ဆယ်စုနှစ် များစွာအတွင်း မြန်မာစစ်အစိုးရနှင့် NATIONAL ENDOWMENT FOR DEMOCRACY (NED) အဖွဲ့တို့ကြားတွင် အမုန်းတရားများသာ ရှိခဲ့သည်။ ကမ္ဘာတလွှားတွင် ဒီမိုကရေစီစနစ်ကို မြှင့်တင်ပေး နိုင်ရန်အတွက် အမေရိကန်ကွန်ဂရက် လွှတ်တော်၏ ငွေကြေးပံ့ပိုးမှုဖြင့် တည်ထောင်ထားသော အဖွဲ့တခုအနေဖြင့် NED က စစ်ဗိုလ်ချုပ်များ၏ အာဏာရှင် အုပ်ချုပ်ရေးကို ခုခံဆန့်ကျင်နေခဲ့ကြသော ပြည်ပရောက် မြန်မာအတိုက် အခံများနှင့် တိုင်းရင်းသားလူနည်းစုများကို ထောက်ပံ့ကူညီခဲ့၍ ယခင်စစ်အစိုးရ၏ အာဃာတထားခြင်းခံခဲ့ရသည်။
သမ္မတဦးသိန်းစိန်၏ လက်အောက်တွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာ၍ ၂ နှစ်ခွဲကြာမြင့်ခဲ့ပြီးသော ယခုအချိန်၌ ယခင်ကအေးခဲ နေခဲ့သည့် ဆက်ဆံရေးများလည်း အရည်ပျော်တော့ မည့်အသွင်ရှိလာသည်။ ၂၀၁၃ အောက်တိုဘာလ အတွင်းက NED ဥက္ကဋ္ဌ Carl Gershman ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တဖွဲ့မြန်မာနိုင်ငံ သို့ ရောက်ရှိလာပြီး ရန်ကုန်နှင့် နေပြည်တော်မြို့ များတွင် လူမှုအဖွဲ့အစည်းများ၊ အစိုးရတာဝန်ရှိ သူများနှင့် တွေ့ဆုံခဲ့သည်။ အဆိုပါ ခရီးစဉ်၏ နောက်ဆုံးအချိန်တွင် ဧရာဝတီကို တည်ထောင်သူ အယ်ဒီတာချုပ် အောင်ဇော်က Mr.Gershman နှင့် တွေ့ဆုံပြီး လက်ရှိဖြစ်ပေါ်နေသော ပြုပြင်ပြောင်းလဲရေး ဖြစ် စဉ်များ၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှ စိန်ခေါ် မှုများနှင့် တချိန်က သူ့ကိုရန်သူအဖြစ်သဘောထား ခဲ့သူများနှင့် တွေ့ဆုံခဲ့သည့် အကြောင်းများကို မေးမြန်း ဆွေးနွေးထားပါသည်။
ဧရာဝတီ။ ။ ဒါက မြန်မာနိုင်ငံကို ပထမဆုံးခရီး စဉ်မှာခင်ဗျားရဲ့ထင်မြင်ယူဆချက်ကို သိချင်ပါတယ်။
Mr.Gershman ။ ။ နောက်ကြောင်းပြန်လှည့်ဖို့ အလွန်ခက်ခဲတဲ့ ဖြစ်စဉ်ကစတင်ခဲ့ပြီလို့ ကျနော်ထင် ပါတယ်။ လူမှုအဖွဲ့အစည်းတွေ၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အစိုးရထဲကလူတွေ အပါအဝင် လူအမြောက်အမြားနဲ့ ကျနော်တွေ့ခဲ့ပါတယ်။ အနည်းဆုံးတော့ လူတိုင်းက ဒီလုပ်ငန်းစဉ်မှာ သူတို့ ပါဝင်မယ်ဆိုတာကို ပြသခဲ့ကြပါတယ်။ သူတို့ဟာ ဒီမိုကရေစီအတွက် လို့ လူတိုင်းကပြောခဲ့ကြပါတယ်။ ဒါကကြာရှည်ခက်ခဲမယ့် လုပ်ငန်းတခုရဲ့ အစဖြစ် တယ်ဆိုတာသံယယရှိနေစရာမလိုပါဘူး။ ဒါပေမယ့် ကျနော့်ကိုမျှော်လင့်ချက်ပေးတဲ့အရာတွေ အများ ကြီးတွေ့ခဲ့ပါတယ်။
ကျနော် လူငယ် ၄၀ လောက်နဲ့ တွေ့ဆုံခဲ့ပါ တယ်။ သူတို့ထဲက အများစုက အမျိုးသမီးတွေ၊ လူနည်းစုတိုင်းရင်းသားအဖွဲ့ တွေထဲကသူတွေဖြစ် ပါတယ်။ သူတို့ ဒီမိုကရေစီအကြောင်းကို အရမ်း သိနားလည်ချင် နေကြပါတယ်။ ဒီမိုကရေစီကို နား လည်သဘောပေါက်ပြီး ဒီမိုကရေစီအတွက် အလုပ် လုပ်ဖို့ ဆန္ဒပြင်းပြနေတာက ဒါကိုရရှိပြီးသားလို့ ယူ ဆထားတဲ့ အမေရိကန်နိုင်ငံထက် ပိုပါတယ်။ ကျနော်တွေ့ခဲ့တဲ့ အစိုးရတာဝန်ရှိသူတွေက သူတို့ ဘာတွေလုပ်ဖို့ ကြိုးစားနေတယ်ဆိုတာကို ကျနော့် လို လူတယောက်ဆီမှာ သက်သေပြချင်ကြတယ်။ သူတို့ လမ်းမှန်ပေါ်မှာ ရှိနေတာနဲ့အမျှကောင်း တယ်လို့ ကျနော်မြင်မှာပါပဲ။
အသွင်ကူးပြောင်းရေးကအရမ်း ခက်ခဲတယ်ဆိုတာ ကျနော်သိပါ တယ်။ ဒါပေမယ့် ကျနော်မျှော်လင့် နေတုန်းပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာဖြစ်ခဲ့တာ တခုက စနစ်ကပွင့်လင်းလာပြီးတော့ ဧရာဝတီမဂ္ဂဇင်းလိုမျိုးတွေလည်း ပြန်ရောက်လာကြ လို့ ဖြစ်ပါတယ်။ ခင်ဗျားတို့က နိုင်ငံရေးအခင်း အကျင်းကို ပွင့်လင်းလာအောင် လုပ်နေပါတယ်။ နိုင်ငံရေး ပွင့်လင်းလာရင် ပြည်သူတွေ ပညာရေးမြင့်တက်လာမယ်။ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ဖွံ့ဖြိုးလာမယ်။ ကျနော်တို့ မကြာခဏပြောလေ့ရှိ သလိုပါပဲ။ဆင်စွယ်က ထွက်ပြီးသား ဖြစ်သွားပြီ။ ပြန်ဝင်လို့ မရတော့ပါဘူး။ ဒါဟာ ဒီမိုကရေစီရဲ့ သဘာဝပါပဲ။
ဧရာဝတီ။ ။ မြန်မာ-အမေရိကန် ဆက်ဆံရေးအပြောင်း အလဲကို ဘယ်လိုမြင်ပါသလဲ။
Mr.Gershman ။ ။ ကျနော်တွေ့ခဲ့တဲ့ ခေါင်းဆောင်တွေထဲက တယောက်က အမေရိကန်ပြည်ထောင်စုက မြန်မာ နိုင်ငံအပေါ်ကို ဒဏ်ခတ်ပိတ်ဆို့ခဲ့တာ ဆိုးရွားတဲ့ မှားယွင်းမှုပဲ၊ ပူးပေါင်းဆောင်ရွက်တဲ့ မူဝါဒဆိုရင် ပိုကောင်းခဲ့လိမ့်မယ်လို့ အတိတ်အကြောင်းတွေကို ဝေဖန်ခဲ့ပါတယ်။ အာဏာရှင်စနစ် တခုနဲ့ မိတ်ဆွေ လို ရင်းနှီးစွာဆက်ဆံရေးက အမေရိကန်ပြည်ထောင်စု အတွက် အရမ်းခက်ခဲပါတယ်လို့ ကျနော် ရှင်းပြခဲ့ ပါတယ်။ ချီလီနိုင်ငံ Augusto Pinochet လက်အောက်မှာ ရှိနေတုန်းက ဆက်ဆံရေးက အလွန်ခက်ခဲ ပြီးတော့ သူစိမ်းဆန်ခဲ့တာကို ကျနော်မှတ်မိပါတယ်။ ချီလီနိုင်ငံမှာ ဒီမိုကရေစီရွေး ကောက်ပွဲစနစ်ရှိလာပြီး နောက်မှာတော့ နေ့ချင်း ညချင်းကို ပြောင်းလဲသွားပါတယ်။ ကျနော်တို့ မိတ်ဆွေရင်းချာလို ဆက်ဆံရေးရှိ လာခဲ့ပါတယ်။ တကယ် လို့ပြုပြင်ပြောင်းလဲရေးတွေ နောက်ကြောင်း ပြန်လှည့်သွားမယ်ဆိုရင်တော့ ဆက်ဆံရေးက အရမ်းခက်သွားမယ်ဆိုတာ ကျနော် သိနေတယ်။ တကယ်ကို ရှုပ်ထွေးသွားနိုင်ပါတယ်။
ဧရာဝတီ။ ။ မြန်မာနိုင်ငံကို ဆယ်စုနှစ်များစွာ ဒီမိုကရေစီ နည်းကျမဟုတ်ဘဲ ရက်စက်ကြမ်းတမ်းစွာ အုပ်ချုပ် ခဲ့တဲ့သူတွေရဲ့လက်ထဲမှာပဲ စီးပွားရေးနဲ့ အာဏာက ရှိနေတုန်းပဲလို့ တချို့ကဝေဖန်ကြတယ်။ တရားမျှ တမှု ခုချိန်အထိ မရှိသေးဘူးလို့ ခံစားနေရသူတွေကို ဘာပြောချင်ပါသလဲ။
Mr.Gershman ။ ။ တချို့သောအရာတွေဟာ တခြားအရာတွေ ထက် ရရှိဖို့ ပိုလွယ်ကူပါတယ်။ အခြေခံဥပဒေအရပဲ ဖြစ်ဖြစ်၊ ရွေးကောက်ပွဲပုံစံပြုပြင်ဖို့ပဲဖြစ်ဖြစ် သဘောတူညီမှုရအောင် ညှိနှိုင်းပြီးတော့ တံခါးဖွင့်လိုက်ဖို့က အလွန်လွယ်ကူပါတယ်။ ဒါတွေ လျင်လျင်မြန်မြန် လည်း ဖြစ်လာနိုင်ပါတယ်။ ၁၉၈၉ ခုနှစ်မှာ ကွန်မြူနစ် အစိုးရတွေပြုတ်ကျသွားတယ်။ ဒါပေမယ့် စနစ် တခုပြောင်းလဲဖွံ့ဖြိုးလာဖို့ကတော့ ဆယ်စုနှစ် များစွာ ခက် ခက်ခဲခဲလုပ်ခဲ့ရပါတယ်။
ခင်ဗျားက အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုအကြောင်းကို ပြောလာတယ်။ ဒါက မလွဲမသွေကို လုပ်ရတော့မယ့် အရာဖြစ်ပါတယ်။ မကြာခင် ဖြစ်လာတော့မှာပါ။ ရုရှားလို တခြားနိုင်ငံတချို့မှာ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာမှမလုပ်နိုင်ခဲ့ဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် စတာလင် လက်ထက်မှာ ဖြစ်ခဲ့တဲ့ ရာဇဝတ်မှုတွေက ပိုဆိုးပါတယ်။ လူသန်းနဲ့ ချီပြီးအသတ်ခံခဲ့ရတဲ့ အကျဉ်းစခန်းတွေထဲက အဖြစ် အပျက်တွေ မကြုံတွေ့ခဲ့ရဘဲနဲ့ ရုရှားဟာ ဒီမိုကရေစီ နိုင်ငံတခု ဖြစ်လာမယ်လို့ ကျနော်မထင်ဘူး။ ခင်ဗျား ဒါကို မမေ့နိုင်ပါဘူး။
တောင်အာဖရိကနဲ့ ချီလီနိုင်ငံတွေမှာ အရေး ယူ အပြစ်ပေးခြင်းမရှိဘဲနဲ့ အမှန်တရားတခုနဲ့ အမျိုး သား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကို ဖြတ်ကျော်ခဲ့ရပါတယ်။ တခြားနိုင်ငံတွေမှာလည်း ခြားနားမှုတွေ ကြုံတွေခဲ့ကြရပါတယ်။
ဧရာဝတီ။ ။ ဒီကိစ္စကို ဆွေးနွေးဖို့ ဆန္ဒရှိနေကြတယ်ဆိုတာကို မေ့သွားတာလား။
Mr.Gershman ။ ။ အဲဒါက စောလွန်းပါသေးတယ်။ ကျနော် မသိပါ ဘူး။ ဒီမိုကရေစီကို တကယ်ဖော်ဆောင်ချင်ကြ သူတွေက တရားမျှတမှုကို အခုလိုချင်ကြတယ်။ အဲဒါကအတိတ်က ပြစ်မှုတွေအတွက် တာဝန်ရှိနေ တဲ့သူအချို့နဲ့ ပြဿနာတွေရှိလာတော့မယ့် သဘောပဲ။ မလွယ်ကူပါဘူး။ ဒါပေမယ့် ဘယ်သူတွေက စနစ်ရဲ့ အစိတ်အပိုင်းဖြစ်တယ်ဆိုတာနဲ့ ပြစ်မှုတွေအတွက် ဘယ်သူတွေက တာဝန်ရှိတယ်ဆိုတာကို ခွဲခြားတဲ့ နည်းလမ်းနဲ့ ဘယ်လိုဖြေရှင်းနိုင်တယ်ဆို တာကို တခြားနိုင်ငံတွေရဲ့ အတွေ့အကြုံတွေကို ကြည့်နိုင်ပါတယ်။
ဧရာဝတီ။ ။ အနောက်အုပ်စုက စစ်တပ်ချင်း ဆက်ဆံဖို့လုပ် နေတာဟာ ကောင်းပါသလား။
Mr.Gershman ။ ။ မှန်ကန်တဲ့ လေ့ကျင့်ပေးမှုမျိုးဆိုရင်တော့ ကောင်းတယ်လို့ ကျနော်ထင်ပါတယ်။ စစ်တပ်ဆိုတာ လူ့အဖွဲ့အစည်းကို အုပ်ချုပ်ဖို့ မဟုတ်ဘဲ တိုင်းပြည်ကို ကာကွယ်ဖို့ပဲ တာဝန်ရှိတယ်ဆိုတဲ့ စစ်တပ်နဲ့ လူ့အဖွဲ့အစည်းကြားက ခေတ်နဲ့ လိုက်လျောညီထွေ ရှိတဲ့ ဆက်ဆံရေးကို နားလည်လာအောင် သင့်လျော် တဲ့သင်တန်းပေးမှုမျိုး။ ပညာရှင်ဆန်တဲ့ စစ်တပ်တခု ဖြစ်လာအောင်သင်ကြားပေးတာမျိုး။ ဒီလိုသင်တန်း မျိုးတွေဆိုရင်တော့ အားလုံးကောင်းတယ်လို့ ကျနော် ထင်ပါတယ်။
ဧရာဝတီ။ ။ ရှိခဲ့တဲ့ သမိုင်းကြောင်းတွေအရကြည့်မယ်ဆိုရင် မြန်မာ စစ်တပ်ကို လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို လေးစားလိုက်နာလာအောင် သင်ကြားပေးလို့ ရနိုင် မယ်လို့ ထင်ပါသလား။
Mr.Gershman ။ ။ အခု သူတို့ကိုယ်တိုင်လုပ်ဖို့ ဖြစ်သွားပါပြီ။ သူတို့ တကယ်လုပ်လိမ့်မယ်လို့ ခင်ဗျားထင်သလား။ ကျနော် မသိပါဘူး။ ဒါပေမယ့် သူတို့ ဒီလိုလုပ်လာဖို့က အရေးကြီးတယ်လို့ ကျနော်ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့မှာ သူတို့ကို ဒီလို လုပ်ဖို့ ထိန်းချုပ်နိုင်တဲ့ အဆင့်အတန်း တခုရှိနေပါပြီ။
ကျနော်တို့ နိုင်ငံကို စတင်တည်ထောင်တုန်းက ကျနော်တို့ရဲ့ လွတ်လပ်ရေးကြေညာစာတမ်းမှာ”လူ သားတိုင်းကို ဘုရားသခင်က တူညီစွာဖန်ဆင်းခဲ့သည် ဆိုသည့် အမှန်တရားကို ခြွင်းချက်မရှိ ယုံကြည်စွဲကိုင် ထားသည်”လို့ပြောပါတယ်။ ဟုတ်ပါတယ်။ ဒါက မမှန်ပါဘူး။ ကျနော်တို့ဆီမှာ ကျေးကျွန် စနစ်ရှိခဲ့ သလို အဲဒီပြဿနာကြောင့် ပြည်တွင်းစစ်လည်း ဖြစ်ခဲ့ရပါတယ်။ နောက်ထပ်နှစ်ပေါင်း ၁၀ဝ လောက် မညီမျှမှုတွေရှိခဲ့ပြီး ဒေါက်တာမာတင်လူသာကင်းက ဒီစကားလုံးတွေဟာ နောက်ပိုင်းမှ ဖြစ်လာမယ်လို့ ပြောခဲ့ပါတယ်။ အဲဒါက ပြည်သူတွေကို အကြွေးတင်သလို ဖြစ်နေပါတယ်။
တန်းတူ ညီမျှမရှိမှုက နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှုတွေဖြစ်လာရတဲ့ အကြောင်းရင်းပါပဲ။ ပြဿနာကို ဖြေရှင်းနိုင်ဖို့ အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ၊ ဥပဒေထဲမှာ ထည့်သွင်းပြီး ပြည်သူတွေကို ဥပဒေအရ ကာကွယ် ပေးရပါမယ်။ ဒါမှသာ အခက်အခဲ အကျပ်အတည်း တွေရဲ့ အကြောင်းရင်းကို ဖယ်ထုတ်နိုင်ပါမယ်။ ကျနော်တွေ့ခဲ့တဲ့ ခေါင်းဆောင်တွေထဲက တယောက်က မျှော်လင့်ချက်တွေနဲ့ လက်တွေ့ကြား က ကွာဟမှုအတွက် စိုးရိမ်နေပါတယ်။ ဟုတ်ပါတယ်။ ကွာဟမှုရှိနေပါတယ်။ အဲဒီကွာဟမှုက ဆက်ပြီးတော့လည်း ရှိနေပါမယ်။ ဒီမျှော်လင့်ထားတာတွေအထိ မရောက်နိုင်ဘူးဆိုရင် ဆန္ဒပြမှုတွေ ဆက်ရှိနေဦးမှာပါပဲ။
ဧရာဝတီ။ ။ မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေက ကမ္ဘာပေါ်မှာ ပြင်ဆင်ဖို့ အခက်ဆုံးတွေထဲကတခုလို့ ဒေါ်အောင် ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ဒါကို ပြင်ဆင်နိုင်မယ်လို့ အကောင်းဘက်က ရှုမြင်ပါသလား။
Mr.Gershman ။ ။ အခြေခံဥပဒေရဲ့ ရှုပ်ထွေးမှုတွေနဲ့ ပြုပြင် ပြောင်းလဲဖို့ဘ ယ်လောက်ခက်မယ်ဆိုတာ ကျနော် ကြည့်ခဲ့ပြီးပါပြီ။ တချိန်တည်းမှာပဲ ဒါဟာ ဒီမိုကရေစီ ဦးတည်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမဟုတ်ဘူးဆိုတာ လည်း ရှင်းရှင်းလင်းလင်းကိုသိခဲ့ပါတယ်။ ပြင်ဆင်ရမယ့် အခြေခံဥပဒေပါ။ နောက်ပြီးတော့အစိုးရအတွင်း ကလူတွေထဲမှာလည်း ဒါကိုဆန့်ကျင်တဲ့သူတွေရှိနေ ပါတယ်။ ဒါကောင်းတဲ့လက္ခဏာပါ။ အုပ်ချုပ်သူ တွေကြားထဲမှာ ကွဲပြားမှုက ဒီမိုကရေစီတိုးတက်မှု အတွက် အမြဲတမ်းအထောက်အပံ့ဖြစ်ပါတယ်။
ပြုပြင်ပြောင်းလဲရေး စတင်တဲ့အချိန်ကစလို့ အတိုက်အခံဘက်ကို ဝေဖန်မှုတချို့လည်း ရှိခဲ့ပါ တယ်။ ဥပမာဒေါ်အောင်ဆန်းစုကြည်ကို ရိုဟင်ဂျာ ကိစ္စမှာ နှုတ်ဆိတ်ငြိမ်သက်နေခဲ့တာရယ်၊ လက်ပံတောင်းကြေးနီတွင်းလို ကိစ္စမျိုးမှာ မြေပိုင်တဲ့တောင်သူတွေရဲ့ ဆန္ဒအစား စီးပွားရေး အကျိုးစီးပွားဖက်ကို ပိုပြီး လိုက်လျောခဲ့တာကြောင့် ဝေဖန်တိုက်ခိုက်ခံခဲ့ ရပါတယ်။
အစိုးရပိုင်းမှာ ကွဲလွဲနိုင်သလို အတိုက်အခံဘက်မှာလည်း ကွဲလွဲနိုင်ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနဲ့ လူ့အခွင့်အရေးကြားမှာ တင်းမာမှုက မလွဲမသွေရှိတဲ့အရာပါ။ နောက်ဆုံးမှာ တော့ အတူတူသွားကြရတာပါပဲ။ ဒါက ဖန်တီးနိုင်စွမ်းရှိတဲ့ တင်းမာမှု ဖြစ်နိုင်တယ်လို့ ကျနော်ထင်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ အရေး၊ တိုင်းရင်းသားအခွင့်အရေး၊ ဘာသာရေးအစွန်း ရောက်ဝါဒ စတဲ့ကိစ္စတွေကို လုပ်ဆောင်နေတဲ့သူ တွေက စေ့စပ်ညှိနှိုင်းဆွေးနွေးဖို့ ကူညီလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ပြည်သူတွေကိုလည်း တာဝန်ယူ စေ့စပ်ဆွေးနွေးပေးရပါမယ်။
လက်ရှိဖော်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေက တိုင်းရင်းသား အခွင့်အရေး၊ လူ့အခွင့်အရေးစတဲ့ ကိစ္စတွေကို ပြေလည်စေနိုင်မယ်လို့ ကျနော် သဘောတူပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရနဲ့ အတိုက်အခံကလည်း သဘောတူနိုင်ဖို့ အခု ကြိုးစားနေပါ တယ်။ အကဲဆတ်တဲ့ ကိစ္စတွေကို ဆောင်ရွက်ဖို့က တော့ အရမ်းခက်ပါတယ်။ ဒါပေမယ့် အကဲဆတ်ပြီး ခက်ခဲတဲ့ကိစ္စတွေမှာ ပါဝင်မယ့်သူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း ဒီအကြောင်းတွေ ပြောလာရ တော့မယ်ဆိုတာကတော့ ရှင်းပါတယ်။