ရန်ကုန်တိုင်း သင်္ဃန်းကျွန်း မြို့နယ်၌ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ပြုလုပ်ရန် အတွက် ပြည်ထောင်စု လွှတ်တော်က ကျပ် သိန်း ၁၀၀၀ ချထား ပေးလိုက်ကြောင်း သိရသည်။
သင်္ဃန်းကျွန်း ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်း ကော်မတီသို့ ဖေဖော်ဝါရီ ၃ ရက်က ချပေးလိုက်ခြင်း ဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ ပါတီသစ် (NNDP)က ပြောသည်။
နိုင်ငံတော် သမ္မတ၏ လမ်းညွှန်ချက်ဖြင့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ဒေသခံ ပြည်သူများနှင့် သက်ဆိုင်ရာ ပါတီ အသီးသီးနှင့် ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များက မြို့နယ် ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီ တရပ် ဖွဲ့စည်းကာ ဆောင် ရွက်ခဲ့ခြင်း ဖြစ်သည်။
မြို့နယ် ဖွံ့ဖြိုးရေး ရန်ပုံငွေများ ပေးအပ်ရာတွင် ဒေသ၏ သောက်သုံးရေ ရရှိရေး၊ လမ်းများ၊ တံတားများ ပြုပြင် ဆောက်လုပ်ခြင်း၊ ပညာရေး ဆိုင်ရာ အဆောက်အအုံ ပြုပြင်ခြင်း၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အအုံ ပြုပြင် တည်ဆောက်ခြင်းနှင့် မြို့နယ် အတွင်း ပြည်သူလူထု၏ လိုအပ်ချက်များအား ဦးစားပေး ဆောက်ရွက်ရန် အတွက် ရန်ပုံငွေ ချထားပေးခြင်း ဖြစ်ကြောင်း သိရသည်။
သင်္ဃန်းကျွန်း တွင် သောက်သုံးရေ ရရှိရေး အတွက် လုပ်ငန်း ၁၀ ခု၊ လမ်းတံတား တည်ဆောက်ခြင်းနှင့် ရေနုတ်မြောင်းများ ပြုပြင် တူးဖော်ခြင်း ၂၁ ခု၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ပြုပြင် တည်ဆောက်ခြင်း လုပ်ငန်း ၁၆ ခု၊ ကျန်းမာရေး ဆိုင်ရာ အဆောက် အအုံများ ပြုပြင် တည်ဆောက်ခြင်း ၃ ခုနှင့် အခြား လုပ်ငန်း ၁၆ ခုတို့အတွက် ကျပ်သိန်း ကိုးရာကျော်ကို သက်ဆိုင်ရာ ရပ်ကွက် ဖွံ့ဖြိုးရေး ကော်မတီဝင်များထံသို့ ပြန်လည် ခွဲဝေ ချထားပေးခဲ့သည်ဟု NNDP က ပြောပြသည်။
“ရပ်ကွက် အဖွဲ့တွေက တင်ပြလာတဲ့ အဆိုပြုလွှာတွေ အပေါ်ကို လွှတ်တော် ကိုယ်စားလှယ်တွေ ပါဝင်တဲ့ မြို့နယ် အထောက် အကူပြု အဖွဲ့တွေက ကိုယ်တိုင် စစ်ဆေးပြီး သွားပါပြီ။ တကယ် လိုအပ်တဲ့ နေရာတွေကို ဘတ်ဂျက်ငွေ ချထားပေးတာပါ”ဟု NNDP ရုံးအဖွဲ့မှူး ဖြစ်သည့် ဦးဇော်မျိုးထွန်းက ဧရာဝတီကို ပြောသည်။
ပြည်ထောင်စု လွှတ်တော်က ပေးအပ်သည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ အား သုံးစွဲရန် အတွက် သင်္ကန်းကျွန်း မြို့နယ်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် ဖွံ့ဖြိုးရေး ကော်မတီဝင်များက မြို့နယ်အတွင်း ကွင်းဆင်း လေ့လာမှု လေးကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ သုံးစွဲမှု အစီရင်ခံစာကို ဇန်နဝါရီ ပထမပတ် အတွင်း လွှတ်တော်သို့ အစီရင်ခံစာ တင်ပြခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
သင်္ဃန်းကျွန်း မြို့နယ်သို့ ချထားပေးသည့် ကျပ်သိန်း ၁၀၀၀ မှ ကျပ်သိန်း ကိုးရာ ကျော် သုံးစွဲမည် ဖြစ်ပြီး ပိုငွေ ကျပ် ၂၂ သိန်း ကို ရပ်ကွက် အသီးသီး၌ လုပ်ငန်း လိုအပ်ချက်အလိုက် ထပ်မံ သုံးစွဲသွားရန် စီစဉ်ထားသည်ဟုလည်း သိရသည်။
ပြည်ထောင်စု လွှတ်တော်က ပေးအပ်သည့် ကျပ်သိန်း ၁၀၀၀ ကို ယခုဘဏ္ဍာနှစ် အတွင်း သုံးစွဲနိုင်ခြင်း မရှိပါက အရန် ပိုငွေများအား မတ် ၁၅ ရက်၌ ဖွံ့ဖြိုးရေး လုပ်ငန်း ကော်မတီထံသို့ ပြန်လည် ပေးသွင်းသွားရမည် ဖြစ်ကြောင်း သိရသည်။
“သိန်း ၁၀၀၀ ကို ဒီဘဏ္ဍာရေးနှစ် အတွင်းမှာ ကုန်အောင် သုံးရမယ်လို့ ဆိုထားတယ်။ ကုန်အောင် မသုံးနိုင်ရင် ပိုတဲ့ ငွေကို ဖွံ့ဖြိုးရေး လုပ်ငန်း ကော်မတီကို ပြန်လည် ပေးအပ်ရမယ်”ဟု ဦးဇော်မျိုးထွန်းက ပြောသည်။
အရသုံးခန့်မှန်းခြေ ငွေစာရင်း၏ လက်ရှိ ဘဏ္ဍာရေးနှစ် အတွက် ခွဲဝေ ချထားပေးသည့် ရန်ပုံငွေကို ဘဏ္ဍာရေးနှစ် ကျော်လွန်၍ ဆက်လက် သုံးစွဲခွင့် မရှိသဖြင့် ကော်မတီသည် ပိုလျှံငွေ ကျန်ရှိခဲ့ပါက ယင်းပိုလျှံငွေများကို ပြန်လည် အပ်နှံရန် ဆောင်ရွက် ရမည်ဟု ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်က ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ထုတ်ပြန် အသိပေး ထားသည် ကို တွေ့ရသည်။
ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်အများစုသည် ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် သိန်း ၁၀၀၀ အား ရရှိပြီး ဖြစ်သကဲ့သို့ မြို့နယ် အနည်းစု သာ အဆိုပြုလွှာများ တင်သွင်း လျှောက်ထားဆဲ ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သည့် ဒေါက် တာ ညိုညိုသင်းက ပြောသည်။
“အန်တီတို့က ဒီဇင်ဘာ ပထမပတ်ထဲမှာ တင်တယ်၊ တတိယ ပတ်လောက်မှာ ကျလာတယ်။ လုပ်ငန်းက ၉၀ ရာခိုင်နှုန်း လောက် တော့ ပြီးနေကြပြီ။ ငွေ ကတော့ ၃၀ ရာခိုင်နှုန်း ဘဏ်ထဲမှာ ကျန်သေးတယ်။ ဒါတွေကို လိုအပ်တဲ့ နေရာတွေကို ထပ်ပြီး ပေးသွားမှာပါ”ဟု ၎င်းက ဆိုသည်။
ပြည်ထောင်စု လွှတ်တော်က ဘဏ္ဍာငွေများ ချထား ပေးပြီးနောက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ရှိမရှိကို စစ်ဆေးရေး အဖွဲ့များဖြင့် စစ်ဆေး သွားမည်ဖြစ်ပြီး ကိုယ်ကျိုး သုံးစွဲမှုများ ဖြစ်ပေါ်ပါက ထိရောက်စွာ အရေးယူသွားမည့် အပြင် ငွေကြေး သုံးစွဲမှု အစီရင်ခံစာအား စာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စု လွှတ်တော်နှင့် အခြား သက်ဆိုင်ရာ ဌာနများသို့ တင်ပြသွား ရမည် ဟု သိရသည်။
ပြည်ထောင်စု လွှတ်တော်က တမြို့နယ်လျှင် ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် သိန်း ၁၀၀၀ ကို တနိုင်ငံလုံးရှိ မြို့နယ် ၃၃၀ ကျော် အတွက် ချထားပေးခဲ့ပြီး အဆိုပါ ရန်ပုံငွေများ စိစစ်ရေးအတွက် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း ကိုယ်တိုင် ဥက္ကဋ္ဌ အဖြစ် ပါဝင်ပြီး လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သော ရန်ပုံငွေ စိစစ်ရေး ကော်မတီ ဖွဲ့စည်းပြီး မြို့နယ် အလိုက် ဖွံ့ဖြိုးရေး ရန်ပုံငွေ သုံးစွဲမှုများကို စိစစ်ခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်း မြို့နယ် အပါအဝင် တချို့သော မြို့နယ်များသည် ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေ သိန်း ၁၀၀၀ မှာ လုံလောက်မှု မရှိသဖြင့် ၂၀၁၄ ခုနှစ်တွင် ဖွံ့ဖြိုးရေးရန်ပုံငွေ တိုးမြှင့်ချထားပေးရန် အဆို တင်သွင်းသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦး ဖြစ်သည့် ဦးသိန်းညွန့်က မီဒီယာသို့ ပြောဆို ခဲ့သည်။
သင်္ဃန်းကျွန်း မြို့နယ် အတွင်း ရပ်ကွက်ပေါင်း ၃၈ ရပ်ကွက် ရှိရာမှ ၃၄ ရပ်ကွက် အတွက်သာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ရန်ပုံငွေကို တင်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သင်္ဃန်းကျွန်း မြို့နယ်တွင် အိမ်ခြေပေါင်း ၂၇၅၀၀၊ အိမ်ထောင်စုပေါင်း ၃၅၃၃၅၊ လူဦးရေပေါင်း ၁၈၇၅၂၁ နှင့် တ စတုရန်း ကီလို မီတာ အတွင်း နေထိုင်သူ ၁၆၃၁၄ ဦး ရှိကြောင်း သိရသည်။
လတ်တလောတွင် သင်္ဃန်းကျွန်းဈေး လမ်းပိုင်မြေတွင် အဆောက်အအုံ တည်ဆောက်နေခြင်းနှင့်ပတ်သက်ပြီး ရပ်ကွက်နေသူများ၊ ဈေးသူဈေးသားများနှင့် ရန်ကုန်မြို့တော် အရှေ့ပိုင်းခရိုင် စည်ပင်သာယာရေး ကော်မတီတို့ အကြား အငြင်းပွားမှု ဖြစ်နေသည်။