ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီကြီးကို ကမ္ဘာ့ အမွေအနှစ် စာရင်း(World Heritage) ထည့်သွင်းနိုင်ဖို့ အတွက် ယဉ်ကျေးမှုဝန်ကြီးဌာန က စတင် စီစဉ်နေပါတယ်။
သက်ဝင်ရှင်သန်နေဆဲ အဆောက်အအုံ(Living Monument) ဖြစ်တဲ့ ရွှေတိဂုံ စေတီကြီးကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO)ဆီ ပထမအဆင့်အနေနဲ့ အဆိုပြု စာရင်း(Tentative List) တင်သွင်းမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ နိုင်ငံတကာ စည်းမျဉ်း၊ စည်းကမ်းများ အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ယဉ်ကျေးမှု ဝန်ကြီးဌာနက ဆိုပါတယ်။
“အဆိုပြုစာရင်းတင်ပြီးရင် လျှောက်ခွင့်ရှိသွားပြီလို့ ဆိုရမှာပါ၊ ရွှေတိဂုံတို့ ပုဂံတို့ဆိုတာ လူသိများပြီးသားဖြစ်ပေမယ့် ကမ္ဘာ့ အမွေ အနှစ် စာရင်းသာဝင်သွားရင် ကျနော်တို့နိုင်ငံ ပုံရိပ်ကို ပိုတက်သွားမှာပါ”လို့ ရှေးဟောင်း သုတေသနနဲ့ အမျိုးသား စာကြည့်တိုက် ညွန်ကြားရေးမှူးချုပ် ဦးကျော်လွင်ဦး က ပြောပါတယ်။
World Heritage စာရင်းသွင်းခံရဖို့ အတွက် နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်တွေနဲ့ စစ်ဆေးရမှာဖြစ်ပြီး ရွှေတိဂုံဘုရား ဝန်းကျင် အဆောက်အအုံ ဆောက်လုပ်မှုနဲ့ ပတ်သက်ပြီး ကန့်သတ်ထိန်းချုပ်မှုများရှိလာနိုင်တဲ့အပြင်၊ ကမ္ဘာလှည့်ခရီးသွားများ လာေရောက် လည်ပတ်မှုကိုလည်း လျှော့ချကောင်း လျှော့ချနိုင်တယ်လို့လည်း သူက ဆိုပါတယ်။
“အန်ကောဝပ်ဆို ကမ္ဘာလှည့်ခရီးသွားက တနှစ်ကို ၇ သန်း လောက် လာတယ်၊ လူတွေကြောင့် ရှေးဟောင်း အဆောက်အအုံ တွေ ထိခိုက်ပျက်စီးမှု မရှိရအောင် အခုကတည်းက ဧည့်သည်အရေအတွက် လျှော့ချနေပြီ၊ ဆိုးကျိုးနဲ့ ကောင်းကျိုးကတော့ ဒွန်တွဲနေ တာ ပါပဲ”လို့ ဦးကျော်လွင်ဦး ဆက်ပြောပါတယ်။
ကမ္ဘာ့ အမွေအနှစ်စာရင်း လျှောက်ထားခြင်း အစီအစဉ်ဟာ အချိန်ကာလအားဖြင့် လေးနှစ်ခန့်ကြာနိုင်ပြီး နိုင်ငံတကာ ပညာရှင်တွေကို ဖိတ်ခေါ်စစ်ဆေးရတဲ့ အတွက် ငွေကြေး အများအပြား ကုန်ကျနိုင်တယ်လို့လည်း သိရပါတယ်။
သမိုင်းတန်ဖိုး ကြီးမားတဲ့ ရွှေတိဂုံစေတီကြီးဟာ လက်ရှိအခြေအနေမှာ UNESCO ရဲ့ စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီ နိုင်တဲ့အတွက် World Heritage အဖြစ် စာရင်းဝင်ဖို့ ရာနှုန်းပြည့် ဖြစ်နိုင်တယ်လို့လည်း ရှေးဟောင်း ယဉ်ကျေးမှုဌာန က ယုံကြည်နေပါတယ်။
ဘာသာရေး သမိုင်းအရ ရွှေတိဂုံစေတီကြီးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ကျော် ဥက္ကလာပ မင်းကြီး လက်ထက် မဇိ္ဈမ ဒေသ သား တဖုဿ နဲ့ ဘလ္လိက ကုန်သည်ညီနောင် က ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဓာတ်တော်များနဲ့ သိဂုၤတ္တရ ကုန်းတော်မှာ တည်ထားခဲ့တယ်လို့ ဆိုပေမယ့် တချို့ သမိုင်းပညာရှင်တွေနဲ့ ရှေးဟောင်း သုတေသနပညာရှင်တွေ ကတော့ ၆ ရာစုနဲ့ ၁၀ ရာစုကြားမှာ မွန်တို့ တည်ခဲ့ တယ်လို့ သုံးသပ်ကြပါတယ်။
မွန်ဘုရင်တဦးဖြစ်တဲ့ ဗညားဦး လက်ထက်နဲ့ ဘုရင်မကြီး ရှင်စောပု လက်ထက်မှာ ဉာဏ်တော်ကို လက်ရှိအနေအထားထက် မြှင့်ပြီး ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။
၁၇၆၈ ခုနှစ် ဆင်ဖြူရှင်မင်း လက်ထက်မှာတော့ သဘာ၀ ဘေးအန္တရာယ်ဖြစ်တဲ့ မြေငလျင်ဒဏ်ကြောင့် ထီးတော် မြေခခဲ့ရတဲ့အတွက် ထပ်မံပြင်ဆင် ရပါသေးတယ်။
လက်ရှိမှာတော့ ရွှေတိဂုံစေတီတော်ကြီးရဲ့ အဉာဏ်တော် အမြင့်ဟာ ပေပေါင်း ၃၆၈ ပေ ရှိတယ်လို့ သိရပါတယ်။
အဲဒီ ရွှေတိဂုံ စေတီတော်ကြီးကို ကမ္ဘာ့ အမွေအနှစ်ဖြစ်နိုင်အောင်လို့ ပထမဆုံးအကြိမ် အဆိုပြုစာရင်း တင်သွင်းမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ၁၉၉၆ ခုနှစ် စစ် အစိုးရ လက်ထက်မှာ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များဖြစ်တဲ့ အင်းဝ၊ စစ်ကိုင်း၊ အမရပူရ၊ မင်းကွန်း၊ မန္တလေး မြို့ဟောင်းများ၊ မွန်ရှေးဟောင်းမြို့ ပဲခူး ဟံသာဝတီ၊ ရခိုင်ပြည် မြောက်ဦး ဒေသ၊ ပုဂံရှေးဟောင်း အမွေအနှစ် ဒေသရှိ အဆောက်အအုံများ၊ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူမြို့ သုံးမြို့ အပါအဝင် အုံတုံ၊ စလေ၊ ပခန်းကြီး၊ ပခန်းငယ်၊ လယ်ကိုင်း ကျောင်းတော်ရာ၊ စကု၊ ရွှေကျောင်း(မန္တလေး)တို့မှာရှိတဲ့ သစ်သားဘုန်းကြီး ကျောင်းတွေနဲ့ သဘာဝဆိုင်ရာ အမွေအနှစ် အဖြစ် ပြဒါးလင်းဂူ၊ အင်းလေးကန် တို့ကိုလည်း ကမ္ဘာ့ အမွေအနှစ်တင်သွင်းဖို့ UNESCO ကို အဆိုပြုစာရင်း တင်သွင်းခဲ့ပါသေး တယ်။
ပုဂံ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဒေသကတော့ စီမံခန့်ခွဲမှု(Management Plan) အားနည်းခြင်း၊ ရှေးဟောင်းဇုန် နယ် နိမိတ် များ တိတိကျကျ မသတ်မှတ်ရသေးခြင်း၊ ရှေးဟောင်း အဆောက်အအုံများ ထိန်းသိမ်းခြင်းဆိုင်ရာ ဥပဒေ မပြဌာန်းရသေး သည့််အတွက် UNESCO က လိုအပ်ချက်များကို ပြန်လည်ပြုလုပ်ပြီးမှ တင်သွင်းဖို့ မှတ်ချက်ချခဲ့ပေမယ့် အခုအထိ ပြန်လည်တင်သွင်း နိုင်ခြင်းမရှိသေးပါဘူး။
ဒါဟာ စစ်အစိုးရလက်ထက် ပုဂံဒေသရှိ ရှေးဟောင်း စေတီပုထိုး တချို့ စည်းကမ်းမဲ့ အလွန်အကျွံပြုပြင်ခြင်း ခံရခြင်းနဲ့လည်း သက်ဆိုင်နိုင်ပြီးတော့ အခုအခါမှာ အာနန္ဒာ ဘုရားကိုတော့ အိန္ဒိယနိုင်ငံ အကူအညီနဲ့ ရှေးဟောင်းယဉ်ကျေးမှုက စနစ်တကျ ပြင် ဆင်နေပါတယ်။
အခုနှစ်လယ်ပိုင်းမှာတော့ ပျူမြို့ သုံးမြို့ဖြစ်တဲ့ ဟန်လင်း၊ ဗိဿနိုး နဲ့ သရေခေတ္တရာ တို့ကို UNESCO က ကမ္ဘာ့ အမွေအနှစ် စာရင်း ထည့်သွင်း မသွင်း ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ စာရင်းသွင်းခံရင်တော့ မြန်မာပြည်မှာ ပထမဆုံး ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ဖြစ်လာမှာပါ။
မြန်မာ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ အယုဒ္ဓယနဲ့ ဆူခိုထိုင်း မြို့ဟောင်းများအပြင် တခြားသော သဘာဝဆိုင်ရာ အမွေအနှစ် နေ ရာ သုံးခုနဲ့ လာအို နိုင်ငံမှာတော့ လွမ်ဖရာဘန် မြို့ဟောင်းတို့ဟာ ကမ္ဘာ့ အမွေအနှစ်အဖြစ် အသိအမှတ်ပြု ခံထားရပါတယ်။