုနေ့ မနက် ၁၁ နာရီက မရမ်းကုန်မြို့နယ် နေအိမ်မှ သူ၏ချစ်သူက လာရောက် ခေါ်သဖြင့် ထွက်ခွာသွားခဲ့ကာ၊ ညနေပိုင်းအထိ ပြန်မရောက်ဘဲ ပျောက်ဆုံးခဲ့ကြောင်း၊ ဧပြီ ၂၀ ရက်မှ စတင်ကာ ရဲစခန်းများစွာတွင် သွားရောက် ရှာဖွေရာမှ နောက်ဆုံး ဧပြီ ၂၃ ရက်တွင်မှ အင်းစိန်မြို့နယ် ပြည်သူ့ ဆေးရုံတွင် သွားရောက် တွေ့ရှိခဲ့ကြောင်း သိရသည်။
နော်မေသူသူဇော်၏ ရုပ်အလောင်းကို ပြည်သူများက ၂၀၁၃ ဧပြီ ၂၁ ရက်နေ့တွင် လှိုင်မြစ်အတွင်းတွေ့ရှိခဲ့သည်ဟု တွေ့ရှိခဲ့သူ တချို့၏ ထွက်ဆိုချက်တွင် ဖော်ပြထားသည်။ အဆိုပါအမှုကို ခရိုင်တရားရုံးတွင် သာမန်သွေးရိုးသားရိုး ရေနစ် သေဆုံးမှုအဖြစ် အမှုဖွင့်ခဲ့သည်။ ယမန်နှစ်ကတည်းက ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့သော်လည်း မကြာသေးခင်ကမှ Facebook ပေါ်တွင် ရေနစ်သေဆုံးနေသည့် ဓာတ်ပုံနှင့်တကွ သတင်း ပျံ့နှံ့ခဲ့သောကြောင့်သာ လူအများ သိရှိ စိတ်ဝင်စားခဲ့ကြခြင်း ဖြစ်သည်။
ထိုအမှုနှင့် ပတ်သက်ပြီး တရားခံ မည်သူ ဆိုသည်ကို စွပ်စွဲနေခြင်း မဟုတ်ကြောင်း၊ တရားဥပဒေအရ အမှန်အကန် ဖြစ်စေရန်နှင့် မျှတမှုရှိစေလိုကြောင်း၊ သာမန် သွေးရိုးသားရိုး သေဆုံးခြင်း မဟုတ်သည့် အတွက် ပြန်လည် စစ်ဆေးရန် သက်ဆိုင်ရာသို့ တင်ပြသွားမည် ဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်နော်မယ်ဆေးက ဆိုသည်။
“ကျနော့်အနေနဲ့ တရားစီရင်တုန်းက စစ်ဆေးချက်တွေ၊ ထွက်ဆိုချက်တွေ အားလုံး ဖတ်ပြီးသွားပါပြီ။ ကွာဟချက်တွေ ရှိပါတယ်။ အဲဒါတွေ အားလုံး ကျနော်တို့ ပြန်လည်စိစစ်ပြီး လုပ်စရာရှိတာ ဆက်လုပ်သွားပါမယ်” ဟု ၈၈ မျိုးဆက် ဥပဒေရေးရာ ဌာနမှ ရှေ့နေ ဦးလင်းဖုန်းမြင့်က ၈၈ မျိုးဆက် ကျောင်းသားများ၏ ရုံးခန်းတွင် ဖေဖော်ဝါရီ ၄ ရက်နေ့က ပြုလုပ်သည့် မနော်မေသူသူဇော် သေဆုံးမှုနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
မြန်မာနိုင်ငံတွင် တရားဥပဒေအရ အမှန်တရားတခု ပေါ်ပေါက်ရန်အတွက် အနည်းဆုံး ၆ လခန့် အချိန် ကြာမြင့်သော်လည်း ကာယကံရှင်၏ ကျေနပ်မှု ရလဒ်မျိုး မရရှိကြောင်း၊ တရားဥပဒေသည် လူသားတိုင်းအတွက် အကာအကွယ် ပေးရန် ဖြစ်သော်လည်း လက်ရှိတွင် မြန်မာတရားရုံးများ၌ မတရားမှု၊ မမျှတမှုများ နေ့စဉ်နှင့်အမျှ ကြားနေရကြောင်း ၎င်းက ဆိုသည်။
လက်ရှိ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်မှ ဆေးကျောင်းသူ သေဆုံးမှုနှင့် ပတ်သက်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အမျိုးသမီးဌာန၏ ဒုတိယတာဝန်ခံ မမီးမီးက “အမျိုးသမီးတွေ တရားဥပဒေ အကာအကွယ် မဲ့နေတာ တွေ့ရတယ်။ အိမ်လိပ်စာကော၊ ကျောင်းသားကတ်ပါ ရဲစခန်းက သိရက်နဲ့ အိမ်ကို အကြောင်းမကြားတာ မဖြစ်သင့်ဘူး။ အချိန်နဲ့ တပြေးညီ လုပ်ဆောင်သင့်ပါတယ်” ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
မြန်မာအမျိုးသမီးများအတွက် ကာကွယ်ပေးနိုင်သည့် ဥပဒေမရှိသေးကြောင်း၊ ရန်ကုန်နှင့် တခြားနယ်မြို့များတွင် နေ့စဉ်နှင့်အမျှ အမျိုးသမီးငယ်များ အဓမ္မကျင့် ခံနေရသည်ကို ကြားနေရကြောင်းနှင့် အမျိုးသမီးများအတွက် လုံခြုံရေး၊
တရားမျှတရေးကို ဆောင်ရွက်ပေးသင့်ကြောင်း မမီးမီးက ဆိုသည်။
“သေဆုံးတဲ့ သူက ကျောင်းသူတဦး ဖြစ်ပြီး အမျိုးသမီး ဖြစ်တဲ့အတွက် အမျိုးသမီးတွေရဲ့ လုံခြုံရေး ဘယ်လို စိတ်ချ ရမှာလဲ။ ပြီးတော့ ကျမတို့ ကျောင်းသူတွေဟာ မြို့ပြင်မှာ ကျောင်းသွားရတဲ့ အချိန်မှာ စိတ်ပိုင်းဆိုင်ရာရော၊ ခန္ဓာကိုယ်ပိုင်း ဆိုင်ရာမှာပါ လုံခြုံမှုမရှိဘူး။ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေ ရှိနေတယ်” ဟု နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ကျောင်းသား သမဂ္ဂမှ မငြိမ်းချမ်းမေက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်မှ မနော်မေသူသူဇော် သေဆုံးမှုနှင့် ပတ်သတ်ပြီး Facebook စာမျက်နှာများတွင် မမေသူသူဇော်၏ ချစ်သူ နိုင်ငံခြားထွက်သွားသည်၊ ယင်းကိစ္စအတွက် ကျောင်းသားများ ဆန္ဒပြမည် စသည်ဖြင့် သတင်းများ ပျံ့နှံ့နေခြင်းသည် မှန်ကန်မှု မရှိကြောင်း၊ ထိုသတင်းများကြောင့် မိသားစု၏ ဂုဏ်သိက္ခာ ထိခိုက်ကြောင်း၊တရားစီရင်မှုတွင် လိုအပ်မှုရှိကြောင်း၊ အမှန်တရား ပေါ်ပေါက်ရန် ထပ်မံလုပ်ဆောင် သွားမည် ဖြစ်ကြောင်း နော်မေသူသူဇော်၏ အစ်မ ဖြစ်သူ မခမ်းမွန်ထွေးက ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်က ကုလသမဂ္ဂ၏ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူစာချုပ် (CEDAW) တွင် လက်မှတ်ရေးထိုးထားခဲ့ သော်လည်း အမျိုးသမီး အခွင့်အရေး ကာကွယ်ပေးခြင်းနှင့်
ပတ်သက်ပြီး ဆောင်ရွက်မှုများ ထိရောက်မှု မရှိကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ဝေဖန် ပြောဆိုလျှက် ရှိသည်။