၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်းမှာစတင်ခဲ့တဲ့ မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှု ကာလထဲမှာ အမြင်သာ ဆုံး နိုင်ငံရေး လှုပ်ရှားမှုက ဆန္ဒပြခြင်းလို့ ပြောရမှာ ဖြစ်တယ်။
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီ ရရှိရေး၊ ပြည်တွင်း စစ် ရပ်စဲရေး၊ နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက် ရေး၊ သိမ်းဆည်းခံ လယ်ယာမြေများ ပြန်ရရေး၊ အလုပ်သမားအခွင့်ရေး ရရှိရေး စသဖြင့် လူထုရဲ့ တကယ့်လိုအပ်ချက် အတွက် ပြတဲ့ ဆန္ဒပြပွဲတွေကို တွေ့ရပါတယ်။
ဒါပေမယ့် အခု ရက်ပိုင်းအတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး သဘော မဆောင်တဲ့ဲ့ ဆန္ဒပြပွဲတချို့ ဆက်တိုက် ဖြစ်ပေါ်လာ နေတာလည်း တွေ့နိုင်ပါတယ်။ ဒီ ဆန္ဒပြပွဲတွေဟာ ဘယ်သူတွေက ဘယ်သူတွေ အတွက် ဘယ်လို ဆန္ဒပြနေ ကြတာလဲ။ ဘယ်ကို ဦးတည်နေတာလဲ။
လွန်ခဲ့တဲ့ ၂၅ နှစ်၊ ၁၉၈၈ က ဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြပွဲတွေ၊ ၂၀၀၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဆန္ဒြုပပွဲတွေ၊ နှစ်ပေါင်း ၂၀ ကျော် နိုင်ငံ တကာရှိ စစ်အစိုးရ သံရုံးတွေရှေ့မှာ ပြခဲ့တဲ့ ဆန္ဒပြပွဲတွေနဲ့ အခုရက်ပိုင်း အတွင်း ဖြစ်ပေါ်လာတဲ့ ဆန္ဒပြပွဲတွေကို နှိုင်းယှဉ် လေ့လာသင့် ပါတယ်။ ဆိုလိုတာက အရင် စစ်အစိုးရ ခေတ်က ဆန္ဒပြပွဲ အားလုံးဟာ “စစ်အစိုးရ ပြုတ်ကျရေး၊ ဒီမိုကရေစီ ရရှိရေး၊ ပြည်တွင်းစစ် ရပ်စဲရေး” ဆိုတဲ့ ကြွေးကြော်သံ ကိုသာ အဓိကထားခဲ့ ကြတာ တွေ့ရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် အခု ရက်ပိုင်းအတွင်း ပေါ်ပေါက်လာတဲ့ ဆန္ဒပြပွဲ တချို့ဟာ အာဏာရှင်ရဲ့ လက်ကျန် စနစ်ဆိုးကို ဆန္ဒပြတာမျိုး မဟုတ်တော့ဘဲ ဒီမိုကရေစီ အင်အားစုတွေကို ဝေဖန်တဲ့ သဘော။ တိုင်းရင်းသား အင်အားစုတွေကို ဝေဖန်တဲ့ သဘောနဲ့ အမျိုးသားရေး အစွန်းရောက်လာတဲ့ သဘောမျိုးတွေ တွေ့လာနေရ ပါတယ်။
အတိအကျ ပြောရမယ် ဆိုရင် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းမှာ ပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) အား မပြင်သင့်ကြောင်း လူထုဟောပြောပွဲနဲ့ တနင်္လာနေ့က စစ်တွေမှာ ပြုလုပ်တဲ့ White Card ကိုင်ဆောင်သူများအား မဲပေးခွင့် မပြုရေး ဆန္ဒပြပွဲ တို့ ဖြစ်ပါတယ်။ ဒါက အခုရက်ပိုင်း အတွင်း ဆက်တိုက် ထွက်လာတဲ့ ဆန္ဒထုတ်ဖော်ပွဲ နှစ်ခုကို နမူနာထုတ်ပြတာပါ။
ဗိုလ်စိန်မှန် ကွင်းကပွဲကို အရင် လေ့လာကြည့်ပါ။ ပုဒ်မ ၅၉ (စ) ဆိုတာ လွယ်လွယ် ပြောမယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ရွေးချယ်ခံပိုင်ခွင့်ကို ကန့်သတ်ထားတဲ့ ပုဒ်မ။ တနည်းအားဖြင့် နိုင်ငံခြားသား ခင်ပွန်း၊ သားသမီးတွေ ရှိနေသူတွေ သမ္မတ ရွေးချယ်ခံခွင့် မရှိဆိုတဲ့ ဥပဒေကို မပြင်သင့်ဘူးလို့ ဟောပြော ကြတာပါ။
ဟောပြောတဲ့ အကြောင်းရာထက် ဟောပြောသူတွေက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေပါတယ် ။ ဘာကြောင့်လဲ ဆိုရင် NLD ရဲ့ အဓိက ပြိုင်ဖက် ကြံံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်းက ဟောပြောတာ မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဟာမိတ်တွေလို့ အများက ယူဆခဲ့တဲ့ NDF ပါတီက ကိုယ်စားလှယ်တဦးနဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီက ကိုယ်စားလှယ်တဦးတို့က အဓိက နေရာက ဟောပြောသွားလို့ပါ။
ဒီမိုကရေစီ စနစ်မှာ လွတ်လပ်စွာ သဘောထားကွဲခွင့် ရှိတယ် ဆိုပေမယ့် အခုချိန်ဟာ ဒီလို သဘောထား ကွဲရမယ့် အချိန် မဟုတ်သေးဘူူး လို့ ထင်ပါတယ်။ စစ်အာဏာရှင် စနစ်က အပြီးသတ် မချုပ်ငြိမ်းသေးဘဲ၊ စစ်အုပ်ချုပ်ရေး အသွင်တမျိုးနဲ့ ရှင်သန်နေချိန်မှာ အဲဒီ စနစ်ဆိုးကို အားပေးတဲ့ လုပ်ရပ်မျိုး မဖြစ်မိစေဖို့တော့ နိုင်ငံရေး စိတ်ဝင်စား သူတိုင်း သတိထားသင့်တယ် လို့ထင်ပါတယ်။
ဒုတိယ ဆန္ဒပြပွဲဖြစ်တဲ့ White Card ကိုင်ထားသူ၊ တနည်းအားဖြင့် နိုင်ငံသား မဖြစ်သေး သူတွေကို မဲပေးခွင့် မပေးဖို့ တောင်းဆိုတာဟာ တရားမျှတတယ် လို့ ထင်ကောင်း ထင်စရာ ရှိပါတယ်။ ဒါပေမယ့် အဲဒီလို တောင်းဆိုမှုရဲ့ နောက်ကွယ်က ခွဲခြားဆက်ဆံမှု (Discriminations) ကို အလွယ်တကူ မြင်နိုင်ပါတယ်။
ပြီးတော့ “နိုင်ငံတကာ NGO များ အလိုမရှိ။ ရဲတပ်ဖွဲ့များကို လက်နက်ကောင်းကောင်း တပ်ဆင်ပေးပါ” ဆိုတဲ့ တောင်းဆိုချက် တွေဟာ မူလ လမ်းကြောင်း ဖြစ်တဲ့ ဒီမိုကရေစီ ရရှိရေးကနေ လမ်းချော်လာနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဆန္ဒပြတာဟာ ဘယ်သူတွေက ဘယ်သူတွေ အတွက် ဘယ်လို ဆန္ဒပြနေ ကြတာလဲ။ ဘယ်ကို ဦးတည်နေတာလဲ ဆိုတာ သိမြင်ဖို့ လိုပြီလို့ ကျနော် အထက်မှာ ဖော်ပြတာ ဖြစ်တယ်။
ပြန်စဉ်းစားကြည့်ရင် ၁၉၈၈ ခုနှစ်၊ ၂၀၀၇ ခုနှစ်နဲ့ ရှေ့ပိုင်းမှာ ဖြစ်ပေါ်ခဲ့သမျှ ဆန္ဒပြပွဲတွေကို လက်နက် ကောင်းကောင်းနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တာ ဒီ ရဲတပ်ဖွဲ့ဝင်တွေ၊ ဒီ တပ်မတော် တပ်ဖွဲ့ဝင်တွေ ဖြစ်တယ် ဆိုတာကို မေ့ပစ်လိုက်ကြ တော့မှာလား။ အမျိုးသား လုံခြုံရေး အတွက် စိုးရိမ်သင့်တယ် ဆိုတာကို ဘယ်သူမှ မငြင်းပေမယ့် မတူကွဲပြားသူတွေ အတူတကွ ရှင်သန် နေထိုင်ရေး ဆိုတာကို ၂၁ ရာစုမှာ ရှင်သန်နေထိုင်သူတွေ မေ့ထားလို့ မဖြစ်နိုင်ပါ။
အမျိုး၊ ဘာသာ၊ သာသနာကို ဦးစားပေးရမယ် ဆိုတာကို ကန့်ကွက်စရာ မရှိပါ။ ဒါပေမယ့် တချိန်တည်းမှာပဲ လူ့အခွင့်ရေး၊ ဒီမိုကရေစီရေး၊ ခွဲခြားဆက်ဆံမှု ပပျောက်ရေး ဆိုတဲ့ ၂၁ ရာစုရဲ့ လူသားဖြစ်မှု စံချိန်စံညွှန်း တွေကို လည်း လေးစားဖို့ လိုအပ်နေ ပါတယ်။ ဒီလို မတူကွဲပြားတဲ့ တန်ဖိုးစံ သတ်မှတ်ချက် ၂ ခုကို မြန်မာ့ လူ့အဖွဲ့စည်း အတွင်း လိုက်လျောညီထွေ ကျင့်သုံးနိုင်အောင် ဆောင်ရွက်ရေးဟာ အားလုံးရဲ့ တာဝန် ဖြစ်ပါတယ်။ အထူးသဖြင့် အာဏာ လက်ကိုင်ထားတဲ့ အစိုးရနဲ့ လွှတ်တော်က ဒီကိစ္စတွေအတွက် အလျင်အမြန် အရေးယူ ဆောင်ရွက်ပေးဖို့ လိုအပ်နေပါတယ်။
အနှစ်ပြန်ချုပ်ရရင်တော့ ဒီမိုကရေစီ အခွင့်ရေး အရ လူတိုင်းမှာ လွတ်လပ်စွာ သဘောထားကွဲခွင့် ရှိပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်၊ လူစု ဟောပြောခွင့်လည်း ရှိပါတယ်။ ဒါပေမယ့် အဲဒီ ဆန္ဒပြပွဲတွေ၊ ဟောပြောပွဲတွေ ဟာ ဒီမိုကရေစီ ပန်းတိုင်ဆီ ဦးတည်နေတာ သေချာပါရဲ့လား။ ဒီမိုကရေစီရဲ့ဆန့်ကျင်ဘက် အာဏာ ရှင်စနစ်ကို ပြန်လည် ရှင်သန်လာအောင် လမ်းခင်းပေးသလို ဖြစ်နေလေသလား ဆိုတာကို တော့ အသေအချာ စဉ်းစားဖို့ လိုလာနေပြီ ဖြစ်ပါတယ်။
နယ်စပ်က တော်လှန်ရေးသမားတွေ သုံးနေကျ စကားလုံးကို ငှားသုံးရမယ် ဆိုရင် “ဘုံရန်သူ မပျောက်ဖို့” လိုပါတယ်။ တကယ် ဦးတည်တိုက်ရမယ့် စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းရေးကို အဓိက မထားဘဲ အချင်းချင်း လှည့်ပတ် တိုက်လာပြီ ဆိုရင် ဒါဟာ ဒီမိုကရေစီ လမ်းကြောင်းကနေ သွေဖီသွားနိုင်တဲ့ အတွက် နိုင်ငံရေး စိတ်ဝင်စားသူ အားလုံး အသေအချာ စဉ်းစားပြီး လမ်းကြောင်း တည့်မတ်ပေးဖို့ လိုနေပြီ ဖြစ်ပါကြောင်း။ ။