Ethnic Issues

မူးယစ်ဆေးဝါး ပပျောက်ရေး နမ့်ခမ်းတွင် သံဃာနှင့် လူထု ပူးပေါင်း ဆန္ဒဖော်ထုတ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် ခရိုင် နမ့်ခမ်းမြို့ပေါ်၌ ဒေသတွင်း မူးယစ်ဆေးဝါး ထုတ်လုပ် ဖြန့်ဖြူးမှု ပပျောက်ရေး အတွက် မြို့ခံ သံဃာတော်တွေနဲ့ အမျိုးသမီး အများစုပါတဲ့ ဒေသခံ ပလောင်(တအာင်း) ၇၀၀ ကျော်က နင်္လာနေ့က လမ်းပေါ်ထွက် ဆန္ဒဖော် ထုတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု တွင်တွင်ကျယ်ကျယ် လုပ်ဆောင်ခွင့် ရနေပြီး ဒေသတွင်း သာမက မြို့ပြတွေနဲ့ ကျေးလက်တွေမှာပါ မူးယစ်ဆေးဝါး လွယ်လင့်တကူ ရရှိနေတာကြောင့် ကျောင်းသား လူငယ်တွေ ပျက်စီးနေကြတယ်လို့ ဆိုပါတယ်။

အဲဒီ အပြင် ဒေသခံ လူထုရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုရေးတွေမှာ ထိခိုက် ပျက်စီးမှုတွေ ရှိနေတာကြောင့် အခုလို လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ် ရတာ ဖြစ်တယ်လို့ ဆန္ဒ ဖော်ထုတ်သူတွေက ပြောပါတယ်။

ဆန္ဒပြပွဲမှာ ပူးပေါင်း ပါဝင်ခဲ့တဲ့ ပလောင်(တအာင်း) ကျောင်းသား လူငယ်အဖွဲ့ (TSYU) ရဲ့ အတွင်းရေးမှူး (၁) မိုင်းမျိုးအောင်က “ဘိန်း စိုက်ပျိုး ထုတ်လုပ်မှုနဲ့ မူးယစ် ဆေးဝါးတွေ ကျယ်ပြန့် နေတာကြောင့် ကျောင်းသား လူငယ်တွေနဲ့ ဒေသခံတွေရဲ့ ဘဝတွေ နာလန် မထူနိုင်ဘူး ဖြစ်နေရတယ်၊ ဒါကြောင့် ဗဟို အစိုးရအနေနဲ့ လက်တွေ့ကျကျ လုပ်ဆောင်ပေးဖို့ အခုလို ဆန္ဒ ဖော်ထုတ်တာ” လို့ ဧရာဝတီကို ပြောပါတယ်။

ဒေသတွင်း ဘိန်းစိုက်ပျိုး၊ ထုတ်လုပ်မှုနဲ့ မူးယစ်ဆေးဝါး ဖြန့်ဖြူး ရောင်းချမှု ကြီးထွားနေတာနဲ့ ပတ်သက်ပြီး အရေးယူ ဆောင်ရွက် ပေးဖို့ ဒေသခံတွေက သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရ ဝန်ကြီးဌာန ရုံးတွေကို ဒီနှစ် ဇန်နဝါရီ လပိုင်းထဲက တင်ပြထားကြောင်း ဆန္ဒ ဖော်ထုတ်သူတွေက ပြောပါတယ်။

နမ့်ခမ်းမြို့ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး အဖွဲ့တွေက အဲဒီနေ့မှာပဲ မြို့ပေါ်က ကျားဖြူ ခန်းမမှာ မူးယစ် ဆေးဝါး ကာကွယ် တားဆီးရေး ဟောပြောပွဲတခု လုပ်နေတာကို တွေ့ရပြီး လမ်းလျှောက် ဆန္ဒ ဖော်ထုတ်သူတွေကို ဖိတ်ခေါ် ခဲ့တယ်လို့ မိုင်းမျိုးအောင် က ပြောပါတယ်။

ဒေသခံ ပလောင်(တအာင်း) လူထု ၇၀၀ ကျော်နဲ့ သံဃာအပါး ၃၀ ကျော်က နိုင်ငံတော်အလံနဲ့ ကြွေးကြော်သံ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး နမ့်ခမ်းမြို့ပေါ်ရှိ ပလောင်(တအာင်း) စာပေ ယဉ်ကျေးမှု ကော်မတီရုံးရှေ့မှ မန်ခမ်း ဘုရားလမ်းခွဲ အထိ နေလယ် ၁ နာရီက စတင်ပြီး ၃ နာရီကြာ စီတန်း လမ်းလျှောက် ဆန္ဒ ဖော်ထုတ် ခဲ့ကြတယ်လို့ သိရပါတယ်။

ဆန္ဒ ဖော်ထုတ်သူတွေရဲ့ လက်ထဲမှာ “မူးယစ် ဆေးဝါး ပပျောက်ရေး တို့အရေး”၊“မူးယစ်အန္တရာယ် ကာကွယ်ပေးရေး တို့အရေး” “ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ရပ်တန့်ရေး တို့အရေး” “မူးယစ် ဆေးဝါးကြောင့် နိုင်ငံ့ ဂုဏ်သိက္ခာ ကျဆင်းနေရပြီ”၊ “မူးယစ်ဆေးဝါးကြောင့် နိုင်ငံ့သားကောင်း ရတနာတွေ ပျက်စီး နေရပြီ”၊“မူးယစ်ဆေးဝါးကြောင့် အိမ်တွင်း အကြမ်းဖက်မှုတွေ များလာပြီ”၊ “ဘိန်း ဘယ်သူ ထုတ်လုပ်နေသလဲ” အစရှိတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ပြီး လမ်းတလျှောက် ဟစ်အော် ဆန္ဒပြ ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဘိန်းဖြူ၊ ဘိန်းမည်း အပါအဝင် စိတ်ကြွဆေးပြားတွေနဲ့ အခြား မူးယစ်ဆေးဝါးတွေကို နမ့်ခမ်းမြို့မှာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေကြ ပြီး မူးယစ်ဆေးဝါး ပပျောက်ရေး အတွက် လူထုက အုပ်စုလိုက် ဆန္ဒ ထုတ်ဖော် လိုက်တဲ့ အတွက် မူးယစ်ဆေးဝါး သုံးစွဲသူတွေနဲ့ ဖြန့်ဖြူး ရောင်းချသူတွေ အကြား တပ်လှန့်မှု တခု ဖြစ်လာတယ်လို့ မြို့ခံ တဦးက ပြောပါတယ်။

“ဒီမြို့မှာ မူးယစ်ဆေးဝါး ဘယ်နေရာ၊ ဘယ်အိမ်မှာ ရောင်းတယ် ဆိုတာ အသိဆုံးက ရဲတွေ၊ ရောင်းချသူတွေနဲ့ သုံးစွဲသူတွေပဲ၊ ဒါတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက လျစ်လျူရှု ထားပေမယ့် လူအများက လက်မခံဘူးဆိုတာ အခုလို လုပ်ပြလိုက်တော့ သူတို့ကို တပ်လှန့် လိုက်သလို ဖြစ်သွားတယ်၊ ဒီပွဲမှာ ကျနော် မပါနိုင်ပေမယ့် လက်ခုပ်တီးပြီး အားပေးခဲ့ပါတယ်”လို့ မိုင်းအောင်မြင့် က ဧရာဝတီကို ပြောပါတယ်။

နမ့်ခမ်းမြို့ အပါအဝင် ကွတ်ခိုင်၊ မန်တုံ၊ မူဆယ် စတဲ့ မြို့ပြတွေမှာ မူးယစ် ဆေးဝါးတွေ ရောင်းဝယ်၊ ဖြန့်ဖြူး သုံးစွွဲမှု တွင်တွင် ကျယ်ကျယ် လုပ်နေသလို အဲဒီ မြို့နယ်တွေထဲက ပြည်သူ့စစ် တပ်ဖွဲ့တွေ ထိန်းချုပ်တဲ့နေရာက တောင်တန်းတွေပေါ်မှာ ဘိန်းစိုက်ခင်း တွေ ရှိကြောင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ ပါဝင် လုပ်ဆောင်နေတဲ့ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ် မတော် (TNLA) ရဲ့ အထွေထွေ အတွင်းရေးမှူး မိုင်းဘုန်းကျော်ကလည်း ပြောပါတယ်။

“ဒီဆန္ဒ ဖော်ထုတ်ပွဲကို ကျနော်တို့ ကြိုဆိုပါတယ်၊ လူထုက အခုလို နိုးနိုးကြားကြား လုပ်ဆောင်လာတာကို တွေ့ရတာ ဝမ်းသာပါတယ်၊ ကျနော်တို့လည်း တိုက်ဖျက်နေတယ် ဆိုပေမယ့် လူထု ပါလာဖို့ လိုတယ်၊ ဒါပေမယ့် အစိုးရ ကိုယ်တိုင်က ထိထိရောက် ရောက် ဝိုင်းဝန်း ဆောင်ရွက်ဖို့ လိုတယ်၊ အာဏာပိုင်တွေ ကိုယ်တိုင်က လာဘ်ပေး၊ လာဘ်ယူမှုတွေနဲ့ စိုက်ပျိုး ထုတ်လုပ်ခွင့်တွေ ပေးနေဦးမယ် ဆိုရင်တော့ ဘိန်းနဲ့ မူးယစ်ဆေးဝါးတွေက အမြစ်ပြတ်ဦးမှာ မဟုတ်ဘဲ ကျနော်တို့ ပလောင် (တအာင်း) လူထုလည်း ဒီအန္တရာယ်ဇုန်က လွှတ်မြောက်နိုင်မှာ မဟုတ်ဘူး”လို့ မိုင်းဘုန်းကျော်က ဧရာဝတီကို ပြောဆိုပါတယ်။

TNLA အနေနဲ့ ၂၀၁၃-၂၀၁၄ ဘိန်း စိုက်ရာသီမှာ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နမ့်ခမ်း၊ ကွတ်ခိုင်နဲ့ မူဆယ် မြို့နယ်မှာ ဘိန်းခင်းပေါင်း ဧက ၄၀၀ ခန့် ဖျက်ဆီးနိုင်ခဲ့ပေမယ့် ပြည်သူ့စစ် တပ်ဖွဲ့တွေနဲ့ အစိုးရ စစ်တပ်တွေ လှုပ်ရှားနေတဲ့ နယ်မြေတွေမှာ ဝင်ရောက်ဖျက် ဆီးဖို့ အခက်တွေ့နေပြီး တချို့နေရာတွေမှာ ဆိုရင် တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ရှမ်းပြည်နယ်က ဘိန်းစိုက်ပျိုးမှု အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဒုတိယ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အများဆုံး နိုင်ငံအဖြစ် အာဖဂန်နစ္စတန် နိုင်ငံနောက်မှာ ရပ်တည်နေကြာင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နဲ့ ရာဇဝတ်မှု ဆိုင်ရာ ရုံး (UNODC) ရဲ့ ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ ဘိန်းစစ်တမ်း အစီခံစာမှာ ဖော်ပြထား ပါတယ်။

အဲဒီ အစီရင်ခံစာအရ ဘိန်းဖျက်ဆီး နှိမ်နင်းမှုတွေ လုပ်နေပေမယ့် မြန်မာနိုင်ငံရဲ့ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုက ၁၀ နှစ်ကျော် အတွင်း အမြင့်ဆုံး တိုးတက်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ ဟက်တာ ၅၁၀၀၀ ရှိရာက ၂၀၁၃ မှာ ဟက်တာ ၅၇၈၀၀ အထိ ၁၃ ရာခိုင်နှုန်း တိုးလာ တယ်လို့ စစ်တမ်းမှာ ပါရှိ ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading